Homeငြိမ်းချမ်းရေးကရင်သဘာဝဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူ စောသာဘိုးအား ဖမ်းဝရမ်းထုတ်မှုအပေါ် အရပ်ဖက်လူမှုအဖွဲ့များ ကန့်ကွက်

ကရင်သဘာဝဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူ စောသာဘိုးအား ဖမ်းဝရမ်းထုတ်မှုအပေါ် အရပ်ဖက်လူမှုအဖွဲ့များ ကန့်ကွက်

-

မွန်သတင်းအေဂျင်စီ(မတ်လ ၉)

ကရင်ရိုးရာနှင့် ဘာသာရေးဓလေ့အရ ဆုတောင်းပွဲတွင်ပါဝင်ခဲ့သည်ဟုယူဆရသော ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုလှုပ်ရှားမှုကွန်ယက် KESAN တက်ကြွလှုပ်ရှားသူ စောသာဘိုးအား ရာဇသတ်ကြီးဥပဒေပုဒ်မ “၅၀၅ (ခ)” နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် သက်ဆိုင်ရာမှ ဖမ်းဝရမ်းထုတ်သည့်အပေါ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံမြစ်ချောင်းများကွန်ယက် BRN နှင့် သံလွင်မြစ်ထိန်းသိမ်းရေးကွန်ယက် SSN ပြောခွင့်ရ စောလင်းစိန်က “ဒီမတရားတဲ့ဥပဒေ ၅၀၅(ခ) နဲ့ တရားစွဲဆိုထားတဲ့ စောသာဘိုးကို ကရင်ပြည်နယ်အစိုးရအနေနဲ့ ပြန်ရုတ်သိမ်းပေး၊ ဒါမှမဟုတ် တာဝန်ယူဖြေရှင်းပေးဖို့ပေါ့နော်၊ နောက်တစ်ချက်ကတော့ ကရင်ပြည်နယ်အစိုးရအနေနဲ့ ဒီလိုမျိုးတက်ကြွလှုပ်ရှားသူတွေ ဒေသခံတွေကို ဥပဒေပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုနေခြင်းဟာ အစိုးရအနေနဲ့ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေအပေါ်မှာ အနှောက်အယှက်ဖြစ်စေနိုင်တဲ့အတွက်ကြောင့် သဘောထားထုတ်ပြန်တာဖြစ်တယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။   

ရေရှည်တည်တံ့သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ထောင့်တစ်နေရာမှ ပါဝင်နေသည့် သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းကာကွယ်မြှင့်တင်မှုအရေးတွင် တက်ကြွလှုပ်ရှားသူ စောသာဘိုးအား တရားစွဲဆိုမှုမပြုရန်။ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ ဌာနေတိုင်းရင်းသားအခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများကို အသိအမှတ်ပြု တန်ဘိုးထားလေးစားရန်။ ၂၀၂၀ ရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာပြုလုပ်နိုင်ရေး လူမျိုးရေးပဋိပက္ခနှင့် လူ့အခွင့်အရေးချိုးဖောက်မှုမဖြစ်အောင်ရှောင်ကျဉ်ရန်။ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖက်ဒရယ်တည်ဆောက်ရေးလုပ်ငန်းစဉ်များကို အဟန့်အတားဖြစ်စေသည့်လုပ်ဆောင်ချက်များရှောင်ကျဉ်ရန် စသည့်အချက်(၄) ချက်ပါ သဘောထားထုတ်ပြန်ချက်ကို မတ်လ(၉) ရက်နေ့စွဲဖြင့် BRN/SSN မှ ထုတ်ပြန်ခဲ့ကြောင်း တွေ့ရှိရသည်။ 

ထို့အတူ နိုင်ငံ၏အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုကာလအတွင်းတွင် မတရားသောဥပဒေပုဒ်မအမျိုးမျိုးတပ်ကာ ဒေသခံပြည်သူများနှင့် ဌာနေတိုင်းရင်းသားများ၏ သဘာဝပတ်ဝန်းကျင်အရေးကာကွယ်ထိန်းသိမ်း တက်ကြွလှုပ်ရှားဆောင်ရွက်သူများအား တရားစွဲဆိုဖမ်းဆီးအရေးယူရန် လုပ်ဆောင်နေမှုများသည် ဒီမိုကရေစီ၏ကျင့်ဝတ်ကျင့်ထုံးများကို ချိုးဖောက်ရာရောက်သည့်အတွက်ကြောင့် စောသာဘိုးအား တရားစွဲဆိုသောအမှုကို ချက်ချင်းပြန်ရုတ်သိမ်းပေးရန်နှင့် ဒီမိုကရေစီအစိုးရအနေဖြင့် တာဝန်ယူဖြေရှင်းပေးရန် အလေးအနက်တောင်းဆိုကြောင်း မြန်မာ့သတ္ထုမိုင်းစောင့်ကြည့်ရေးကွန်ယက် MMWN ကလည်း မတ်လ (၈) ရက်နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

MMWN Coordinator Team အဖွဲ့ဝင် ကိုထွမ်းအိုင်း (Thum Ai) က “ကျနော်တို့လက်ရှိ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီစံနစ်ဖော်ဆောင်နေတဲ့နေရာမှာ ကိုယ့်ရဲ့ကိုယ်ပိုင်ထုတ်ဖော်ပြောဆိုခွင့်၊ ဒီအခွင့်အရေးတွေ ကျနော်တို့တိုင်းရင်းသားတွေမှာ ပျောက်ဆုံးနေတယ်လို့ ကျနော်တို့တွေ့ရတာပေါ့နော်၊ ရေသောက်သုံးလို့မရတော့ဘူးဆိုတာကို သက်ဆိုင်ရာမှာ ထုံးစံအတိုင်း သွားပြောပြခဲ့တာလည်း မရခဲ့တာကြောင့်မို့ ဓလေ့ထုံးဓမ်းနည်းအရ ဆုတောင်းခဲ့တာကို ဖမ်းဝရမ်းထုတ်တယ်ဆိုတာ ဒါက မလုပ်သင့်တဲ့အရာပေါ့နော်” ဟု ဆိုသည်။  

ဘားအံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာတရားရုံးသို့ ရာဇသတ်ကြီးဥပဒေပုဒ်မ “၅၀၅ (ခ)” အရ ဦးတိုက်လျှောက်ထား၍ ပြီးခဲ့သည့် မတ်လ (၆) ရက်နေ့ ညနေပိုင်းတွင် ရဲတပ်ဖွဲ့မှ ဖမ်းဝရမ်းဖြင့် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးသော်လည်း စောသာဘိုးခရီးလွန်နေသဖြင့် ဖမ်းဆီးမိခြင်းမရှိသေးပေ။

အဆိုပါ အန္တရယ်ကင်း မေတ္တာပို့ဆုတောင်းပွဲသည် ကရင်ရိုးရာဓလေ့နှင့် ဘာသာရေးဓလေ့အရ မြိုင်ကလေးဒေသရှိ ကျေးရွာများမှဘုန်းတော်ကြီးများနှင့် ဒေသခံများမှပြုလုပ်သော ဆုတောင်းပွဲသာ ဖြစ်ပြီး မိမိဦးဆောင်ပြုလုပ်သည့်ပွဲမဟုတ်ကြောင်း စောသာဘိုးက RFA သတင်းဌာနသို့ ပြောကြားခဲ့သည်။

သို့ရာတွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ လူတစ်စု ကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်စေခြင်း တစ်ခုခုဖြစ်စေရန် ဆန္ဒဖော်ထုတ်မှု ပြုခဲ့သည်ဖြစ်၍ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ အရ ရာဇဝတ်ပြစ်ဒဏ် ပြုကျင့်ကျူးလွန်သဖြင့် ထောင်ဒဏ်(၂) နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

Photo- ကရင်သဘာဝဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူ စောသာဘိုး (SSN)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts