Homeသတင်းဆိုင်ကယ်များ မွန်ပြည်နယ်လိုင်စင်ပြုလုပ်ရလွယ်ကူသော်လည်း ဒဏ်ကြေး ၅၀% များပြားဟုဆို

ဆိုင်ကယ်များ မွန်ပြည်နယ်လိုင်စင်ပြုလုပ်ရလွယ်ကူသော်လည်း ဒဏ်ကြေး ၅၀% များပြားဟုဆို

-

မွန်သတင်းအေဂျင်စီ(ဖေဖော်ဝါရီ ၆)

မွန်ပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် တရားမဝင်မော်တော်ဆိုင်ကယ်များကို ပြည်နုယ်အတွင်းမှာသာ စီးနင်းခွင့်ရှိသည့် မွန်လိုင်စင်ပြုလုပ်ရလွယ်ကူသော်လည်း ဒဏ်ကြေးငွေ ၅၀% အထိပေးဆောင်ရသည်မှာ ကုန်ကျငွေများပြားကြောင်း ဒေသခံများက ဆိုသည်။

မော်လမြိုင်မြို့ ဟု ပန်းပဲတန်းရပ်ကွက်နေ ကိုတင်ထွဋ်က “ဆိုင်ကယ်လိုင်စင်လုပ်တာက လွယ်တယ်။ အခက်အခဲရှိတာက Percentage နည်းနည်းများနေတယ်။ အခုက ၅ဝ ရာခိုင်နှုန်းဆိုတော့ ဥပမာ ဆိုင်ကယ်က ဆယ်သိန်းဆိုရင် လိုင်စင်ကြေးက ငါးသိန်းဖြစ်နေတယ်” ပြောသည်။

ထိုင်းနိုင်ငံထုတ် 125cc-2019 Model မော်တော်ဆိုင်ကယ်တစ်စီးလျင် လိုင်စင်ဒဏ်ကြေးငွေကျပ် ၁၁ သိန်းပေးဆောင်ရကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက “ မွန်ပြည်နယ်တစ်ခုလုံးမှာ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်တွေကို ဆောင်ရွက်ပြီးစီးတဲ့အရေအတွက်က ၆၇၄၃ စီးရှိပြီးဖြစ်ပါတယ်၊ အဓိကကျနော်တို့ကောက်ခံရရှိတဲ့ဒဏ်ကြေးလိုပြောရမယ် တနည်းအားဖြင့်လိုင်စင်ကြေးပေါ့လေ ကောက်ခံရရှိတဲ့ငွေကြေးကတော့ ၁ ဒဿမ ၈၅၄ ဘီလီယံ  (185,400,000,000 MMK) လောက်ရှိပြီ” ဟု သတင်းမီဒီယာများကို ပြောသည်။

လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို OSS (One Stop Service)ပုံစံဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်မှ လိုင်စင်စတင်ထုတ်ပေးခဲ့ပြီး လာမည့်မတ်လ ၁၁ ရက်ထိ နောက်ဆုံးထား ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

အဆိုပါ စီမံကိန်းကို သက်ဆိုင်ရာပြည်ထောင်စုရုံးချုပ်မှ ညွှန်ကြားချက်အရ ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ လွန်ခဲ့သည့် အနှစ် ၂၀ ဝန်းကျင်ခန့်က နဝတအစိုးရလက်ထက်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို ဒဏ်ကြေးဆောင်ပြီး ပြည်နယ်လိုင်စင်များပြုလုပ်စေပြီးနောက် တစ်နိုင်ငံလုံးစီးနင်းနိုင်သည့် “ယ” လိုင်စင်များကို ဆက်လက်ပြုလုပ်သောအခါ နောက်တစ်ကြိမ် ဒဏ်ကြေးထပ်မံဆောင်ခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့သည်။

OSS (One Stop Service)ပုံစံဖြင့် လိုင်စင်ပြုလုပ်ပေးနေစဉ်(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts