Homeသတင်းနိုင်ငံရေးပါတီများအပေါ် လူထုယုံကြည်မှုကျဆင်းလာကြောင်း PACE အဖွဲ့ စစ်တမ်းဖော်ပြ

နိုင်ငံရေးပါတီများအပေါ် လူထုယုံကြည်မှုကျဆင်းလာကြောင်း PACE အဖွဲ့ စစ်တမ်းဖော်ပြ

-

စန္ဒာဉာဏ် (မော်လမြိုင်၊ အောက်တိုဘာ ၃၁)

လွန်ခဲ့သော ၃ နှစ်နှင့်နှိုင်းယှဉ်ပါက နိုင်ငံရေးပါတီများအပေါ် ပြည်သူလူထု၏ ယုံကြည်မှုကျဆင်းလာကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (People’s Alliance for Credible Elections) ၏ ယခုနှစ်တွင် ကောက်ယူထားသော “၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်” စစ်တမ်းအရ သိရသည်။

PACE အဖွဲ့မှ ၂၀၁၆ ခုနှစ်တွင် ကောက်ယူထားသော စစ်တမ်းတွင် နိုင်ငံရေးပါတီများအပေါ် ပြည်သူလူထု၏ ယုံကြည်မှု ၅၄ ရာခိုင်နှုန်းရှိခဲ့ရာ ယခုနှစ်တွင် ၃၆ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်ဟု ၂၀၁၉ ခုနှစ် မတ်လတွင် ကောက်ယူထားသောအဆိုပါစစ်တမ်း၌ ဖော်ပြထားသည်။

“ဒီစစ်တမ်းဟာ ၂၀၂၀ နိုင်ငံရေးအခင်းအကျင်းအတွက် ပြင်ဆင်နိုင်အောင်လုပ်တဲ့ စစ်တမ်းဖြစ်တယ် ဒီစစ်တမ်းရဲ့တွေ့ရှိချက်တွေဟာ နိုင်ငံရေးပါတီတွေအတွက် အရေးကြီးတဲ့ အနေအထားဖြစ်တယ်။ နိုင်ငံရေးမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့အချိန်မှာ ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေကြားမှာ မူဝါဒပိုင်းတွေပေါ်မှာ အခြေခံတဲ့ အပေးအယူမျိုးတွေကို ကျွန်တော်တို့ အားပေးတယ် ဒါမှသာလျှင် ကျွန်တော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးမှုဟာ အားကောင်းမယ်လို့ ယူဆတယ်” ဟု ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့၏ စီမံကိန်းအစီအစဉ်မန်နေဂျာ ဦးဟန်စိုးထွန်းကပြောသည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၉ ခုနှစ် စစ်တမ်းနှိုင်းယှဉ်ချက်တွင် နိုင်ငံရေးပါတီများသာမက လူမှုဘဝကို လွှမ်းမိုးထားသည့် အဖွဲ့အစည်းများဖြစ်သည့် နိုင်ငံတော်သမ္မတ၊ ဘာသာရေးခေါင်းဆောင်၊ ပြည်ထောင်စုအဆင့်လွှတ်တော်၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲကော်မရှင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (စစ်တမ်းနှိုင်းယှဥ◌်ချက်တွင် ပါဝင်သော အဖွဲ့အစည်းအားလုံး) တို့အပေါ်တွင်လည်း ပြည်သူလူထု၏ ယုံကြည်မှုကျဆင်းလာကြောင်း ၎င်းက ဆက်ပြောသည်။

“၂၀၁၅ ခုနှစ်မှာ ပြည်သူလူထု အယုံကြည်ဆုံးက NLD ပဲ။ ပြီးတော့ ဩဇာအရှိဆုံးက NLD ခေါင်းဆောင်ပဲ ဒါပေမယ့် အခုသူတို့အုပ်ချုပ်လာတာ ၄ နှစ်ကျော်ပြီဆိုပေမယ့်လည်း ကောင်းမွန်တိုးတက်လာတာ ဘာမှမရှိဘူး။ NLD ပါတီတောင်မှ ဒီလိုဖြစ်နေတော့ တခြားပါတီဆိုရင် ပိုပြီးဆိုးမယ်လို့ ပြည်သူလူထုဘက်က ထင်တဲ့အတွက်ကြောင့် နိုင်ငံရေးပါတီတွေအပေါ် ယုံကြည်မှု ကျဆင်းလာတာပေါ့နော်” ဟု မွန်ညီညွတ်ရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်စံလှိုင်က ပြောသည်။

ဥပမာအားဖြင့် ယခင်အစိုးရနှင့်နှိုင်းယှဉ်လျှင် NLD အစိုးရလက်ထက်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မှာ ပိုမိုကျဆင်းလာကြောင်း ၎င်းကဆိုသည်။

ကရင့်ရေးရာကော်မတီ အတွင်းရေးမှူး စောကျော်စွာက “၂၀၂၀ မဲရွေးတဲ့အခါမှာ အဓိကက ဘာသာရေးတို့ လူမျိုးရေးတို့ မကြည့်ဘဲနဲ့ ပြည်သူလူထုအကျိုးစီးပွားကို တကယ်ဆောင်ကြဉ်းနိုင်မယ့် တကယ်ပြည်သူလူထုအကျိုးစီးပွားကို အာမခံချက်ပေးနိုင်မယ့် မူဝါဒချမှတ်ပေးနိုင်တဲ့ပါတီကိုပဲ အဓိကထားပြီးရွေးချယ်ရင် အကောင်းဆုံးပဲဖြစ်တယ်” ဟု ပြောသည်။

နိုင်ငံရေးပါတီများအနေဖြင့် လိမ္မာပါးနပ်ဖို့ လိုအပ်ကြောင်း၊ ပြည်သူလူထုမကြိုက်သည့်ကိစ္စကို ရှောင်ရှားပြီး အကောင်းဆုံနည်းလမ်းဖြင့် ဆောင်ရွက်သင့်ကြောင်း ၎င်းကဆက်ပြောသည်။

ယခုစစ်တမ်းသည် PACE အဖွဲ့၏ ၅ ခုမြောက်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်း ၁၄ ခုရှိ ရပ်ကွက်နှင့်ကျေးရွာ ၅၁၁ ခုမှ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၃၀၀၀ နီးပါးကို မေးမြန်းခဲ့ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသည့်ဒေသများကိုမူ စစ်တမ်းကောက်ယူခွင့်မရခဲ့ကြောင်း၊ ယင်းစစ်တမ်းတွေ့ရှိချက်အစီရင်ခံစာ ထုတ်ပြန်သည့်အခမ်းအနားကို မော်လမြိုင်မြို့တွင် အောက်တိုဘာ ၂၈ ရက်နေ့က ကျင်းပခဲ့သည်။

Photo- PACE အဖွဲ့ အစီရင်ခံစာထုတ်ပြန်သည့်အခမ်းအနား(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts