spot_img
Monday, May 6, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးအကြောင်းအမျိုးမျိုးကြောင့် အပစ်ရပ်စာချုပ် NCA ပျက်ပြယ်သွားနိုင်သည်

    အကြောင်းအမျိုးမျိုးကြောင့် အပစ်ရပ်စာချုပ် NCA ပျက်ပြယ်သွားနိုင်သည်

    -

    ဗညားအောင်

    နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရလက်ထက် ၁၉၈၉-၉၇ ခုနှစ်အတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင် (၁၇)ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ တနည်းအားဖြင့် ထိုစဉ်က ငြိမ်းချမ်းရေး ကတိကဝတ်တို့ ရယူထားနိုင်ခဲ့သည်။

    သို့သော်လည်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပေါ်ပေါက်လာသည့်အခါ အလိုလို ပျက်ပြယ်သွားခဲ့သည်။

    သဘောတူညီချက်များ မည်သည်အတွက်ကြောင့် ပျက်ပြယ်ခဲ့ရသည်ကို  ပါဝင်ပတ်သက်ခဲ့သူ တချို့အား လက်လှမ်း မီသလောက် မေးမြန်းကြည့်သည့်အခါမှာလည်း တိကျရေရာသော အဖြေမပေးနိုင်ခဲ့ဘဲ အကြောင်း အမျိုးမျိုးကြောင့်သာ ပျက်ပြယ်ခဲ့ရသည်ဟု ဆိုကြသည်။

    ထို့နောက် သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် ကရင်(KNU)၊ (DKBA)၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ သျှမ်း (RCSS)၊ ပအိုဝ်း (PNLO)၊ ချင်း (CNF)၊ ရခိုင် (ALP)၊ ကျောင်း သားတပ် (ABSDF) စသည့် လက်နက်ကိုင် (၈) ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA ကို စတင် လက်မှတ်ရေးထိုးခဲ့သည်။

    တဖန် မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ကလည်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ထပ်မံ လက်မှတ်ထိုးခဲ့သည့်အတွက် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀) ဖွဲ့ဖြစ်လာသည်။

    ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်က ကျင်းပခဲ့သော သုံးနှစ်ပြည့် NCA နှစ်ပတ်လည်နေ့တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် NCA ထိုး ၁၀ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များ ၁၀+၁၀ ဆွေးနွေးပွဲကို တဆက်တည်း ကျင်းပခဲ့ကြသည်။

    ထိုအစည်းအဝေးတွင် ခွဲမထွက်ရေးနှင့် တစ်ခုတည်းသော တပ်မတော် လက်ခံရေးအပေါ် နှစ်ဖက်ကြား သဘော ထားများ ကွဲလွဲခဲ့ကြပြီးနောက် တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများ ရပ်တန့်ခဲ့ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ အစည်းအဝေးလည်း ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက တတိယအကြိမ် ကျင်းပအပြီး ယနေ့ (၂၀၁၉ ခုနှစ်၊အောက်တိုဘာ ၃၁ ရက်ထိ) ချိန်ထိ စတုတ္ထအကြိမ်ကို မကျင်းပနိုင်ဘဲ ဖြစ်နေသည်။

    NCA သုံးနှစ်ပြည့် နှစ်ပတ်လည်နေ့အကြောင်း တွေးကြည့်သည့်အခါမှာ ၁၀+၁၀ ထိပ်သီး အစည်းအဝေး ပထမနေ့ နံနက်ပိုင်း ဖွင့်ပွဲပြီးသည့်နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ မွန်းလွဲပိုင်း အစည်းအဝေး မတက်ရောက်သည့်ဖြစ်စဉ်က အကြောင်း အမျိုးမျိုးကြောင့် အမှတ်ရစရာလည်း ဖြစ်နေသည်။

    ယခု NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကိုလည်း အာဏာပါဝါ အမြင့်ဆုံးရှိကြသော အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် အမှန်တကယ် NCA လက်မှတ်ရေးထိုးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့ကို ကျော်လွန်၍ အောက်တိုဘာ ၂၈ သို့ ရက်ပြောင်း ကျင်းပရသည်လည်းမှာ အကြောင်း အမျိုးမျိုး ကြောင့် ဖြစ်နိုင်သည်။

    အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ယာယီ ခေါင်းဆောင် တာဝန်ယူထားရသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ အနေဖြင့် NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား မတက်ရောက်ဖြစ်ခဲ့သည်မှာ အကြောင်းအမျိုးမျိုးပြစရာ ဖြစ်လာ ပြန်သည်။

    ဗိုလ်ချုပ်ကြီးယွက်စစ်က “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် (ဒေါ်အောင်ဆန်းစုကြည်) တို့ တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် (ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်) တို့နဲ့ တွေ့ဆုံဖို့ကလည်း ကျနော်တို့ ငြိမ်းချမ်းရေးကော်မရှင်ကို ညှိနှိုင်းထားပြီး ဖြစ်ပါ တယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း ဒီကိစ္စကို ကြိုတင်ပြီး သိထားပြီး ဖြစ်ပါတယ်။ ကျနော်တို့ တွေ့ဆုံ နိုင်မယ်ဆိုရင် တပ်မတော်ဘက်က ဖြစ်လိုတဲ့ အကြောင်းအရာ၊ ကျနော်တို့ ဘက်က လိုလားတဲ့ အကြောင်း အရာတွေကို ကျနော်တို့ ဒူးတိုက် ဆွေးနွေးပြီးတော့ ဖြေရှင်းနိုင်ကြမှာ ဖြစ်ပါ တယ်။ တိုင်းမှူးက ကျနော်တို့ရဲ့ ခရီးစဉ်ကို ပိတ်ပင်တားဆီးတဲ့ အတွက်ကြောင့်မို့ ကျနော်တို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လှေကြီးက မှောက်သွားသလောက်ကို ဖြစ်ပါတယ်” ဟု ၂၀၁၉ ခုနှစ်၊အောက်တိုဘာ ၂၇ ရက် ထိုင်းနိုင်ငံ တစ်နေရာမှာ သတင်းစာ ရှင်းလင်းပွဲလုပ်ကာ ပြောသွားသည်။

    ထို့ပြင် NCA ရေးထိုးထားသည့်အဖွဲ့များမှ နုတ်ထွက်သွားလိုက နုတ်ထွက် သွားနိုင်သည်ဟု NCA-S EAO ညှိနှိုင်းရေးအဖွဲ့ဝင် တချို့အား ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုခဲ့ကြောင်း RCSS ထုတ်ပြန်ထားသည်။

    NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် မိန့်ခွန်း တက်ရောက်ပြောကြားသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အကြောင်းအမျိုးမျိုးပြပြီး မတက်ရောက်နိုင်တဲ့ အဖွဲ့များဟာလည်း ၎င်းတို့အကြောင်းနဲ့ ၎င်းတို့သာဖြစ်ပါလိမ့်မယ်” ဟု ထည့်ပြောသွားခဲ့သည်။

    NCA လေးနှစ်ပြည့် အခမ်းအနားမိန့်ခွန်းများကို လေ့လာကြည့်ပါက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးတွင် နိုင်ငံတော်အတိုင်ပင်ခံနှင့် တပ်ချုပ်တို့အကြား သဘောထားအမြင်များ အတော်ကွာဟနေသည်ကို တွေ့ရသည်။

    ဗိုလ်ချုပ်ကြီး ယွက်စစ် NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား မတက်ရောက်နိုင်သဖြင့် ၎င်း၏ကိုယ်စား ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက မိန့်ခွန်း ပြောခဲ့ရသည်။

    ထိုမိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက  “NCA ချုပ်ဆိုနိုင်ခဲ့တာ ၄ နှစ်ပြည့် လွန်မြောက်လာခဲ့ပြီး ဖြစ်ပါ တယ်၊ သို့သော်လည်း အခုထက်ထိ တိုးတက်မှု များများစားစား မရှိသေးတာက သံသယတွေ၊ စိုးရိမ်မှုတွေ၊ ယုံကြည်မှုတွေ အားနည်းနေပြီး အာဃာတတရားတွေ အားကောင်းနေသေးတယ်လို့ မြင်မိတယ်” ဟု ထောက်ပြ ပြောသွားခဲ့သည်။

    ဗိုလ်ချုပ်ကြီး ယွက်စစ် နေပြည်တော်သို့ လာရောက်နိုင်ခြင်း မရှိသဖြင့် (၈) ကြိမ်မြောက် NCA အကောင် အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေး(JICM) လည်း ကြိုတင် စီစဉ်ထားသည့်အတိုင်း လတ်တလော ကျင်းပဖြစ်မည် မဟုတ်သလို တဖန်ယုံကြည်မှု ပြန်လည်တည်ဆောက်ရန် အချိန် မည်မျှယူရဦးမည်ကို မခန့်မှန်း တတ်ပေ။

    ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် အမြင့်ဆုံး အဆင့်ဖြစ်သော အစိုးရ၊ လွှတ်တော်၊ တပ်မတော်ပါဝင်သည့် အစိုးရ ထိပ်တန်း ခေါင်းဆောင် အကြီးအကဲများနှင့် အရေအတွက် တူညီသော NCA-S EAO ထိပ်သီး ခေါင်းဆောင်များ တက်ရောက်မည့် JICM အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် (၇) ကြိမ်မြောက်အဖြစ် နောက်ဆုံး ကျင်းပခဲ့ပြီး အောက်တိုဘာ ၃၀ ရက်တွင် (၈)ကြိမ်မြောက် ကျင်းပရန် ယာထားသော အစည်းအဝေး လည်း ဗိုလ်ချုပ်ကြီး ယွက်စစ် မတက်ရောက်နိုင်ခြင်းကြောင့် ပျက်သွားခဲ့ရသည်။

    အကယ်၍ လတ်တလောတွင် JICM အစည်းအဝေး ကျင်းပနိုင်ပါက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ ကော်မတီ (JMC) အစည်းအဝေးများနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးများ ပြန်လည် အသက်ဝင်လာမှာဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ (စတုတ္တအစည်းအဝေး) ကိုလည်း ဆက်လက် ကျင်းပနိုင်မည့် အနေအထားပေါ်ပေါက်လာနိုင်ပါသည်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဒီကနေ့ ဒီအချိန် ကျွန်မတို့ အားလုံးအကြားမှာ မူအား ဖြင့် သဘောတူ လက်ခံနိုင်တဲ့ အချက်သုံးချက် ရရှိထားပါတယ်” ဟု အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်းရရှိထားသည့် အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို (၂၁) ရာစုပင်လုံ (စတုတ္တ အစည်း အဝေး) မှာ သဘောတူညီချက်များ ရယူကြမည်ဆိုသည်။

    ပထမအချက်တွင် NCA အကောင်အထည်ဖော်မှု မူဘောင် သဘောတူညီချက်များကို ရယူပြီး (၂၁)ရာစု ပင်လုံ စတုတ္ထ အစည်းအဝေးမှာ ပြည်ထောင်စု သဘောတူစာချုပ် ပထမပိုင်းအဖြစ် ချုပ်ဆိုသွားရန်။ ဒုတိယအချက်မှာ နောက်ထပ် ရရှိလာမည့် အခြေခံမူတွေကို ယခင်ရှိပြီးသော ဖက်ဒရယ်ဆိုင်ရာအခြေခံမူ ၅၁ ချက်နှင့်စုပေါင်း၍ ပြည်ထောင်စုသဘောတူစာချုပ်၏ ဒုတိယပိုင်းကို ချုပ်ဆိုမည်။ တတိယအချက်အနေဖြင့်၂၀၂၀ ရွေးကောက်ပွဲ အလွန် ဆက်လက် ဖော်ဆောင်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ပြည်ထောင်စု သဘောတူစာချုပ် တတိယပိုင်း ဖြစ်လာပါလိမ့်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

    ထို့ကြောင့် တစ်ဆို့နေသည့် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်မှု အမြန်တည်ဆောက်ပြီး ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလမတိုင်မီ (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပဖြစ်မှသာလျှင် NCA လမ်းကြောင်းမှန်ပေါ် ပြည်လည်ရောက်လာနိုင်မည့် အနေအထားဖြစ်သည်။

    တဖက်တွင်လည်း ၂၀၂၀ ပြက္ခဒိန်သစ်တွင် အစိုးရ၏ ပထမဦးစားပေးအစီအစဉ်မှာ ရွေးကောက်ပွဲဖြစ်သည်ကို သတိမမေ့သင့်ပေ။

    သို့မဟုတ် သက်ဆိုင်သူ Stakeholder များ အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အချိန်မီ တည့်မတ်နိုင်ခြင်း မရှိပါက ဇာတ်မျောကြီးဖြစ်သွားနိုင်သလို ၁၉၈၉ အလွန် အပစ်ရပ်ကာလကဲ့သို့ပင် အကြောင်းအမျိုးမျိုးကြောင့် NCA ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အချိန်မရွေးပျက်ပြယ်သွားနိုင်သည်ကို အားလုံး သတိချပ်စေလိုပါသည်။

    Photo-NCA လေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား (MSCO)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,200SubscribersSubscribe
    spot_img

    Latest posts