Homeသတင်းမူးယစ်ဆေးဝါးအန္တရာယ်တိုက်ဖျက်ရေး ရေးမြို့ပေါ်တွင် မဂဒူးအဖွဲ့နှင့် မွန်လူငယ်များလှုပ်ရှား

မူးယစ်ဆေးဝါးအန္တရာယ်တိုက်ဖျက်ရေး ရေးမြို့ပေါ်တွင် မဂဒူးအဖွဲ့နှင့် မွန်လူငယ်များလှုပ်ရှား

-

မွန်သတင်းအေဂျင်စီ(နိုဝင်ဘာ ၁)

မဂဒူးမွန်ဒေသဖွံ့ဖြိုးရေး အရပ်ဖက်လူမှုအဖွဲ့အစည်း MACDO-Mon Area Community Development Organization နှင့် မွန်လူငယ်ကွန်ယက် (ရေး) အဖွဲ့တို့ ဦးဆောင်ပြီး မူးယစ်ဆေးဝါးအန္တရာယ်တိုက်ဖျက်ရေး ပိုစတာများကိုင်ဆောင်၍ ရေးမြို့ပေါ်မော်တော်ဆိုင်ကယ်များဖြင့် လှည့်ပတ်ကာ ယနေ့နံနက်ပိုင်းတွင် လှုပ်ရှားခဲ့ကြသည်။

“မူးယစ်ကုန်သွယ်ဖြန့်ဖြူးသူကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူပေးပါရန်” “အနာဂတ်လူငယ်များ ပြန်လည်ထူထောင်နိုင်ရန် ကူညီပေးပါ” “မူးယစ်ဆေးဝါးကြောင့် ငြိမ်းချမ်းရေးကို မထိခိုက်စေနဲ့” “မူးယစ်ဆေးဝါးအန္တရာယ် လျော့ကျဖို့ ဝိုင်းဝန်းကူညီကြပါစို့” စသည့် ပိုစတာများဖြင့် လှည့်လည်လှုပ်ဆော်ခြင်း ဖြစ်သည်။

“မနက်ပိုင်းမှာ လူငယ်အယောက် ၂၀၀ လောက် မြို့ကိုဆိုင်ကယ်နဲ့ တစ်ပတ်ပတ်ကြတယ်၊  အဲဒီပိုစတာတွေကိုင်ပြီးတော့ လှည့်လည်နှိုးဆောင်ကြတာပေါ့” ဟု မဂဒူးမွန်ဒေသဖွံ့ဖြိုးရေး အရပ်ဖက်လူမှုအဖွဲ့အစည်း ဒါရိုက်တာ နိုင်ဇဲ့ဟာန်က ပြောသည်။

ထို့ပြင် ညနေ ၅ နာရီတွင် ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွန်ပြည်သစ်ပါတီနှင့် မူးယစ်အထူးရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ဟောပြောခြင်း၊ Debate အစီအစဉ်၊ မွန်ယဉ်ကျေးမှုအကများနှင့် ဂီတဖြေဖျော်ရေးအစီအစဉ်တို့ဖြင့် ည ၁၀ နာရီအချိန်၌ အခမ်းအနားအဆုံးသတ်မည်ဖြစ်သည်။

ယင်းကဲ့သို့ မူးယစ်ဆေးဝါးအန္တရာယ်တိုက်ဖျက်ရေး လှုပ်ဆော်ပွဲများ ကျင်းပခြင်းအားဖြင့် ဒေသခံမိဘပြည်သူများ မူးယစ်ဆေးဝါအန္တရာယ်အကြောင်း ပိုမိုသိရှိရှိလာမည်ဖြစ်သလို အာဏာပိုင်များဘက်ကလည်း မလုပ်မဖြစ် အထူးအာရုံစိုက်လာပြီး ထိရောက်စွာပိုမိုအရေးယူဆောင်ရွက်လာမည်ဟု ယုံကြည်ကြောင်း မွန်လူငယ်ကွန်ယက် (ရေး) မှ မင်းခေတ်သစ်က ပြောသည်။

မင်းခေတ်သစ်က “အခု ကျနော်တို့ဘက်မှာ မူးယစ်ဆေးဝါးကို မိန်းခလေးတွေပါ သုံးစွဲလာကြပြီ၊ ဥပဒေအရ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို လူမှုရေးပြစ်ဒဏ်ပေးတယ်ဆိုပေမယ့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးတာလည်း မရှိဘူး၊ စိတ်ဓါတ်ပြုပြင်ပေးတာလည်းမရှိတဲ့အတွက် ပြစ်ဒဏ်ကျခံရတယ်လို့သာ ယူဆပြီး လွတ်လာတဲ့အခါ ငါထောင်ထွက်ကွဆိုပြီး ရပ်ရွာထဲမှာပြန်သောင်းကျန်းတာမျိုးလည်း ရှိတယ်” ဟု ဆိုသည်။

မွန်ရဟန်းသံဃာတော်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် မွန်ပြည်သစ်ပါတီတို့ပူးပေါင်း၍ မူးယစ်ဆေးစွဲပြန်လည်ထူထောင်ရေးစခန်းတစ်ခု တည်ဆောက်မှုမပြီးစီးသေးသဖြင့် လောလောဆယ်မဖွင့်လှစ်ရသေးကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ မူးယစ်ဆေးဝါးပြဿနာသည် ရဲတပ်ဖွဲ့အပါအဝင်ကဏ္ဍပေါင်းစုံမှ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲခန်းမ၌ အောက်တိုဘာ ၁ ရက်က ကျင်းပသော (၅၅) ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောခဲ့သည်။

မွန်ပြည်နယ်တွင် ၂၀၁၉ ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၂၅ ရက်ထိ အမှုပေါင်း ၃၂၇ မှု ရှိခဲ့ကြောင်း၊ ထို့ပြင် ၂၀၁၈ ခုနှစ်၌ မူးယစ်ဆေးဝါး အမှုပေါင်း ၄၃၄ မှု ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

မဂဒူးမွန်ဒေသဖွံ့ဖြိုးရေး အရပ်ဖက်လူမှုအဖွဲ့အစည်းအနေဖြင့် ရေးမြို့အတွင်းရှိ အထက်တန်းကျောင်းများတွင် အထူးသဖြင့် ၉-၁၀ တန်းကျောင်းသူ/သားများအတွက် မူးယစ်ဆေးဝါးအန္တရယ်တိုက်ဖျက်ရေး ပညာပေးအစီအစဉ်များကို ၂၀၁၇ ခုနှစ်မှ စတင်ဆောက်ရွက်ခဲ့သည်။

Photo- မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မဂဒူးအဖွဲ့နှင့် မွန်လူငယ်များ မြို့ပေါ်လှည့်လည်စဉ်(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts