spot_img
Wednesday, January 14, 2026
More
    spot_img
    Homeသတင်းဆာဗေးဆင်းပြီးမှသာ ရေးမြို့နယ်ကို ပြန်လည်ထူထောင်ရေးစတင်မည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ပြော

    ဆာဗေးဆင်းပြီးမှသာ ရေးမြို့နယ်ကို ပြန်လည်ထူထောင်ရေးစတင်မည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ပြော

    -

    မင်းသူရိန်(မော်လမြိုင်၊ သြဂုတ် ၁၃)

    မွန်ပြည်နယ် ရေးမြို့နယ်တစ်ခုလုံးတွင် သြဂုတ်လ ၁၀ ရက်မှ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သည်ကို ဆားဗေးဆင်းပြီးမှသာ ပြန်လည်ထူထောင်ရေး စတင်နိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

    မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းတွင် သြဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ပြန်လည်ထူထောင်ရေး လုပ်ဖို့အတွက်ကို လုံနယ်ဝန်ကြီးကို လွှတ်ထားပါတယ်။ ရေးက အခုမှဖြစ်တာဆိုတော့ အရင် ဆာဗေးဆင်းရမယ်။ အဲဒါပြီးမှ ပြန်လည်ထူထောင်ရေး ဆက်လက်လုပ်ဆောင်နိုင်မှာပေါ့”ဟု ဒေါက်တာအေးဇံက ဆိုသည်။

    ရေးမြို့နယ်ကို ဆားဗေးဆင်းပြီးပါက အခြားမြို့နယ်များကဲ့သို့ စာသင်ကျောင်း၊ စျေး၊ လူနေအိမ်အပါအဝင် ရေတွင်း၊ ရေကန်များ ပြန်လည် ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    “ကနဦး မြေပြင်မှာ အကောင်ထည်ဖော်ရမှာတွေ အများကြီးရှိနေပါတယ်။ အဲဒါတွေကိုတော့ ဆာဗေးလုပ်စရာမလိုဘဲ ချက်ချင်း ဆောင်ရွက်မှဖြစ်မယ်”ဟု ရေးမြို့နယ်မှ ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်နိုင်ဝင်းက ပြောသည်။

    သောက်သုံးရေများ မလုံလောက်ခြင်း၊ သုံးရေ မရရှိခြင်း၊ အခြေခံအဆောက်အအုံ လိုအပ်နေခြင်း စသည့် ထူထောင်ရေးလုပ်ငန်းတစ်ချို့ကို အစိုးရအနေဖြင့် ချက်ချင်း ဆောင်ရွက်ပေးမှသာ အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    ရေးမြို့ပေါ်တွင် ရေကြီးနစ်မြှုပ်မှုကြောင့် စျေးဆိုင်များ၊ ယာဉ်များ၊ လျှပ်စစ်ပစ္စည်းများ၊ နေအိမ်အပါအဝင် မီတာဘောက်စ်များ ပျက်စီးဆုံးရှုံးမှုများ ကြီးမားခဲ့ကြောင်း ဒေသခံများမှ သိရသည်။

    လက်ရှိတွင် ရေပြန်ကျသော်လည်း အနိမ့်ပိုင်းရပ်ကွက်မှ နေအိမ်များ ရေထဲအလုံးလိုက် မျောပါပျက်စီးသွားသူများ၊ နေအိမ်ပျက်စီးသူများ လတ်တလောနေထိုင်ရေး အခက်အခဲဖြစ်နေရသလို ရေဘေးကြောင့် သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်များလည်း ပျက်စီးကုန်သည်။

    သြဂုတ် ၁၁ ရက်နေ့က ရေးမြို့လယ်ရွှေဆံတော်ဘုရားအထိတိုင် ရေရောက်ရှိလာပြီး မြို့ပေါ် ၈၀% ခန့် ရေလွှမ်းမိုးခဲ့ရာ လူပေါင်းထောင်နှင့်ချီ၍ နေအိမ်မှစွန့်ခွာထွက်ပြေးခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှုများလွန်းသည့်အတွက် စာရင်းပြုစုနိုင်ခြင်းမရှိသေးပေ။

    ရေးကမ်းနားလမ်းစျေးကြီးတစ်ခုလုံးအပါအဝင် မြို့ပေါ် ၆ ရပ်ကွက်မှ အိမ်ခြေ ၁၃၀၀ ကျော် ရေမြုပ်ပြီး လူဦးရေ ၃ သောင်း ၆ ထောင်ကျော် ရေဘေးသင့်ခဲ့ခြင်း ဖြစ်သည်။


    Photo- မွန်ပြည်နယ်ဝန်ကြီးချုပ် သတင်းစာရှင်းလင်းစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts