spot_img
Wednesday, May 1, 2024
More
    spot_img
    Homeဆောင်းပါး၂၀၁၉ ခုနှစ်သြဂုတ်လတွင် မွန်ပြည်နယ်စံချိန်တင်ရေဘေးသင့်၊ တောင်ပြိုသည့်အပြင် လမ်းတံတားများပြတ်တောက်မှုဖြစ်

    ၂၀၁၉ ခုနှစ်သြဂုတ်လတွင် မွန်ပြည်နယ်စံချိန်တင်ရေဘေးသင့်၊ တောင်ပြိုသည့်အပြင် လမ်းတံတားများပြတ်တောက်မှုဖြစ်

    -

    မွန်သတင်းအေဂျင်စီ(သြဂုတ် ၁၄)

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း အတ္တရံမြစ်ရေမြင့်တက်လာမှုကြောင့် သြဂုတ်လ ၁၃ ရက်နေ့ ညနေစာရင်းများအရ ရေဘေးသင့် ပြည်သူ ၅၅,၆၉၂ ဦးအထိရှိလာပြီး ကျေးရွာအုပ်စုပေါင်း ၄၇ အနက် ကျေးရွာ ၃၁ အုပ်စု ရေနစ်မြုပ်လျက်ရှိသည်။

    နေအိမ်အများအပြားမှာ အိမ်အလုံးလိုက်နစ်မြုပ်ခဲ့ရသဖြင့် လှေငယ်များလိုအပ်လျက်ရှိကြောင်း၊ ရေးဘေးသင့်သူများလက်ထဲ စားနပ်ရိက္ခာအချိန်မီရောက်ရှိရန် အလွန်ခက်ခဲကြောင်း ရေဘေးသင့် သွားရောက်လှူဒါန်းသူများထံမှ သိရသည်။

    ယမန်နေ့က မော်လမြိုင်-ကျိုက်မရောလမ်း၊ ကျွန်းရွာ-ကျိုက်မရော စသည့် ကျိုက်မရောမြို့ဝင်ပေါက် ၂ နေရာတွင် မော်တော်ကားလမ်းရေလွှမ်းသဖြင့် ကယ်ဆယ်ရေးကားများ သွားလာခြင်းမပြုနိုင်ဘဲ ဗျိုင်းနှစ်ကောင်-ကျိုက်မရော ခုနှစ်ခွေတောင်တက်လမ်းကို အသုံးပြုခဲ့ရသည်။

    ဆက်လက်ရွာသွန်းနေဆဲ မိုးရေများနှင့်အတူ အတ္တရံ ၊ ဂျိုင်းနှင့် သံလွင်မြစ်ရေများ စီးဆင်းလျက်ရှိသော်လည်း ရေထရက်တွင် ပင်လယ်ရေတောင့်ခံထားသောကြောင့် ရေဘေးဆက်သင့်နေရသည်ဟု ဒေသခံများက ယူဆသည်။

    အလားတူ ရေးမြို့နယ်တောင်ပိုင်းရှိ ဟံဂံကျေးရွာတွင် နေအိမ် ၁၇၀၀ ရှိသည့်အနက် ၁၄၀၀ ကျော် ရေဘေးသင့်ခဲ့ရာ နေအိမ် ၄၀၀ ခန့်မှာ တစ်အိမ်လုံးနစ်မြုပ်ခဲ့ရသည်။ ဟံဂံ၊ ကိုးမိုင်၊ မာန်အောင်ရွာများတွင် ရေပြန်ကျသော်လည်း ရေတွင်းရေများလုံးဝသုံးမရသည့်အနေအထားသို့ ရောက်ရှိနေသည်။

    ရေးချောင်းဖျားရှိ မရမ်းချောင်းတံတား၊ ချောင်းနှစ်ခွဘုရားတံတားနှင့် အဗျော့ကြိုးတံတားများ ပျက်စီးခြင်း၊ ကင်မွန်းကျေးရွာတွင် အိမ်အလုံးလိုက်မျောပါခြင်းနှင့် ချောင်းရေတောင်ကျစီးဆင်းမှုတို့ကြောင့် ဂနီ၊ ကျောက်သင်္ဘော၊ ချဲ့တိုက်၊ ကင်းမွန်၊ နယ်ပြား၊ မဏိပူရ၊ ကျောက်တိုင်ရွာများ ရေဘေးဒုက္ခကြုံခဲ့ရပြီး လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်ခဲ့သည်။


    Photo1-ရေးမြို့ပေါ် ရေလွှမ်းမိုးမှုမြင်ကွင်း(Aung Naing Win)

    ရေးမြို့ပေါ်တွင် ရေပြန်ကျသော်လည်း အနိမ့်ပိုင်းရပ်ကွက်မှ နေအိမ်များ ရေထဲအလုံးလိုက် မျောပါသွားသူများ၊ နေအိမ်ပျက်စီးသူများ လတ်တလောနေထိုင်ရေး အခက်အခဲဖြစ်နေရသလို ရေဘေးကြောင့် သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်များ ပျက်စီးဆုံးရှုံးခဲ့ရသူ အလွန်များပြားသည်။

    ရေးမြို့လယ်ရွှေဆံတော်ဘုရားခြေရင်းအထိတိုင် သြဂုတ် ၁၁ ရက်နေ့က ရေမြင့်တက်လာပြီး မြို့ပေါ် ၈၀% ခန့် ရေလွှမ်းခဲ့ရာ လူပေါင်းထောင်နှင့်ချီ၍ နေအိမ်မှစွန့်ခွာထွက်ပြေးခဲ့ရသဖြင့် ပျက်စီးဆုံးရှုံးမှု များပြားလွန်းသည့်အတွက် စာရင်းပြုစုနိုင်ခြင်းမရှိပေ။

    အမြဲတမ်းလိုလိုလူစည်ကားလေ့ရှိသော ရေးမြို့ ကမ်းနားလမ်းစျေးကြီးတစ်ခုလုံး အမိုးပါမကျန် ရေအောက်ရောက်ခဲ့၍ မြို့ပေါ် ၆ ရပ်ကွက်မှ အိမ်ခြေ ၁၃၀၀ ကျော်လည်း ရေမြုပ်ပြီး လူဦးရေ ၃ သောင်း ၆ ထောင်ကျော် ရေဘေးသင့်ခဲ့ခြင်း ဖြစ်သည်။

    တချိန်တည်းမှာပင် ရေးမြို့နယ်တွင် ရေစတင်မြင့်တက်သည့် သြဂုတ် ၁၀-၁၁ ရက်နေ့များက တယ်လီနော၊ အော်ရီဒူး၊ MPT တယ်လီဖုန်းလိုင်းများ ဆက်သွယ်မရဖြစ်ခဲ့သည်။

    မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကို အဓိကဆက်သွယ်ထားသည့် မော်လမြိုင်-ထားဝယ် ပြည်ထောင်စုလမ်းမကြီး သြဂုတ် ၁၀ ရက်နေ့ ညနေပိုင်းတွင် မလွှဲတောင်ကြောပေါ်က တောင်နံရံပြိုကျပြီး လမ်းမြေသားပြတ်ကျသဖြင့် မော်တော်ကားများ ယနေ့အထိ လုံးဝဖြတ်သန်းသွားလာနိုင်ခြင်းမရှိတော့ပေ။ အဆိုပါမြေပြိုမှုတွင် လမ်းလျှောက်လာသူ ၂ ဦး သေဆုံးခဲ့ရသည်။

    အလားတူ ထိုနေ့ နေ့လည်ပိုင်းတွင် ကိုးမိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် ရေး-ထားဝယ် ရထားလမ်း မိုင်တိုင်အမှတ် ၂၇၆ (၇/၆) ကြား တံတားအမှတ် ၂၂၄ ရထားလမ်း သံလမ်းကွေးတံတားနှင့် ဆက်စပ်တာဘောင် မြေသားပဲ့ရေစီးမျောပါသဖြင့် ရေး-ထားဝယ် ရထားလမ်းပိုင်းပြတ်တောက်ခြင်း၊ သံဖြူဇရပ်မြို့နယ် တံတားအမှတ် ၁၀၃-၁၀၄ ကြား မိုင်တိုင်၂၁၉/၃ ပင-ကရုပ္ပိဘူတာအကြား ဝယ်ဝင်ကရာချောင်းရေမြင့်တက်မှုကြောင့် ရထားလမ်းတိမ်းစောင်းပြီး ရေး-မော်လမြိုင် ရထားလမ်းကြောင်း ပိတ်သွားသည်။

    ထို့ပြင် ပငဆားစီမံကိန်းကွင်းပြင်တစ်ခုလုံး ရေပြင်ကြီးအတိဖြစ်သွားသဖြင့် ပင-ကရုပ္ပိမော်တော်ကားလမ်း ပြတ်တောက်ခဲ့ပြီး ပငကျေးရွာတွင် ရေဘေးကယ်ဆယ်ရေးစခန်း ၂ ခုဖွင့်လှစ်ခဲ့ရသည်။

    မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ သထုံနှင့် ဘီးလင်းစသည့်မြို့ပေါ်များနှင့် ကျေးရွာပေါင်းများစွာတွင် သြဂုတ်လ ၉ ရက် နံနက်ပိုင်းမှစတင်၍ ရေလွှမ်းမိုးမှုများ စတင်ဖြစ်ပေါ်ခဲ့သည်။ မော်လမြိုင်မြို့ပေါ်တွင် ဇေယျာမြိုင်၊ သီရိမြိုင်၊ ရွှေမြိုင်သီရိ၊ ဖက်ခင်း၊ စျေးကြိုနှင့် ကမ်းနားလမ်းတလျောက် မြေနိမ့်ပိုင်းရပ်ကွက်များတွင် မကြုံစဖူး ရေလွှမ်းခဲ့သည်။

    ပေါင်မြို့နယ်၊ သဲဖြူကုန်းရွာ မလတ်တောင်ပြိုကျရာ၌ သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၉ နာရီအထိ သေဆုံးသူရုပ်အလောင်း ၆၅ ဦး နောက်ဆုံးရှာဖွေတွေ့ရှိထားသည့်အနက် ရွာခံမဟုတ်သည့် ရုပ်အလောင်း ၈ လောင်း၊ ရွာမှအသက်ရှင်ကျန်ရစ်သူ ၈၇ ဦးတွင် ဆေးရုံတက်လူနာ ၂၉ ဦး၊ ဆေးကုသစဉ်လူနာ ၁ ဦးသေဆုံးသည့်အတွက် စုစုပေါင်း သေဆုံးသူ ၆၆ ဦးရှိပြီဖြစ်သည်။


    Photo2-မလတ်တောင်ပြိုထားသည့် နေရာ(Internet)

    အဆိုပါကျေးရွာရှိ နေအိမ် ၂၇ လုံးတွင် လူဦးရေ ၁၆၉ ဦးနေထိုင်ခဲ့ပြီး သြဂုတ် ၉ ရက်နေ့ နံနက်စောစောပိုင်း မြေပြိုမှုဖြစ်စဉ်တွင် ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမပေါ် မောင်းနှင်နေသော မော်တော်ယာဉ်စုစုပေါင်း ၁၃ စီး မြေကြီးဖုံးအုပ် ပျက်စီးဆုံးရှုံးခဲ့ရသည်။ လူသေအလောင်းများ ဆက်လက်ရှိနိုင်သေးသည်ဟုလည်း ယူဆရသည်။

    ထို့အတူ ရေးမြို့နယ်တောင်ပိုး မန်ကျီးကျေးရွာတောင်ပြိုမှုတွင် ခြံသမားတစ်ဦး သေဆုံးခဲ့ပြီး မျက်လုံးနှင့် အခြားဒဏ်ရာအကြီးအကျယ်ထိခိုက်သော ဇနီးဖြစ်သူမှာ ရေးမြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသခံနေရသည်။

    အလားတူနေ့ရက်တွင် သံဖြူဇရပ်-ရေး မော်တော်ကားလမ်းပိုင်းရှိ ဝယ်ဝင်ကရာအမွှာညီနောင်တံတားအနီးတဝိုက်၌ နိုင်လွန်ကတ္တရာများ ရေတိုက်စားမျောပါသဖြင့် မော်တော်ကားလမ်းအရှည် လမ်းတစ်ခြမ်းပဲ့သွားပြီး မော်တော်ကားများသွားလာမရဖြစ်ခြင်း၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်း၌ ဆင်ပြေးတံတားချဉ်းကပ်မြေသား ပေ ၂၀ ခန့်ရေစီးနှင့်အတူ မျောပါသည့်အတွက် မော်တော်ကားလမ်းပြတ်တောက်လျက်ရှိခြင်း၊ ကျိုက်မရောမြို့နယ် ကျွန်းရွာနှင့် ကဒါရွာကြားရှိ ကြက်ဖတံတား ပြိုကျခြင်းကြောင့် မုဒုံ-ချောင်းနှစ်ခွ ကားသွာလာမရဖြစ်ခြင်းနှင့် ရေလွှမ်းသဖြင့် ရန်ကုန်-မော်လမြိုင် ရထားသွားလာမှု ခေတ္တရပ်နားရခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်အတွက် ခရီးသွားလာရေးတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ခဲ့ရသည်။

    ထို့ပြင် ရေး၊ ချောင်းဆုံ၊ သထုံနှင့် ပေါင်မြို့နယ်တို့တွင် သြဂုတ် ၅ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၀၀ ကျော် ပျက်စီးဆုံးရှုံးရသည့် ဖြစ်စဉ်များရှိခဲ့သည်။

    မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံက သြဂုတ်လ ၈-၉ နှစ်ရက်အတွင်း ပေါင်မြို့နယ်တွင် မိုးရေချိန် ၂၈ လက်မရွာသွန်းခဲ့သည်မှာ မြန်မာနိုင်ငံအလယ်ပိုင်းတစ်နှစ်စာ မိုးရေချိန်အတိုင်းအတာခန့်ရှိသဖြင့် ယခုနှစ်မွန်ပြည်နယ်တွင် မိုးအလွန်များခဲ့သည်ဟု ဆိုသည်။

    ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ထူးကဲစွာရွာသွန်းသောမိုးကြောင့် ပြည်နယ်နှင့် တိုင်း ၄ ခုအနက် မွန်ပြည်နယ်က သဘာဝဘေးဒဏ်များကို အဆိုးဆုံးထိခိုက်ခံစားနေရသည့် ဒေသဖြစ်ခဲ့ရသည်။

    ထို့အတူ ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီ၊ လှိုင်းဘွဲ့၊ ဘားအံတို့တွင် ရေဘေးရှောင်နေရပြီး တနင်္သာရီတိုင်းရှိ တနင်္သာရီမြို့မှာလည်း မြို့ပေါ် ရပ်ကွက် ၂ ခုအပါအဝင် ရွာပေါင်း ၆၄ ရွာ ရေကြီးနေပြီး ရွာပေါင်း ၃၀ ခန့်က လူများလုံးဝနေထိုင်မရနိုင်တော့ဘဲ နေအိမ်များရေနစ်မြုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
    ကိုကားချက်
    -Online သတင်းများ

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,900SubscribersSubscribe
    spot_img

    Latest posts