Homeသတင်းလမိုင်းမြို့လေလံမဲကိစ္စတွင် ဓါးပြမှုစွပ်စွဲခံရသူများထံမှ ရဲကငွေတောင်းခံဟု လွှတ်တော်သို့တိုင်ကြား

လမိုင်းမြို့လေလံမဲကိစ္စတွင် ဓါးပြမှုစွပ်စွဲခံရသူများထံမှ ရဲကငွေတောင်းခံဟု လွှတ်တော်သို့တိုင်ကြား

-


မွန်သတင်းအေဂျင်စီ(ဇူလိုင် ၂၃)

မွန်ပြည်နယ်၊ လမိုင်းမြို့လေလံမဲကိစ္စ၌ ဓါးပြမှုဖြင့်စွပ်စွဲခံရသူမိသားစုထံမှ အမှုပေါ့စေရန် ရဲကငွေတောင်းခံခဲ့ကြောင်း မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ အသနားခံစာ တင်ပြစာနှင့် အထွေထွေလေ့လာသုံးသပ်ရေး ကော်မတီထံသို့ ဇူလိုင်လ ၂၂ ရက်နေ့တွင် သက်ဆိုင်ရာမိသားစုဝင်များက လာရောက်တိုင်ကြားခဲ့သည်။

“အမှုငယ်အောင်လုပ်မယ်ဆိုရင် စခန်းမှူးကို တစ်သိန်းခွဲ စာရေးကိုတစ်သိန်းခွဲပေးရမယ်၊ စခန်းမှူးပြောတာ မပူနဲ့ ၁၅ ရက်မဟုတ်ရင် ရက် ၃၀ အတွင်း လွတ်လာမယ်” ဟု ကော့ဒွတ်ကျေးရွာသူ မငွေဝင်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

လေလံမဲကိစ္စတွင် ငွေကြေးလိမ်လည်ခံရသူများဖြစ်သည့်အတွက် အလားတူ ရဲကငွေကြေးတောင်းခံမှုရှိခဲ့သော်လည်း ပေးအပ်ခဲ့ခြင်းမရှိကြောင်း တွေ့ဆုံမေးမြန်းချက်အရ သိရသည်။

မော့ကနင်ကျေးရွာသူ မလှိုင်ဦးက “ကျမကအိမ်မှာသိပ်မနေဘူး အလုပ်သမားတွေပဲရှိတယ်၊ ရဲ ၃ ယောက် ၄ ယောက်လာတယ်၊ ကျမအလုပ်သမားတွေကိုလာပြောတယ် မင်းတို့အစ်မပြန်လာရင် ပုဒ်မလျှော့ပေးရအောင် ဓါးပြအမှုမမြောက်အောင် အဲဒီ (၃၉၅) ကနေ လျော့သွားအောင် စာအိတ်ကလေးနဲ့ ပိုက်ဆံ ၃ သိန်းထည့်သွားပါတဲ့၊ စခန်းမှူးကိုသွားပေးလိုက်ပါဆိုတော့ ကျမကလုံးဝသွားမပေးဘူး” ဟု ဆိုသည်။

ဓါးပြမှုဖြင့် ရက်ပေါင်း ၅၀ ခန့် ဖမ်းဆီးခံထားရသူ ၁၃ ဦးအနက် အသက် ၁၅ နှစ်လူငယ်တစ်ဦး ပါဝင်သည်ဟု သိရသည်။

သို့ရာတွင် ရဲတပ်ဖွဲ့အနေဖြင့်အမှုတည်ဆောက်၍ တရားစွဲခြင်းဖြစ်ကြောင်း၊ အလွန်ရှုပ်ထွေးသည့်ကိစ္စရပ်တွင် အဖမ်းခံရသူဘက်က ပြောစကားများသာ ဖြစ်ကြောင်း၊ မိမိတို့ရဲတပ်ဖွဲ့အနေဖြင့် မိမိတို့အလုပ်ကို လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ရေးမြို့နယ် ရဲမှူးက သတင်းဌာနများကို ပြောကြားခဲ့သည်။

အပြစ်မရှိဘဲ ဓါးပြမှုဖြင့်အဖမ်းခံထားရသည့့်ကိစ္စနှင့် ဖမ်းဆီးခံရသူမိသားစုများထံမှ ရဲတပ်ဖွဲ့က ငွေကြေးတောင်းခံသည့်ကိစ္စ လာရောက်တင်ပြသည့်အပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာများကို လွှတ်တော်ဥက္ကဌမှတဆင့် မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေလေ့လာသုံးသပ်ရေး ကော်မတီဥက္ကဌ ဦးအောင်ကျော်သူက ပေါင်းစပ်ညှိနှိုင်းသွားမည်ဟု ဆိုသည်။

လမိုင်းမြို့၌ လွန်ခဲ့သည့်ဇွန်လက တရားမဝင်လေလံမဲစုငွေပြန်မထုတ်ပေးသည့်အပေါ် ရုန်းရင်းဆန်ခတ်ဖြစ်မှုတွင် ပါဝင်ပတ်သက်သည်ဟုယူဆရသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး အမြင့်ဆုံး ထောင်ဒဏ်တစ်သက်ချမှတ်နိုင်သော ဓါးပြမှုပုဒ်မ(၃၉၅) ဖြင့် အမှုဖွင့်ထားသည်။


Photo- ပြည်နယ်လွှတ်တော်သို့ လာရောက်တိုင်ကြားစဉ်(Aung Kyaw Thu)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts