spot_img
Sunday, April 28, 2024
More
    spot_img
    Homeသတင်းမူးယစ်နွံထဲက အနာဂတ်လူငယ်များ

    မူးယစ်နွံထဲက အနာဂတ်လူငယ်များ

    -

    ဝံသမွန်

    ဒေသအနှံ့အပြားမှာ မူးယစ်ဆေးသုံးစွဲသူတွေများလာသလို အသက် ၁၂ နှစ်ကလေးတွေကစပြီး အသက် ၄၀ ကျော်အထိ လူငယ်အရွယ်ကစပြီး လူလတ်ပိုင်းအရွယ်ကြား မူးယစ်ဆေးကြောင့် အကြမ်းဖက်မှုတွေကလည်း နည်းမျိုးစုံနဲ့  ဖြစ်ပေါ်နေပါတယ်။ 

    ဆေးသုံးစွဲတဲ့သူတွေဟာ ဆေးကြောင်ပြီးသူတို့လိုချင်တဲ့အရာမှန်သမျှ မရ၊ ရတဲ့နည်းနဲ့ ရယူဖို့ကြိုးစားတဲ့အတွက် ခိုးမှုတွေ၊ လုယက်မှုတွေ၊ နောက်ဆုံးလူသတ်တဲ့အဆင့်အထိ ရှိလာခဲ့တယ်လို့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တရနာကျေးရွာအုပ်ချုပ်ရေးမှူး မိသန်းဌေးက ဆိုပါတယ်။ 

    “မူးယစ်ဆေးသုံးတဲ့လူတွေက အိမ်မှာပိုက်ဆံတောင်းတယ်၊ မရဘူးဆိုသောင်းကျန်းမယ်၊ ဆိုတော့မိဘတွေအတွက် အရမ်းထိခိုက်တယ်၊ နောက်တော့အစ်မတို့ဒေသမှာဆို မူးယစ်ဆေးကြောင့် အဖေကိုသတ်လိုက်တဲ့အထိရှိတယ်၊ ဒါပေမယ့် တရားခံကိုတော့ဖမ်းမမိသေးဘူး” လို့ သူမက ဆိုပါတယ်။

    မူးယစ်ဆေးသုံးတဲ့လူတွေ တစ်နှစ်ထက်တစ်နှစ်တိုးလာပြီး အဆိုးဆုံးက မူးယစ်ဆေးနဲ့ ဆက်စပ်ပြီး အိမ်တွင်း အကြမ်းဖက်မှုတွေပါဖြစ်လာတဲ့အပေါ် သက်ဆိုင်ရာဌာနတွေရဲ့ အရေးယူမှုနဲ့ ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှု အားနည်းတာလည်းပါတယ်လို့ မိသန်းဌေးက ဆိုပါတယ်။

    မွန်ပြည်နယ်မှာ စိတ်ကြွဆေးပြား (မြင်ဆေး)ကို အများဆုံးသုံးစွဲကြပြီး ဒုတိယအများဆုံးမှာ ဘိန်းစာရွက်တွေကို အသုံးပြုကြတာ ဖြစ်ပါတယ်။ တစ်ချို့ကျေးရွာတွေက ဒေသခံလူငယ်တွေ အကြားမှာလည်း ဒီမူးယစ်ဆေးတွေကို လွယ်လွယ်ကူကူ ဝယ်ယူရရှိနေကြပြီး လူမြင်ကွင်းမှာလည်း သုံးစွဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မူးယစ်ဆေးတွေ ၊ ဘိန်းစာရွက်တွေကို ဒီလိုလွယ်လွယ်ကူကူနဲ့ ရရှိနေတာဟာ အမျိုးသမီးတွေနဲ့ ကလေးအတွေအတွက်ပါ လုံခြုံမှုသိပ်မရှိတော့ဘူးလို့ မုဒုံမြို့နယ်ဒေသခံတစ်ဦးက ဆိုပါတယ်။

    မူးယစ်ဆေးသုံးစွဲတဲ့လူငယ်အတွေဟာ အများအားဖြင့် လူမှုအသိုင်းအဝိုင်းကနေဖယ်ကျဉ်ပြီး ပစ်ပယ်ထားတာ များပြားနေတဲ့တွက် လမ်းမှန်ပြန်မရောက်ပဲ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍတွေအကုန်လုံး ယုတ်လျှော့ သွားမှာဖြစ်ပါတယ်။

    အနာဂတ်ခေါင်းဆောင်မှုတွေမှာလည်း လူငယ်တွေလျှော့နည်းလာနိုင်တဲ့အတွက်ကြောင့် ဆေးစွဲလူငယ်တွေကို ပစ်ပယ်မထားဘဲ ဆေးဖြတ်လိုစိတ် ဖြစ်လာအောင် ပညာပေးဆွေးနွေးမှုတွေလုပ်သင့်တယ်လို့ တိုးတက်သောမွန်လူငယ်အစည်းအရုံး ဒု-ဥက္ကဌ မင်းထောကွီးက ဆိုပါတယ်။

    “တစ်ချို့လူငယ်တွေက သူတို့မှားမှန်းတော့သိတယ် ဒါပေမယ့် ဘယ်လိုပြန်ပြင်ရမလဲ ဆေးဖြတ်ဖို့အတွက် ဘယ်ကို သွားရမလဲဆိုတာကို မသိတာရယ်၊ မူးယစ်ဆေးသုံးစွဲမိလို့ သူ့ကိုယ်သူ လူ့အသိုင်းအဝိုင်းထဲ မဝင်ရဲဘူး ဖြစ်နေတဲ့လူတွေလည်းရှိတယ်၊ ဒါကိုကျွန်တော်တို့က ပယ်မထုတ်ဘဲနဲ့ သူတို့နဲ့တွေ့ပြီး ဆွေးနွေးတိုင်ပင်မယ်၊ မူးယစ်ဆေးရဲ့ ဆိုးကျိုးဘယ်လိုရှိလဲဆိုတာကို ရှင်းပြပေးတယ်၊ သူတို့ဘာဖြစ်ချင်လဲ၊  ဆေးဖြတ်ချင်တယ်ဆိုလည်း ဆေးဖြတ်တဲ့ ဌာနကို ပို့ပေးတယ်၊ အဲလိုမျိုးလုပ်ပေးမှသူတို့လည်း လမ်းမှန်ရောက်လာမယ်” လို့ မင်းထောကွီးက ပြောပါတယ်။   

    မူးယစ်ဆေးသုံးစွဲမှု လျှော့နည်းလာအောင် နည်းစနစ်ကျကျ စီစဉ်ဆောင်ရွက်သင့်သလို လူငယ်တွေကိုလည်း မူးယစ်ဆေး အန္တရာယ်နဲ့ပတ်သက်တဲ့ အသိပညာဟောပြောပွဲတွေပြုလုပ်တာ၊ လူငယ်တွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး မူးယစ်ဆေးရဲ့ ဆိုးကျိုးတွေဘယ်လိုရှိသလဲ ဆိုတာကို ဆွေးနွေးမှုလုပ်သင့်တယ်လို့လည်း မွန်ပြည်နယ်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ကိုကြည်ဇော်လွင်က ပြောပါတယ်။

    ကိုကြည်ဇော်လွင်က “ဒါတွေကိုကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ အစိုးရဘက်မှလည်း ဖမ်းဆီးအရေးယူရာမှာ နည်းစနစ်တကျနဲ့ သုံးစွဲသူတွေထက် ထုတ်လုပ်ရောင်းချတဲ့ သူတွေကို အရေးယူမယ်ဆိုရင် မူးယစ်ဆေးတွေ တဖြေးဖြေးလျော့ကျသွားနိုင်မယ်” လို့ သူကဆိုပါတယ်။

    မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစီအစဉ်ကို အစိုးရနဲ့ မွန်ပြည်သစ်ပါတီတွေ ကြိုးပမ်းလုပ်ဆောင်နေပေမယ့်လည်း တစ်နှစ်ထက်တစ်နှစ် လျှော့ကျလာတာမရှိဘဲ အခုနှစ်မှာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ ထားဝယ်ခရိုင်တွေမှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်သူတွေ၊ သုံးစွဲသူတွေကို ဖမ်းဆီးရမိတဲ့အရေအတွက် ပိုမိုများပြားလာနေတာကို တွေ့ရပါတယ်။

    လက်ရှိအချိန်မှာလည်း မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဖြတ်ဖို့အတွက်ဆိုပြီး မွန်ပြည်သစ်ပါတီမှ မူးယစ်ဆေးဖြတ်ဌာနတစ်ခု ဆောက်လုပ်လျက်ရှိပါတယ်။ ဒီမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာ အစိုးရတစ်ရပ်အနေနဲ့ ဦးဆောင်အကောင်အထည်ဖော် သင့်တယ်ဆိုပေမယ့်လည်း နယ်မြေအခြေအနေအရ မူးယစ်ဆေးဝါးသုံးစွဲတာတွေ ပိုမိုများပြားလာတဲ့အတွက် မွန်ပြည်သစ်ပါတီက အခုလို  လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    လက်ရှိမော်လမြိုင် စိတ်ကျန်းမာရေးကုဌာနရဲ့ စာရင်းဇယားတွေအရ ၂၀၁၆ ခုနှစ်ကစပြီး ၂၀၁၉ ခုနှစ် မေလကုန်ပိုင်းအထိ အတွင်းအပြင်လူနာ စုစုပေါင်း ၂,၁၆၇  ယောက်  တက်ရောက်ကုသမှုခံယူသူအထဲမှာ မူးယစ်ဆေးဖြတ်တဲ့ လူနာ ၇၅ ရာခိုင်နှုန်းခန့် ပါဝင်တယ်လို့ သိရပါတယ်။

    ဆေးလာဖြတ်တဲ့လူတွေဟာ တစ််ချို့က မိဘတွေထိန်းမနိုင်လို့  ဆေးရုံအတင်းခေါ်လာပြီး  ဆေးဖြတ်ခိုင်းတဲ့ လူနာတွေလည်းရှိသလို တချို့က ကိုယ်တိုင်ကိုယ်ကျ တကယ်ဖြတ်ချင်တဲ့ လူတွေလည်းရှိတယ်လို့  မော်လမြိုင် စိတ်ကျန်းမာရေးနဲ့ မူးယစ်ဆေးစွဲကုသရေးဌာန တာဝန်ခံ ဒေါက်တာဝင်းကျော်သူက ပြောပါတယ်။

    “ဒီမူးယစ်ဆေးပြဿနာက ပြောရမယ်ဆိုရင် အမျိုးသားရေးပြဿနာပုံစံဖြစ်လာပြီ။ ဒီမူးယစ်ဆေးနဲ့ ဆက်နွယ်ပြီးတော့ ပြစ်မှုတွေများလာတယ်။ အကြမ်းဖက်မှုတွေ များလာတယ်။ သုံးစွဲတဲ့လူတွေကလည်း ဆေးရုံဆေးခန်းကိုုလာတဲ့အနေအထားနဲ့ ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေ ပေးပို့လာတဲ့အချက်အလက်တွေအရဆိုရင် သိသိသာသာကြီး များလာတာကိုတွေ့ရတယ်” လို့ ဒေါက်ဝင်းကျော်သူက ဆိုပါတယ်။

    မူးယစ်ဆေးဝါးဖမ်းရမိတဲ့အခြေအနေနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ်မှာ အမှုပေါင်း ၂၀၀ ကျော်၊ ၂၀၁၈ ခုနှစ်မှာ အမှု ၄၀၀ ကျော်နဲ့ ၂၀၁၉ ခုနှစ် မေလအထိ အမှုပေါင်း ၁၆၀ ကျော်ရှိခဲ့တယ်လို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိတဲ့ အခြေအနေထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဒါကြောင့် ခေတ်လူငယ်တွေကို မူးယစ်ဆေးဝါးနဲ့ကင်းဝေးနိုင်အောင် သူတို့ဝါသနာပါရာလုပ်ငန်းတွေ ဥပမာအားဖြင့် အသင်းလိုက် အားကစားလှုပ်ရှားမှုတွေ ဘောလီဘော၊ ဘောလုံးအသင်းတွေ၊ ကြက်တောင်ရိုက်အားကစား၊ စာပေအသင်း၊ ဂီတ၊ ပန်းချီပန်းပုစတဲ့ အနုပညာရေးရာတွေမှာ သူတို့မွေ့လျော်နိုင်အောင် ပြုစုပျိုးထောင်ပေးတာ၊ အသင်းအဖွဲ့အလိုက်လှုပ်ရှားမှုတွေမှာ ပါဝင်နိုင်တဲ့အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ရင် ဒီမူးယစ်နွံထဲက ရာခိုင်နှုန်းအတော်များများ လွတ်ကင်းနိုင်လိမ့်မယ်လို့ တွေးတောမျှော်လင့်မိပါတယ်။


    Photo-မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ(Internet)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,800SubscribersSubscribe
    spot_img

    Latest posts