Homeငြိမ်းချမ်းရေးKNU ဗဟိုကော်မတီ နှစ်ပတ်လည်ပုံမှန်အစည်းအဝေးကျင်းပ

KNU ဗဟိုကော်မတီ နှစ်ပတ်လည်ပုံမှန်အစည်းအဝေးကျင်းပ

-

မွန်သတင်းအေဂျင်စီ(ဇူလိုင် ၂၂)

ကရင်အမျိုးသားအစည်းအရုံး KNU တတိယအကြိမ်မြောက် ဗဟိုအမြဲတမ်းကော်မတီ ပုံမှန်နှစ်ပတ်လည် အစည်းအဝေးကို ဘားအံခရိုင်၊ လေးဝါးဒေသရှိ ဗဟိုဌာနချုပ်၌ ယနေ့စတင်ကျင်းပကြောင်း KNU သတင်းဖော်ပြချက်အရ သိရသည်။

နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ အပစ် အခတ်ရပ်စဲရေးခိုင်မာမှုများနှင့် ပတ်သက်ပြီးဆွေးနွေးသွားမည့်အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းကြောင်းတိမ်းစောင်းနေမှုများကို ပြန်လည်တည့်မတ်ရန်နည်းလမ်းရှာဖွေခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင် EAO များအကြား ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည့်အတွက် ၂ ပတ်ခန့် အစည်းအဝေးကြာမြင့်နိုင်မည်ဟု ခန့်မှန်းထားသော်လည်း လိုအပ်ပါက အချိန်ပိုယူဆွေးနွေးသွားမည်ဖြစ်ကြောင်း KNU Facebook သတင်းတွင် ရေးသားဖော်ပြသည်။

ထို့ပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များဖြင့် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှ နုတ်ထွက်ခြင်း ပြု/မပြု KNU အဖွဲ့တွင်း သဘောထားကွဲလွဲနေမှုကို ညှိနှိုင်းဆွေးနွေးအဖြေရှာမည် ဖြစ်သည်။

လက်ရှိ PPST ကို ဖျက်သိမ်း၍ အပစ်ရပ်အဖွဲ့များအပြင် အပစ်မရပ်အဖွဲ့များလည်းပါဝင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံအစည်းအဝေး (PPCM) စုဖွဲ့မှုအသစ်လုပ်ဆောင်ရန် KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက အကြံပြုထားသည်။

သို့ရာတွင် NCA စာချုပ်အကောင်အထည် ဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် PPST ကို ဖွဲ့စည်းခဲ့သည်ကို အစိုးရနှင့် တပ်မတော်က လက်ခံအသိအမှတ် ပြုထားကြောင်း၊ ထို့ကြောင့် NCA လက်မှတ်မရေးထိုး ရသေးသော တိုင်းရင်းသားလက်နက်ကိုင်များလည်းပါဝင်သည့် PPCM အသစ်စုဖွဲ့ပါက အစိုးရနှင့် တပ်မတော်လက်ခံရန် အခက်အခဲရှိလာနိုင်ကြောင်း NCA လက်မှတ်ထိုးတိုင်းရင်းသားခေါင်းဆောင်အချို့က သုံးသပ်သည်။

NCA လက်မှတ်ထိုးအဖွဲ့ရှစ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များဖြင့် ဖွဲ့စည်းခဲ့သော PPST ခေါင်းဆောင်နေရာတွင် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးအစား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကို လက်ရှိခေါင်းဆောင်အဖြစ် တာဝန်ပေးထားသည်။


Photo- KNU ဗဟိုအမြဲတမ်းကော်မတီ ပုံမှန်နှစ်ပတ်လည် အစည်းအဝေး
(KNU HQ)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts