Homeသတင်းနှစ်ဆန်းတစ်ရက်တွင် သမ္မတလွတ်ငြိမ်းသက်သာခွင့်ဖြင့် မွန်ပြည်နယ်အကျဉ်းသား ၉၀၀ ကျော် လွတ်မြောက်

နှစ်ဆန်းတစ်ရက်တွင် သမ္မတလွတ်ငြိမ်းသက်သာခွင့်ဖြင့် မွန်ပြည်နယ်အကျဉ်းသား ၉၀၀ ကျော် လွတ်မြောက်

-

မင်းချမ်းညီ (မော်လမြိုင်၊ ဧပြီ – ၁၇)

နိုင်ငံတော်သမ္မတက နှစ်သစ်ကူးအတာ သင်္ကြန် နှစ်ဆန်းတစ်ရက်(ဧပြီလ ၁၇) နေ့တွင် အကျဉ်းသားပေါင်း ၉၅၅၁ ဦး လွတ်ငြိမ်းသက်သာခွင့်ပေးအပ်ခဲ့ရာ မွန်ပြည်နယ်အကျဉ်းသားပေါင်း ၉၀၀ ကျော် လွတ်မြောက်လာကြောင်း သိရသည်။

မွန်ပြည်နယ်အကျဉ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်က “မွန်ပြည်နယ်မှာ အားလုံးပေါင်း ၉၂၅ ဦး သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပါတယ်။ လွတ်လာတဲ့သူတွေက ပြစ်မှုကတော့စုံတယ်။ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေအများဆုံးပါတယ်၊ ဒီထဲမှာ သြင်္ကန်မတိုင်ခင်တုန်းက ပုံမှန်လျှော့ရက်နဲ့ လွတ်တဲ့သူ ၁၀၀ ဝန်းကျင်လောက်လည်းပါတယ်” ဟု ပြောသည်။

အဆိုပါလွတ်မြောက်လာသူစာရင်းအရ မော်လမြိုင်အကျဉ်းထောင် ၃၆၃ ဦး၊ အင်္ဂါပူ ရာဘာစိုက်ပျိုးရေး အတတ်သင်စခန်း ၉၇ ဦး၊ သထုံအကျဉ်းထောင် ၄၃ ဦး၊ ဇင်းကျိုက်ကုန်ထုတ်စခန်း ၈၄ ဦး၊ ပေါင်မြို့နယ် ရင်းငြိမ်ကုန်ထုတ်စခန်း ၅၄ ဦး၊ အင်းဗြောင်ကုန်ထုတ်စခန်း ၁၄၅ ဦး၊ တောင်စွန်းကုန်ထုတ်စခန်း ၁၀ ဦး၊ မုပ္ပလင်ကုတ်ထုတ်စခန်း(အမျိုးသား) ၈၃ ဦးနှင့် မုပ္ပလင် ကုတ်ထုတ်စခန်းမှအမျိုးသမီး ၄၆ ဦး စုစုပေါင်း ၉၂၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

မြန်မာနှစ်သစ်အခါသမယ အထိန်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေး နှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား/သူ ၉၅၃၅ ဦးအား ရာဇဝတ်ကျင့်ထုံးပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဧပြီလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ယမန်နှစ်တွင်လည်း နိုင်ငံတော်သမ္မတက အကျဉ်းသား ၈၅၄၁ ဦး လွတ်ငြိမ်းသက်သာခွင့်ပေးအပ်ခဲ့ရာတွင် မွန်ပြည်နယ်အကျဉ်းထောင်များမှ ၅၈၉ ဦး လွတ်မြောက်ခဲ့သည်။


Photo-မွန်ပြည်နယ်မှ အကျဉ်းစခန်းတစ်ခု(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts