Homeသတင်းကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ ရပ်ဆိုင်းသဖြင့် လူငယ်အချို့အခက်တွေ့

ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ ရပ်ဆိုင်းသဖြင့် လူငယ်အချို့အခက်တွေ့

-

မင်းသစ္စာခိုင် (ဧပြီ ၉)

ကိုရီးယားနိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင်ခွင့် အရည်ချင်းစစ်စာမေးပွဲ EPS-TOPIK ရပ်ဆိုင်းလိုက်သဖြင့် သင်တန်းသားလူငယ်အချို့ အခက်တွေ့စေကြောင်း သိရသည်။

“သင်တန်းသားတွေ စိတ်ဓာတ်ကျသွားတယ်။ သူတို့ထင်သွားတာက နောက်ထပ်စာမေးပွဲ မရှိတော့ဘူး။ လက်ရှိအခက်အခဲက စာမေးပွဲအတွက် ၂ နှစ် အချိန်ပေးရသလို ဖြစ်သွားတယ်။ သက်ကြီးတဲ့သူတွေနဲ့ အိမ်ထောင်သည်တွေ ပိုပြီးခက်ခဲသွားတယ်။ အချို့က သွားရလွယ်တဲ့ပြည်ပ ဥပမာ ထိုင်းနိုင်ငံလို ထွက်ဖို့ လုပ်နေပြီ” ဟု မုဒုံမြို့နယ် နိုင်လှုံကျေးရွာတွင် ဖွင့်လှစ်ထားသော K2Rain Korea Language Center မှ သင်တန်းဆရာ ကိုကျော်သူရိန်ထွန်းက ပြောသည်။

ယခုနှစ် EPS-TOPIK စာမေးပွဲဖြေဆိုမည့် သင်တန်းသား လေးသောင်းခန့်အနက် လူငယ်ဦးရေ ၁၅ဝဝ ကိုသာ ခွင့်ပြုပေးမည်ဟု အကြောင်းကြားလာသည့်အတွက် စာမေးပွဲရပ်ဆိုင်းရခြင်းဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

EPS-TOPIK သင်တန်း အောင်မြင်ပြီးသူ မင်းလွီမွန်က “ကျွန်တော်က အဆင့် ၃ မှာ တစ်နေတယ်။ ရင်တမမနဲ့ စောင့်နေတုန်းပဲ။ ၂ နှစ်အတွင်းတော့ စောင့်လို့ရတယ်။ ဒီကြားထဲ ကိုယ့်နာမည်အထိ မခေါ်သေးပဲ ၂ နှစ်ပြည့်သွားရင် စာမေးပွဲပြန်ဖြေရတယ်။ ဒီကိစ္စအတွက် ကျွန်တော်စိုးရိမ်တယ်” ဟု ပြောသည်။

ကိုရီးယားနိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင်ခွင့် ရရှိနိုင်ရန် စာမေးပွဲအောင်မြင်ခြင်း၊ အလုပ်သမားဌာနတွင် မှတ်ပုံတင်ခြင်း၊ မှတ်ပုံတင်မှု အတည်ပြုခြင်း၊ လုပ်ငန်းရှင်မှ လုပ်သားခေါ်ယူခြင်းနှင့် အလုပ်ခေါ်စာ ပေးပို့ခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ အလုပ်စာချုပ် ပေးပို့ခြင်း၊ ဗီဇာလျောက်ထားခြင်း၊ အာမခံကြေးနှင့် ခရီးစရိတ်ပေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ လုပ်ငန်းခွင်ဝင်ရောက်ခြင်း အဆင့်အဆင့် ဖြတ်ကျော်ရကြောင်း စာမေးပွဲအောင်မြင်ပြီးသူ ကိုဇင်မျိုးက ပြောသည်။

၂ဝ၁၈ ခုနှစ်အတွက် ကုန်ထုတ်လုပ်ငန်းလုပ်သား ၈၇ဝဝ၊ စိုက်ပျိုးမွေးမြူရေးလုပ်သား ၄ဝဝ ၊ ဆောက် လုပ်ရေးလုပ်သား ၉ဝဝ စသည်ဖြင့် ခေါ်ယူမှုအမြင့်ဆုံး ရှိခဲ့သည်။

တောင်ကိုရီးယားနိုင်ငံသို့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံက လုပ်သားများစေလွှတ်လျက်ရှိပြီး နှစ်နိုင်ငံအစိုးရသဘောတူညီမှုဖြင့် ၂ဝ၁၁ခု နှစ်မှစ၍ မြန်မာလုပ်သား ၃၅ဝဝဝ ခန့်ရွှေ့ပြောင်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

K2Rain Korea Language Center သင်တန်းသားများ(MNA)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts