Homeသတင်းမြို့နယ် ၅၀ တွင် လက်နက်ကိုင်ထိတွေ့မှု ၄၉၀ ကြိမ်ဖြစ်ပွားခဲ့ဟု ၂၀၁၈ ခုနှစ် MIPS အစီရင်ခံစာဖော်ပြ

မြို့နယ် ၅၀ တွင် လက်နက်ကိုင်ထိတွေ့မှု ၄၉၀ ကြိမ်ဖြစ်ပွားခဲ့ဟု ၂၀၁၈ ခုနှစ် MIPS အစီရင်ခံစာဖော်ပြ

-

မွန်သတင်းအေဂျင်စီ( ဧပြီ-၃)

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ၏ မြို့နယ်အဆင့် ပဋိပက္ခ စောင့်ကြည့်လေ့လာရေးစနစ် အချက်အလက်များအရ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၀) ခုရှိ မြို့နယ်ပေါင်း (၅၀) တွင် လက်နက်ကိုင် ထိတွေ့မှု (Armed Clash) ၄၉၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ ၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာ မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ မီလီယာဟိုတယ်၌ ၂၀၁၉ ခုနှစ် ဧပြီလ (၂) ရက် နေ့လယ် (၂) နာရီမှ (၄) နာရီ အထိ ကျင်းပခဲ့ရာတွင် ငြိမ်းချမ်းရေးကို လေ့လာသူ ၃၀၀ ကျော်ခန့်တက်ရောက်သည်ကိုတွေ့ရှိကြောင်း ပါဝင်တက်ရောက်သူ မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကော်မတီဝင် နိုင်ငံရေးလေ့လာသူ နိုင်ရဲဇော်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ဒီအစီရင်ခံစာမှာ မြို့နယ်အဆင့် ပဋိပက္ခ စောင့်ကြည့် လေ့လာရေးစနစ် (Township-based Conflict Monitoring System-TCMS Database) ကိုအခြေခံထားတာပေါ့၊ လူမျိုးအလိုက်၊ ဒေသအလိုက်၊ လအလိုက်တိုက်ပွဲဖြစ်ပွားမှုအနေအထားကို မှတ်တမ်းပြုစုထားတယ်” ဟု နိုင်ရဲဇော်က ဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလှုပ်ရှားဒေသဖြစ်သော ရှမ်းပြည်နယ်ရှိ နမ္မတူမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကရင်ပြည်နယ်ရှိ ဖာပွန်မြို့နယ်၊ ကချင်ပြည်နယ်ရှိ ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်တို့တွင် တပ်မတော်နှင့် လက်နက်ကိုင် ထိတွေ့မှုအကြိမ် အရေအတွက်အများဆုံး၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် တပ်မတော်တို့ လက်နက်ကိုင် ထိတွေ့မှု အနည်းဆုံး (၁၆၂) ကြိမ် ဖြစ်ပွားခဲ့သည်ဟု MIPS က ဖော်ပြသည်။

နိုင်ရဲဇော်က “ဒီအစီရင်ခံစာတစ်ခုလုံးကို ခြုံကြည့်ရင် အချက်အလက်တွေရော တင်ပြပုံတွေပါ ကောင်းပါတယ်၊ အချက်အလက် Data ကိုပဲပြောတယ်၊ ဒီအပေါ်မှာ အမှားအမှန်ဆိုတာကို သူတို့မပြောဘူး၊ တိုက်ပွဲဘယ်နှစ်ကြိမ်ဖြစ်တယ်၊ ထွက်ပြေးမှုအခြေအနေဘယ်လိုရှိ၊ ဘယ်သူ့ကြောင့် ဘာကြောင့် ဘယ်လိုဖြစ်တယ်ဆိုတာကို သူတို့မပြောဘူး၊ နောက်ဆုံး Conclusion ကောက်ချက်ပေးတာတော့ရှိတယ်၊ တပ်မတော်က ဘယ်လိုရှိလဲ၊ အစိုးရအနေနဲ့ ဘယ်လိုဖြစ်တယ်၊ ငြိမ်းချမ်းရေးအခြေအနေက ဘယ်လိုဖြစ်နိုင်လဲဆိုတာ သူတို့သုံးသပ်တာပေါ့၊ လက်ရှိငြိမ်းချမ်းရေးကို ဆောင်းခိုငှက်လို့ တင်စားထားတယ်၊ ဘာမှမထူးခြားဘူး၊ ဆောင်းခိုနေတာပေါ့” ဟု ဆိုသည်။

ထို့အတူ ရှမ်းပြည်နယ်သည် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ဖြစ်ပွားသည့် ပဋိပက္ခများ အပြင်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း ဖြစ်ပွားသည့် ပဋိပက္ခ (Inter-EAOs Conflict) များ၏ ဗဟိုချက် ဖြစ်လာပြီး ၂၀၁၈ ခုနှစ်အတွင်း ရှမ်းပြည်နယ် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသခံ ပြည်သူ အနည်းဆုံး (၁၂,၀၀၀) ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း အစီရင်ခံတွင် ဖော်ပြထားသည်။

MIPS အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက “ဒီနေ့ ထုတ်ဝေတဲ့ အစီရင်ခံဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ပါကြောင်း၊ MIPS အနေနဲ့ ပြည်တွင်း ပဋိပက္ခနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်တဲ့နေရာမှာ ကြုံတွေ့ရတဲ့ ကိစ္စရပ်တွေကို ကူညီဖြေရှင်းနိုင်စွမ်း ရှိတဲ့
ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာ ပညာရှင် အသိုက်အဝန်းတစ်ရပ် မြန်မာနိုင်ငံမှာ ပေါ်ထွန်းလာဖို့ ဆောင်ရွက်နေတာပါ” ဟု ပြောသည်။

၂၀၁၈ ခုနှစ်အတွင်း “လစဉ်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသုံးသပ်ချက် (Monthly Peace & Security Brief)” (၁၂) စောင်ကို ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းထံ MIPS ပေးပို့ခဲ့သည်ကို တွေ့ရှိရသည်။


Photo- ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာ မိတ်ဆက်ပွဲ(MIPS)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts