spot_img
Wednesday, May 8, 2024
More
    spot_img
    Homeသတင်းမွန်ပြည်သစ်မူးယစ်ဆေးဝါးဖမ်းဆီးမှုသည် ပြည်သူလူထု၏အကျိုးစီးပွားကို ထိခိုက်စေသည့်လုပ်ရပ်မဟုတ်ဟု နိုင်ဟံသာပြော

    မွန်ပြည်သစ်မူးယစ်ဆေးဝါးဖမ်းဆီးမှုသည် ပြည်သူလူထု၏အကျိုးစီးပွားကို ထိခိုက်စေသည့်လုပ်ရပ်မဟုတ်ဟု နိုင်ဟံသာပြော

    -

    မွန်သတင်းအေဂျင်စီ(မတ် ၂၉)

    မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးဖမ်းဆီးမှုသည် ပြည်သူလူထု၏အကျိုးစီးပွားကို ထိခိုက်စေသည့်လုပ်ရပ်မဟုတ်သည်ကို သိစေလိုကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက မွန်သတင်းအေဂျင်စီနှင့် ယမန်နေ့ တွေ့ဆုံမေးမြန်းခန်းတစ်ရပ်တွင် ပြောကြားလိုက်သည်။

    မုဒုံမြို့နယ် အဘစ်-ခလယ်တံခွန်တိုင်ကားလမ်းမပေါ်၌ မူးယစ်ဆေးဝါးနှင့် လက်ဝယ်ကိုင်ဆောင်သူ ၈ ဦးတို့အား မွန်ပြည်သစ်ပါတီတပ်ဖွဲ့ နယ်မြေကျော်လွန်ဖမ်းဆီးခဲ့သည်ဟုဆိုကာ မတ်လ ၂၂ နေ့က မွန်ပြည်နယ်အစိုးရ ကန့်ကွက်စာရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။

    “ကျနော်တို့တပ်ဖွဲ့ဝင်တွေ မူးယစ်ဆေးဝါးဖမ်းဆီးတာကို ပြည်နယ်အစိုးရကန့်ကွက်တယ်လို့ ကြားသိရတယ်၊ ကျနော့်အမြင်အရ ခုလိုမူးယစ်ဆေးဝါးဖမ်းဆီးတဲ့ကိစ္စဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားတွေကို ထိခိုက်ပျက်ပြားစေတာမဟုတ်ဘူး၊ တကယ်ဆိုရင် ကျေးဇူးတင်စကားတောင် ပြောပေးသင့်တယ်” ဟု နိုင်ဟံသာက ဆိုသည်။

    မိမိအနေဖြင့် အဆိုပါ ဖမ်းဆီးခဲ့သည့်နေရာအတိအကျမသိရသော်လည်း သတ်မှတ်နယ်မြေကျော်လွန်သည်ဆိုသည့်ကိစ္စထက် မူးယစ်ဆေးဝါးဖမ်းဆီးမိခဲ့သည်က ပြည်သူလူထုအတွက် ပိုမို၍အကျိုးဖြစ်ထွန်းမှုရှိသည်ကို ထည့်တွက်စေလိုကြောင်း ၎င်းက ပြောသည်။

    မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက “NCA စာချုပ်မှာ လက်မှတ်ရေးထိုးပြီးအဖွဲ့ဖြစ်တဲ့အတွက် NCA သဘောတူညီချက်ကို လိုက်နာဖို့ အဓိထားပြီးပြောတာပါ၊ ဖမ်းတဲ့ဟာကို ကျွန်တော်တို့က အပြစ်ပြောတာမဟုတ်ပါဘူး၊ ဖမ်းပြီးသွားရင် ဥပဒေကြောင်းပိုင်းအရ အရေးယူနိုင်ဖို့ သက်ဆိုင်ရာ ရဲတို့ဆီ စနစ်တကျ အပ်နှံမယ်ဆိုရင် ပြောစရာအကြောင်းမရှိဘူး၊ ဒါမှမဟုတ် မဖမ်းခင်ကတည်းက ရဲနဲ့ပူးပေါင်းမယ် ဒီလိုသတင်းရတယ် သွားမယ် ဖမ်းကြမယ်ဟေ့ဆိုရင် လည်း တစ်လက်စတည်း ပြီးတာပေါ့၊ လက်ရှိ တည်ဆဲဥပဒေအရ နေရမယ်ဆိုတာလည်း ပါပြီးသားပါ၊ အဲလိုမျိုးဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့က အားပေးပါတယ် ကူညီဖို့လည်း အသင့်ပါပဲ သူတို့က ဘာမှလည်းမပြောဘဲနဲ့ လုပ်တဲ့အခါ ဘယ်လိုလုပ်ကူညီရမလဲ၊ အဲလို စနစ်တကျလေး ဆောင်ရွက်မယ်ဆိုရင် ကန့်ကွက်ရန်လည်း မရှိဘူး၊ သဘောတူလက်ခံလို့လည်း ရတယ် သဘောတူလက်မခံစရာအကြောင်းလည်းမရှိပါဘူး” ဟု ပြောသည်။

    သို့ရာတွင် ရရှိလာသည့်သတင်းအခြေအနေပေါ်မူတည်၍ ချက်ချင်းသွားရောက် ဖမ်းဆီးရမည့်အနေအထားရှိသဖြင့် ပူးပေါင်းရန်အချိန်ရနိုင်မည်မဟုတ်ကြောင်း၊ ထိုကြောင့် ပူးပေါင်းဖမ်းဆီးနိုင်ရေးအတွက် အစီအစဉ်ပြုလုပ်ထားရန် လိုအပ်ကြောင်း နိုင်ဟံသာက ဆိုသည်။

    ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S တွင် မွန်ပြည်သစ်ပါတီပါဝင်နိုင်ခြင်းမရှိသဖြင့် အစိုးရနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်မည့် ယန္တရားများ မရှိသေးပေ။

    ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလအထိ မွန်ပြည်နယ်အစိုးရမှ အကြောင်းအရာအမျိုးမျိုးဖြင့် မွန်ပြည်သစ်ပါတီသို့ ကန့်ကွက်စာ ၂၈ စောင်ပေးပို့ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

    သမ္မတဦးသိန်းစိန်လက်ထက်၌ မွန်ပြည်သစ်ပါတီအနေဖြင့် ဖမ်းမိသောတရားခံပြေးများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးတရားခံအချို့ကိုလည်းကောင်း သက်ဆိုင်ရာ အာဏာပိုင်များထံ ပြန်လည်အပ်နှံပေးခဲ့သည့်ဖြစ်စဉ်များကို သတင်းမှတ်တမ်းများတွင် တွေ့ရှိရသည်။


    Photo- မွန်ပြည်သစ်ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး(NMSP)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,200SubscribersSubscribe
    spot_img

    Latest posts