Homeသတင်းလက်ရှိ NCA အကောင်အထည်ဖော်မှုသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်လမ်းကြောင်းမှ သွေဖည်နေဟု PPST အဖွဲ့ခေါင်းဆောင်ပြော

လက်ရှိ NCA အကောင်အထည်ဖော်မှုသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်လမ်းကြောင်းမှ သွေဖည်နေဟု PPST အဖွဲ့ခေါင်းဆောင်ပြော

-

မွန်သတင်းအေဂျင်စီ(မတ် ၅)

လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ ရောက်ရှိနေသော NCA အကောင်အထည်ဖော်မှုလမ်းကြောင်းသည် မိမိတို့မျှော်မှန်းထားသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ အာမခံချက်အပြည့်အဝေရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကိုရောက်ရှိစေမည့်လမ်းကြောင်းမှ သွေဖည်သွားပြီဖြစ်ကြောင်း ယနေ့ကျင်းပသော PPST အထူးအစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။

“ပြန်လည်တည့်မတ်ဖို့ရည်ရွယ်ချက်နဲ့ပဲ KNU နဲ့ RCSS ဥက္ကဌ ၂ ဦးကနေ ဆွေးနွေးစရာအချက် (၃)ချက်ပါတဲ့ စာတစ်စောင်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၁) နေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်တို့ဆီကို ပေးပို့ခဲ့ပါတယ်။ အဲ့ဒီ ပေးပို့ခဲ့တဲ့ စာပါ အကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့အကြားမှာ ဆွေးနွေးလိုပါတယ်။ အဲဒီအချက်တွေအပေါ်မှာ ဘုံသဘောထားရယူပြီးရှေ့ ဘယ်လို ဆက်သွားကြမလဲဆိုတာကို ဆွေးနွေးရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဆိုသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAO ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေး ၀၃/၂၀၁၉ ကို မတ်လ ၅ ရက်မှ ၆ ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်၌ ကျင်းပပြုလုပ်လျက်ရှိသည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “ကျွန်တော်တို့ PPST နဲ့ NCA အကောင်အထည် ဖော်ဘက်တွေ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ် အစည်း အရုံး (LDU) တို့အကြား NCA အကောင်အထည်ဖော်မှုဆိုင်ရာတွေနဲ့ ပတ်သက်ပြီး အတူတကွ တွေ့ဆုံညှိနှိုင်းဆွေးနွေးကြမယ့် အစည်းအဝေးတစ်ခု ဖြစ်သလို၊ ကျွန်တော်တို့ကြားမှာရှိနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ် ထားရှိကြတဲ့ အမြင်တွေကိုလည်း မူလရည်မှန်းချက်ပန်းတိုင် ရောက်ရှိရေး ကြိုးပမ်းတဲ့နေရာမှာ ပြည့်မှီ ခြင်းရှိ၊ မရှိ၊ ပြန်လည်သုံးသပ်ညှိနှိုင်းမှု ပြုလုပ်ဖို့ လိုအပ်တဲ့အတွက် ခေါ်ဆိုတဲ့ အထူးအစည်းအဝေးတစ်ရပ်လည်း ဖြစ်ပါတယ်” ဟု ပြောသည်။

အလားတူ နိုင်ငံရေးဆွေးနွေးမှုများသည် ခွဲမထွက်ရေးနှင့် တစ်ခုတည်းသောတပ်မတော်ထားရှိရေးတွင် တစ်ဆို့မှုဖြစ်ပေါ်နေပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံကိုလည်း သတ်မှတ်ချိန်အတိုင်း မကျင်းပနိုင်သည့်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အပေါ် မွန်ပြည်သစ်ပါတီနှင့် မွန်လူထုများ ယုံကြည်မှုကျဆင်းလာသည်ဟု ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကျရောက်သော ၇၂ ကြိမ်မြောက်မွန်အမျိုးသားနေ့၌ မွန်ပြည်သစ်ပါတီမှ သဘောထား ထုတ်ပြန်ခဲ့သည်။

ယခုကျင်းပသော အထူးအစည်းအဝေးသည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာဘ ၁၅ ရက်နေ့က တွေ့ဆုံခဲ့သော အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ (၁၀+၁၀) သီးသန့်အစည်းအဝေးနောက်ပိုင်း ၄ လ အကြာတွင် ပြန်လည်ကျင်းပသည့် အစည်းအဝေးဖြစ်ပြီး၊ အစည်းအဝေးသို့ NCA လက်မှတ်ရေးထိုးထာသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ထိပ်သီးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ငန်းအဖွဲ့ (PPWT) အဖွဲ့ဝင်များနှင့် နည်းပညာအထောက်အကူပြုများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း NCA-S EAO လူမှုကွန်ယက် Facebook စာမျက်နှာတွင် သတင်းဖော်ပြထားသည်။


Photo- PPST အထူးအစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး အဖွင့်မိန့်ခွန်းပြောကြားခဲ့စဉ်(NCA-S EAO)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts