spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းထိုင်းဘတ်ငွေ ၁၇၀၀ လက်ဝယ်တွေ့ရှိသူကိုအမှုဖွင့်သည့်ကိစ္စ လွှတ်တော်ကိုယ်စားလှယ်များဝေဖန်

    ထိုင်းဘတ်ငွေ ၁၇၀၀ လက်ဝယ်တွေ့ရှိသူကိုအမှုဖွင့်သည့်ကိစ္စ လွှတ်တော်ကိုယ်စားလှယ်များဝေဖန်

    -

    မင်းသူရိန် (မုဒုံ-၂၈)

    မုဒုံမြို့နယ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးထံမှ ထိုင်းဘတ်ငွေ ၁၇၀၀ ဘတ် လက်ဝယ်တွေ့ရှိ၍ ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားသည်မှာ မလုပ်သင့်မလုပ်အပ်သည့်ကိစ္စဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုက္ကဌ ဒေါက်တာအောင်နိုင်ဦးနှင့် ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းတို့က ဝေဖန်ထောက်ပြလိုက်သည်။

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာ၊ ဝင်းစိန်တောရဘုရားသွားလမ်းဘေး၌ ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းအချိန်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား မူးယစ်ဆေးဝါးသတင်းအရ မွန်ပြည်နယ်၊ ရဲအကူတပ်ဖွဲ့ခွဲမှ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ၎င်းတို့ နှစ်ဦးထံမှ ထိုင်းဘတ်ငွေ ၁၇၀၀ ဘတ် လက်ဝယ်တွေ့ရှိမှုဖြင့် မုဒုံမြို့မရဲစခန်းမှ (ပ) ၃၅၄/၂၀၁၉၊ နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ – ၄၂ ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်း ဖြစ်သည်။

    ဒေါက်တာအောင်နိုင်ဦးက “၂၀၁၅ မှာ ပြန်ပြင်လိုက်တဲ့ နိုင်ငံခြားငွေ ဥပဒေအရ ဆိုရင် နိုင်ငံခြားငွေကို လက်ဝယ်ထားမယ်တို့၊ ဒါမှမဟုတ် ပြည်တွင်းကို ပြည်ပကနေတင်သွင်းတာတို့ဆိုရင် သတ်မှတ်ချက်နဲ့အညီတင်ပြပြီးတော့ လက်ဝယ်သိမ်းဆည်းခွင့် ရှိတယ်ပေါ့။ ကျွန်တော်တို့မှာ ရွှေ့ပြောင်းအလုပ်သမားတွေလည်းများတယ်။ နောက်တစ်ခု ကျွန်တော်တို့ သိထားတာက ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာအနေနဲ့ဆိုရင် လူတစ်ဦးကို ဒေါ်လာတစ်သောင်းဆီ လက်ဝယ်ထားခွင့်ရှိတယ်ဆိုတဲ့ ဖြေလျော့မှုမျိုးပေးထားတယ်ဆိုတော့ အခု ဖမ်းမိတယ်ဆိုတဲ့ ထိုင်းဘတ်ငွေတန်ဖိုးနဲ့ဆိုရင် ဘာမှ မပြောပလောက်တဲ့ ပမာဏလေးပါပဲ။ ဒါကိစ္စကို ဘယ်လိုမှ အမှုမဖွင့်သင့်တဲ့ ဖြစ်စဉ်ဖြစ်တယ်လို့ယူဆပါတယ်” ဟု ပြောသည်။

    ဥပဒေကြောင်းအရနှင့် ဆင်ခြေတုန်တရားအရ နေရာဒေသကို ကြည့်ပြီး မလုပ်သင့်ကြောင်းနှင့် တာဝန်ရှိသော မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ ဥပဒေအကြံပေးမည့် မွန်ပြည်နယ် ဥပဒေချုပ်တို့ကိုလည်း တိုင်ပင်ညှိနှိုင်းခဲ့ကြောင်း ၎င်းက ဆိုသည်။

    “မွန်ပြည်နယ်ရဲတပ်ဖွဲ့ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်သူ နှစ်ဦးကို အာမခံပေးထားတယ်။ နောက် ဥပဒေအရာရှိရဲ့ အကြံပြုချက်ရယူပြီးတော့ ဖြေလျော့မှုမျိုးတွေ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါ့မယ်ဆိုပြီး ပြောလာပါတယ်။ ဒီကိစ္စကို သုံးသပ်ရရင် ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စပဲလေ။ အကယ်၍ နိုင်ငံခြားငွေတွေ၊ သောင်းနဲ့ချီ၊ သိန်းနဲ့ချီပြီးပါလာရင်တော့ဒါကတေ့ တစ်မျိုးပေါ့ဗျာ”ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

    အဆိုပါ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးထံမှ ထိုင်းဘတ်ငွေ ၁၇၀၀ ဘတ် လက်ဝယ်တွေ့ရှိပြီး အမှုဖွင့်အရေးယူထားမှုဖြစ်စဉ်သည် မြေနိမ့်ရာ လှံစိုက်သော သဘောနှင့် ဥပဒေကြောင်းအရ နှိမ့်ကွပ်သည့် ပုံစံမျိုးဖြစ်နေကြောင်း ၎င်းက ယူဆသည်။

    ရေးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက “ဒီခေတ်က တစ်နေရာနဲ့တစ်နေရာ အလွယ်တကူသွားလာကြတယ်။ နောက်ပြီးတော့ Tourism လုပ်ငန်းကို ဖွံ့ဖြိုးအောင်လုပ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ဒီဟာမျိုးတွေကို မလုပ်သင့်ဘူးပေါ့နော်”ဟု ပြောသည်။

    ဖမ်းမိလိုက်သော အဆိုပါ ထိုင်းဘတ်ငွေ ၁၇၀၀ ဘတ်သည် နည်းနည်းလေးမျှသာတန်ဘိုးရှိသဖြင့် မွန်ပြည်နယ်အတွင်း လူတိုင်းလိုလို ကိုင်ဆောင်ဘူးလေ့ရှိကြောင်း ၎င်းက ဆိုသည်။

    “အဲ့ဒီပမာဏက လူတိုင်းမှာလည်း ရှိနိုင်တယ်။ နောက် Money Changer တွေမှာလည်း ရှိမယ်။ နောက်ပြီး ထိုင်းနိုင်ငံက ပြန်လာလို့ပါလာတာဖြစ်နိုင်သလို၊ ထိုင်းနိုင်ငံကို သွားဖို့အဝင်အထွက်လွယ်ရအောင် ငွေလဲသွားတာလည်း ဖြစ်နိုင်တာပဲလေ။ အခုလို ထိုင်းဘတ်ငွေ ပမာဏ နည်းနည်းလေးကို ဖမ်းလိုက်တာ မလုပ်သင့်ပါဘူး”ဟု ဦးမျိုးဝင်းက ဆက်ပြောသည်။

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာ၊ ဝင်းစိန်တောရဘုရားသွားလမ်းဘေး၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးထံမှ ထိုင်းဘတ်ငွေ ၅၀၀ ဘတ်တန် တစ်ရွက်၊ ၁၀၀ ဘတ်တန် ခြောက်ရွက်၊ ၅၀ ဘတ်တန် တစ်ရွက်နှင့် ၂၀ ဘတ်တန် ၂၈ ရွက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မုဒုံမြို့မရဲစခန်း၏ ရဲမှတ်တမ်းအရ သိရသည်။


    Photo-ထိုင်းဘတ်ငွေ (Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks