Homeသတင်းအမှောင်ထဲရပ်ထားသည့်သစ်တင်ကားကို မီးမပါသည့်ဆိုင်ကယ်ဝင်တိုက်မိ၍ နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

အမှောင်ထဲရပ်ထားသည့်သစ်တင်ကားကို မီးမပါသည့်ဆိုင်ကယ်ဝင်တိုက်မိ၍ နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

-

မင်းချမ်းညီ ( သံဖြူဇရပ်၊ ဇန်-၂၉)

သံဖြူဇရပ်မြို့-ဘုရားသုံးဆူလမ်းမပေါ်တွင် ညအချိန်အမှောင်ထဲရပ်ထားသည့် သစ်တင်ထော်လာဂျီကားကို မီးမပါသည့်မော်တော်ဆိုင်ကယ် နောက်မှဝင်တိုက်မိ၍ လူနှစ်ဦးပွဲချင်းပီးသေဆုံးပြီး တစ်ဦးဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း သံဖြူဇရပ်မြို့မ ရဲစခန်းမှ သိရသည်။

သံဖြူဇရပ်မြို့မ လူမှုကူညီရေးအဖွဲ့ ဒုက္ကဌ ဦးကျော်ဝင်းက “ သူတို့က ရဲတံခွန်ရွာကနေပြီး ထွက်လာတာ။ သူတို့ဆိုင်ကယ်မှာလည်း မီးမပါဘူး။ ခေါင်းမီးအသေးလေးနဲ့လာတယ်။ ကားက ရောင်ပြန်လည်းမပါ ဘာမှမပါဘဲ လမ်းမှာရပ်ထားတော့ သူတို့က မမြင်ဘဲ သစ်ဒုတွေနနဲ့ ဝင်ဆောင့်လို့ နှစ်ယောက်ဆုံးသွားတယ်” ဟု ပြောသည်။

ဖြစ်စဉ်မှာ သံဖြူဇရပ်မြို့မှ ၁၀ မိုင်ခန့် အကွာ သံဖြူဇရပ်မှ ဘုရားသုံးဆူလမ်းမပေါ်ရှိ ဂျပန်တောင်ကုန်း အဆင်းတွင် ဇန်နဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီကျော်အချိန်ခန့်က ရဲတံခွန်ကျေးရွာနေ ဦးတင်မျိုးဝင်း (၃၅ နှစ် ) မောင်းနှင်လာသည့်ဆိုင်ကယ်မှ အမှောင်ထဲတွင် ရပ်ထားသည့် ထော်လာဂျီကားကို အနောက်မှ ဝင်တိုက်မိ၍ ဆိုင်ကယ်မောင်းသူနှင့် ၎င်း၏ သားအလတ် ညီညီမင်းထက်( ၆ နှစ်) တို့မှာ နေရာတွင်ပင် သေဆုံး၊ သမီးငယ်တစ်ဦး ဒဏ်ရာရရှိပြီး အသက် ၃ နှစ်ခွဲအရွယ် သားငယ်တစ်ဦး လွတ်မြောက်ခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတဦးကလည်း “ ရပ်ထားတဲ့ကားမှာ နောက်က ရောင်ပြန်ပြားပါရမယ်။ ဘေးက မီးနဲ့ အဓိက ရောင်ပြန်ပြားပါကိုပါရမယ်။ တဖက်ယာဉ်ကို အန္တရာယ်မဖြစ်စေဖို့ အချက်ပြမီးရှိရပါမယ်။ ဒါတွေက ယာဉ်စည်းကမ်းမှာလည်း ပါပြီးသားပါ” ဟု ပြောသည်။

လက်ရှိမှာ ရပ်ထားသည့် သစ်လုံးတင် ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်များကို စုံစမ်းနေပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူများနှင့် ယာဉ်စည်းကမ်းလိုက်နာမှုမရှိသူများကို အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သံဖြူဇရပ်မြို့မရဲစခန်းမှသိရသည်။

မွန်ပြည်နယ် (၁၀) မြို့နယ်တွင် ၂၀၁၈ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၃၄၆ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၄၆၈ ဦးရှိသဖြင့် ၃ နှစ်အတွင်းအများဆုံးဖြစ်ပေါ်ခဲ့ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


Photo- အမှောင်ထဲရပ်ထားသည့်ကားကို ဆိုင်ကယ်ဝင်တိုက်ခဲ့ပုံ(သံဖြူဇရပ် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts