Homeသတင်း၁၀+၁၀ ထိပ်သီး သီးသန့်အစည်းအဝေးပထမနေ့တွင် တပ်မတော်ထိပ်တန်းအကြီးအကဲနှစ်ဦး နေ့တစ်ဝက်သာတက်ရောက်

၁၀+၁၀ ထိပ်သီး သီးသန့်အစည်းအဝေးပထမနေ့တွင် တပ်မတော်ထိပ်တန်းအကြီးအကဲနှစ်ဦး နေ့တစ်ဝက်သာတက်ရောက်

-

မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၁၆)။ ။ အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA-S EAO အောက်တိုဘာလ ၁၅ ရက်က စတင်ကျင်းပသည့် ၁၀+၁၀ ထိပ်သီး သီးသန့်အစည်းအဝေးပထမနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတိုသည် အစည်းအဝေးနံနက်ပိုင်းသာ တက်ရောက်ခဲ့ပြီး ညနေပိုင်းတွင် မတက်ရောက်ကြောင်း သတင်းရရှိသည်။

ချင်းအမျိုးသားတပ်ဦး CNF ဒုတိယဥက္ကဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က “တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဒုတပ်ချုပ်ကြီး နှစ်ဦးစလုံးက ညနေပိုင်းအစည်းအဝေးမတက်ပါဘူး။ တပ်မတော် အရာရှိကြီးသုံးဦးတော့ တက်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တက်ပါတယ်။ ဆွေးနွေးဖို့ ၇ ခု လုပ်ထားတဲ့အထဲမှာ ၅ ခုကို အောင်မြင်စွာနဲ့ ဆွေးနွေးနိုင်ခဲ့ပါတယ်” ဟု ဆိုသည်။

သို့ရာတွင် အရေးကြီးအပိုင်းဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ၊ ခွဲမထွက်ရေးကိစ္စ၊ တစ်ခုတည်းသော တပ်မတော်ကိစ္စရပ်များကို ပထမရက်နေ့က မဆွေးနွေးဖြစ်သော်လည်း ရလဒ်ကောင်းများ ထွက်ပေါ်မည်ဟု မိမိမျှော်လင့်ကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က ယူဆသည်။

အစိုးရနှင့် NCA-S EAO သီးသန့်အစည်းအဝေး(Myanmar State Counsellor Office)

အဆိုပါထိပ်သီးဆွေးနွေးပွဲကို နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ နံနက် ၁၀နာရီတွင် စတင်ကျင်းပပြီး အစိုးရဘက်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားလက်နက်ကိုင်များခေါင်းဆောင်များမှ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ အသီးသီး အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဒီနေရာမှာ ခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်တဲ့ ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စုကြီးဖြစ်လာအောင် အားလုံးပူးပေါင်းပြီး အကောင်အထည်ဖော်ဖို့ဆိုတာကလည်း အင်မတန်အရေးကြီးတယ်ဆိုတာကို ပြောချင်ပါတယ်” ဟု ထိပ်သီးအစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က ကျမတို့ဖက်ဒရယ်အိပ်မက်ကို ဘယ်လိုအကောင်အထည် ဖော်ကြမလဲဆိုတာကို လက်တွေ့ကျကျ စဉ်းစားဖို့လိုပါကြောင်း၊ စိတ်ကူးစံပြု ဖက်ဒရယ်အိပ်မက်က တစ်ဖက်မှာရှိနေပြီး ဒီကနေ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရှိတရားကလည်း တစ်ဖက်မှာ ရှိနေပါကြောင်း၊ ဒီနှစ်ခုကြားမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားစေသည့် အကြောင်းရင်းခံတွေကို တစ်ခုချင်းဆွေးနွေးညှိနှိုင်းပြီး တဆင့်ချင်းရှေ့ဆက်လျှောက်နိုင်မယ်ဆိုလျှင် ဖြစ်နိုင်ချေလည်းရှိ၊ လက်တွေ့လည်းကျ အကောင်အထည်ဖော် ကျင့်သုံးဖို့လည်း အဆင်ပြေနိုင်မယ့်အခြေအနေတရပ်ကို ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ဆိုသည်။

ထို့အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးဆွေးနွေးခြင်းသည် လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းရေးသာ အဓိကဖြစ်ပြီး နိုင်ငံရေးအထုပ်ဖြေရန်အဓိကမဟုတ်ကြောင်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အလားတူ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက လည်း“ဖက်ဒရယ်မှုကို ရှာဖွေတဲ့နေရာမှာ ခွဲထွက်ရေး၊ ခွဲမထွက်ရေးဆိုတဲ့ကိစ္စမျိုးနဲ့ ဆက်စပ်ထားစရာ မလိုအပ်ပါဘူး” ဟု အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့တွင် ကျန်းမာရေးအရ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌမတက်ရောက်နိုင်သဖြင့် ဒုဥက္ကဌ နိုင်ဟံသာတက်ရောက်ခဲ့ပြီး ကျန်(၉)ဖွဲ့စလုံး၏ ဥက္ကဋ္ဌများကိုယ်တိုင် တက်ရောက်ခဲ့သည်ဟု သတင်းရရှိသည်။

ထိပ်သီးအစည်းအဝေးပထမနေ့၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ယခုနှစ် အတွင်း တစ်ကြိမ်၊ လာမည့် ၂၀၁၉ ခုနှစ်အတွင်း နှစ်ကြိမ် ကျင်းပပြီး ဖက်ဒရယ်အခြေခံမူအားလုံး ရရှိအောင် ဆောင်ရွက်သွားမည်ဟု အတည်ပြုခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts