Homeသတင်း၁၀+၁၀ ထိပ်သီးအစည်းအဝေး အရေးကြီးဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်းမရှိ၊ ဒုတိယနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆက်မတက်

၁၀+၁၀ ထိပ်သီးအစည်းအဝေး အရေးကြီးဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်းမရှိ၊ ဒုတိယနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆက်မတက်

-

မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၁၇)။ ။ နေပြည်တော်၌ နှစ်ရက်ကြာကျင်းပခဲ့သော ၁၀+၁၀ ထိပ်သီး သီးသန့်အစည်းအဝေးတွင် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးကြီးသည့် ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တစ်ခုတည်းသောတပ်မတော်ဖွဲ့စည်းရေး ကိစ္စရပ်များအား ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်းမရှိဘဲ လာမည့် နိုဝင်ဘာလအတွင်း ထပ်မံဆွေးနွေးရန် သဘောတူခဲ့ကြကြောင်း သတင်းရရှိသည်။

ထို့ပြင် အစည်းအဝေးပထမနေ့ ဖွင့်ပွဲနံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ခွန်းတက်ရောက်ပြောကြားခဲ့ပြီးနောက် မွန်းလွဲပိုင်းအစည်းအဝေးသို့ တက်ရောက်ခြင်းမရှိသလို အောက်တိုဘာ ၁၆ ရက် ထိပ်သီးအစည်းအဝေးဒုတိယနေ့တွင်လည်း ဆက်လက်တက်ရောက်ခြင်း မရှိပေ။

အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ‘‘ သူ(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) ပါခြင်း၊ မပါခြင်းက မဟုတ်ပါဘူး။ အဓိကနံပါတ်(၁) တိုင်း ရင်းသားတွေဘက်မှာလည်း ဒီအတွက် ဒါတွေနဲ့ ပတ်သက်လို့ တိတိကျကျပြင်ဆင်ဖို့ အချိန်ကိုလည်း သူတို့က တောင်းတယ်။ အစိုးရ၊ တပ်မတော်ဘက်ကလည်း ကျွန်တော်တို့ဘက်က Proposal တင်တယ်။ အဲဒီ Proposal ကတော့ နှစ်ဖက်၊ နှစ်ခုလွှမ်းခြုံနိုင်တဲ့ဟာမျိုးပေါ့။ သို့သော်လည်း အဲဒီဟာကို ရဖို့အတွက်က ခက်ခဲတယ်။ မူ အားဖြင့်တော့ လက်ခံတယ်’’ဟု ထိပ်သီးအစည်းအဝေးကျင်းပအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

၁၀+၁၀ ထိပ်သီးအစည်းအဝေး ဒုတိယနေ့မြင်ကွင်း(Myanmar State Counsellor Office)

“ခွဲမထွက်ရ” ကိစ္စမပါခြင်းကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆွေးနွေးပွဲတွင် ဝင်မထိုင်ခြင်းမဟုတ်ကြောင်း၊ သို့ရာတွင် တစ်ခုတည်းသောတပ်မတော်ဖြစ်ရေးကိစ္စကို ယခင်က မဆွေးနွေးနိုင်ဘဲရှိနေရာက ယခုအခါစတင်ဆွေးနွေးနိုင်မည့် အချက်ကို ရရှိလာကြောင်း ဦးဇော်ဌေးက ဆိုသည်။

ဦးဇော်ဌေးက “ ဒီနေ့အစည်းအဝေးဆုံးဖြတ်ချက်က တိကျတဲ့ Guideline ပေးထားခြင်း အဲဒီ Guideline ပေးလိုက်တယ် ဘယ်လို ဘယ်လိုလုပ်ဆို လမ်းညွှန်လိုက်တယ်။ အဲဒါကို ကျနော်တို့ ဆက်ပြီးတော့ လုပ်မယ်။ လုပ်တဲ့အခါမှာလည်း Timeline အတိအကျ ကျနော်တို့ သတ်မှတ်ထားတယ်။ အဲဒီအတိုင်း ဝင်အောင် ဆက်ပြီး ဆွေးနွေးမယ်” ဟု ဆက်ပြောသည်။

နိုဝင်ဘာလအတွင်း ပြန်လည်ကျင်းပမည့် ထိပ်သီးအစည်းအဝေးနှင့် လာမည့် ၂၁ ရာစုပင်လုံ (စတုတ္ထအစည်းအဝေး) အတွက် အစိုးရဘက်က ဒေါက်တာတင်မျိုးဝင်းခေါင်းဆောင်သည့်အဖွဲ့နှင့် တိုင်းရင်းသားများဘက်က ပဒိုစောကွယ်ထူးဝင်းခေါင်းဆောင်သည့်အဖွဲ့ကို ဆက်လက် တာဝန်ပေးအပ်ကြောင်း ထိပ်သီးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

သို့ရာတွင် ၂၀၁၈ ခုနှစ်အတွင်း ၂၁ ရာစုပင်လုံညီလာခံတစ်ကြိမ်ကျင်းပနိုင်မည့် အလားအလာမတွေ့မိကြောင်း တိုင်းရင်းသားခေါင်းဆောင်အချို့က ထောက်ပြသည်။

၁၀+၁၀ ထိပ်သီးအစည်းအဝေး ဒုတိယနေ့မြင်ကွင်း(Myanmar State Counsellor Office)

ထိပ်သီးဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်ထုတ်ပြန်ရာတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို ၂၀၂၀ မတိုင်မီ ညီလာခံသုံးကြိမ်ကျင်းပ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူများ ချမှတ်နိုင်ရေး လိုအပ်သည့် အချိန်ဇယားနှင့် ဦးစားပေးလုပ်ငန်းစဉ်များကို သဘောတူညီခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးမှုများ စတင်ပြုလုပ်ရေး၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေးနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ရာတွင် NCA ပါ သဘောတူညီချက်များအတိုင်း ဆက်လက်ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ရေးတို့ကိုလည်း သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ၊ တပ်မတော်၊ လွှတ်တော် ခေါင်းဆောင် ၁၀ ဦးနှင့် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော NCA လက်မှတ်ထိုး တိုင်းရင်းသားအဖွဲ့ NCA-S EAO ၁၀ ဦးတို့၏ ပထမဆုံးအကြိမ် ထိပ်သီးခေါင်းဆောင်များ သီးသန့်ဆွေးနွေးပွဲကို နေပြည်တော်၌ နှစ်ရက်တာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts