Homeသတင်းထမင်းစားနေစဉ် မောင်းထုတ်ရာမှ အဒေါ်အရင်းကို ဓားမဖြင့်ခုတ်သတ်မှုဖြစ်

ထမင်းစားနေစဉ် မောင်းထုတ်ရာမှ အဒေါ်အရင်းကို ဓားမဖြင့်ခုတ်သတ်မှုဖြစ်

-

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ၊ မုတ္တမရပ် ၊ သဲဖြူကုန်းကျေးရွာအုပ်စု ရဲပြားကုန်းရွာတွင် အောက်တိုဘာ (၂၇)ရက်နေ့ ည (၈)နာရီအချိန်ခန့်တွင် တူဖြစ်သူ ထမင်းစားနေစဉ် အဒေါ်ဖြစ်သူက မိမိအိမ်ပေါ်မှာ မနေရန် မောင်းထုတ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း မုတ္တမနယ်မြေရဲစခန်းမှ သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူ တူတော်စပ်သည့် ဖာဒွတ်(ခ)ကျော်ဌေး (၃၉)နှစ်သည် မော်လမြိုင်တွင်နေအိမ်မှ အဆင်မပြေ၍ အဒေါ်ဖြစ်သူ ဒေါ်ရောဂျမ်း (၅၂)နှစ်၏ နေအိမ်သို့လာရောက်ပြီး ထမင်းစားနေစဉ် အဒေါ်ဖြစ်သူမှ မိမိအိမ်ပေါ်တွင် နေထိုင်ရန် ခွင့်မပြုသဖြင့် အိမ်နောက်ဖေးရှိ ဓားမနှင့် တူဖြစ်သူမှ ခုတ်သတ်ခဲ့ကြောင်း မုတ္တမနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် အောင်မင်းကြည်က ပြောသည်။

အဒေါ်အရင်းကိုသတ်သူအား ဖမ်းဆီးရမိစဉ်(မုတ္တမနယ်မြေရဲစခန်း)
“ အဒေါ်အရင်းကို တူအရင်းက သတ်တာပါ ။ အဲဒီအိမ်မှာ အပျိုကြီးနှစ်ယောက်ရှိတယ်။ တူဖြစ်သူက အဒေါ်ဖြစ်သူအိမ်မှာ သုံးလေးလလောက် ဆက်တိုက်နေဖူးတယ်။ အဲမှာ အလုပ်လုပ်ရင်းနဲ့နေတာပေါ့။ မော်လမြိုင်မှာ တရားခံရဲ့အမေအိမ်ရှိတယ်။ သူ့အမေအိမ်မှာ ၁၀ရက်လောက်နေပြီးတော့ သူ့အမေနဲ့ ပြသာနာဖြစ်ပြီး အဒေါ်အိမ်မှာ လာနေဖို့ ခွင့်တောင်းတယ်။ ခွင့်မတောင်းခင်မှာ အဒေါ်ဖြစ်သူအိမ်မှာ သူ့တူကို ထမင်းကျွေးနေသေးတယ်။ ထမင်းကျွေးနေတဲ့အချိန်မှာ တူဖြစ်သူမှ ဒီအိမ်မှာ နောက်ထပ်နှစ်ရက်လောက် ထပ်နေမယ်လို့ ပြောတယ်။ အဒေါ်ဖြစ်သူကလည်း အလုပ်မရှိ အကိုင်မရှိ အရက်မူးနေတဲ့ကောင်ကို ငါ့အိမ်ပေါ်မှာ မပေးနေနိုင်ဘူးပြောပြီး အိမ်ပေါ်ကနေ မောင်းချတာပေါ့။ အကယ်၍ စကားနားမထောင်ရင် သက်ဆိုင်ရာနဲ့တိုင်မယ်ဆိုပြီး အိမ်ပေါ်ကနေဆင်းလာတဲ့အချိန်မှာ တူဖြစ်သူက အနောက်ကနေ လိုက်လာပြီး ခုတ်သတ်လိုက်တာပါ” ဟု ပြောသည်။

တရားခံကျော်ဌေးခုတ်လိုက်သော ဓါးဒဏ်ရာကြောင့် အဒေါ်ဖြစ်သူမှာ ဦးခေါင်းညာဘက်တွင် ၇ လက်မခန့် ပြတ်ရှဒဏ်ရာတစ်ချက် ၊ လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာနှင့် နားပြတ်ရှဒဏ်ရာ တစ်ချက်ဖြင့် ၄င်းအိမ်ရှေ့မှာပင် သေဆုံးခဲ့ကြောင်း သိရသည်။

“အကြောင်းအရင်းကတော့ အရက်သောက်ထားတာလည်းပါတယ်။ ရဲစခန်းရောက်တော့ငိုတယ်။ (သူ့အဒေါ်ကို) လက်နဲ့တောင် ပြန်မရိုက်ဖူးဘူး။ သူ့ကိုယ်သူတောင် ဘယ်လိုဖြစ်သွားမှန်း သူမသိဘူး။ အရက်သောက်တာမကောင်းဘူးလို့ သူနောင်တရတဲ့အကြောင်းပြောတယ်” ဟု စခန်းမှူးက ဆက်ပြောသည်။

လက်ရှိတွင် တရားခံ ကျော်ဌေးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ မုတ္တမနယ်မြေရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးအရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် သထုံခရိုင်၌ လူသတ်မှု (၁၇)မှု ၊ မော်လမြိုင်ခရိုင်တွင် လူသတ်မှု (၄၅)မှုဖြင့် စုစုပေါင်း (၆၂)မှုဖြစ်ပွားခဲ့ကြောင်း ၊ ၂၀၁၇ ခုနှစ်တွင် စက်တင်ဘာလကုန်ပိုင်းအထိ ခရိုင်နှစ်ခုပေါင်း လူသတ်မှု (၄၀) မှုဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းများအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts