Homeသတင်းသထုံမြို့လမ်းလယ်ခေါင်တွင် အမျိုးသားတစ်ဦး ကားကြိတ်သေဆုံး

သထုံမြို့လမ်းလယ်ခေါင်တွင် အမျိုးသားတစ်ဦး ကားကြိတ်သေဆုံး

-

မွန်ပြည်နယ် ၊ သထုံမြို့ မြေနီကုန်း Max ဆီဆိုင်အနီးတွင် အောက်တိုဘာ (၂၈)နေ့ မနက် (၂)နာရီခန့်က အမျိုးသားတစ်ဦး အဝေးပြေးလမ်းမပေါ်တွင် ကားကြိတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သထုံမြို့မရဲစခန်းမှ သတင်းရရှိသည်။

သေဆုံးသွားသည့် အမျိုးသား၏ အမည် ၊ အသက် နေရပ်လိပ်စာများကို စုံးစမ်းစစ်ဆေးနေဆဲဖြစ်ပြီး သထုံလူမှုကယ်ဆယ်ရေးအဖွဲ့မှ အလောင်းကို သထုံပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

လမ်းလယ်ခေါင်ကားကြိတ်သေဆုံးနေပုံ(ဓာတ်ပုံ- Nay Lin Aung)

သထုံမြို့မရဲစခန်းမှ ဒုရဲမှူး မောင်မောင်က “သေဆုံးသူ မည်သူမည်ဝါမှန်း အတည်ပြုလို့ မရသေးပါဘူး။ ခါးအောက်ပိုင်း တစ်ပိုင်းလုံးကို ကားကတက်ကြိတ်သွားတာပါ။ လက်ရှိမှာတော့ ပုဒ်မ ၃၀၄(က)နဲ့ အမှုဖွင့်ထားပါတယ်” ဟု ပြောသည်။

လူကြိတ်ပြီး ထွက်ပြေးသွားသည့်ကားကို စုံစမ်းစစ်ဆေးလျှက်ရှိပြီး သေဆုံးသူ၏အနီးတွင် အရက်ပုလင်းတစ်လုံးတွေ့ရှိရသဖြင့် သေရည်သေရက်သောက်ထားသည်ဟု ယူဆကြောင်း သထုံမြို့မရဲစခန်းမှ ဒုတပ်ကြပ် ကိုလေးက ပြောသည်။

“ကားကြိတ်ခံရတဲ့သူက သထုံမြို့နယ်ထဲက လူလို့ပဲ ခန့်မှန်းပါတယ်။ သတင်းရရချင်း အခင်းဖြစ်တဲ့နေရာကို သွားကြည့်တဲ့အချိန်မှာ အလောင်းက လမ်းလယ်မှာ ကားကြိတ်ခံရတာ တွေ့တယ်။ ကားက တစ်စီးပဲ ကြိတ်သွားတဲ့ အနေအထားမဟုတ်ဘဲနဲ့ တစ်စီးက တိုက်ပြီးလဲကျသွားတဲ့အချိန်မှာ နောက်တစ်စီးက တက်ကြိတ်သွားတယ်လို့ ယူဆရတယ်။ အကြိတ်ခံရသူက အရက်သောက်စားထားတဲ့ လက္ခဏာလည်း တွေ့တယ်”ဟု ပြောသည်။

လက်ရှိတွင် သထုံမြို့မရဲစခန်းမှ ယာဉ်တိုက်၍ လူသေစေမှုပုဒ်မ ၃၀၄(က)ဖြင့် အမှုဖွင့်ထားပြီး တိမ်းရှောင်ထွက်ပြေးသွားသည့် ယာဉ်မောင်းကိုလည်း အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူပင် အောက်တိုဘာလ (၁၃)ရက်နေ့ကလည်း မော်လမြိုင် – မုဒုံလမ်းမကြီး နည်းပညာတက္ကသိုလ်(မော်လမြိုင်)ကျောင်းအရှေ့တွင် ဆိုင်ကယ်မှောက်၍ လမ်းမပေါ်လဲကျနေသော အမျိုးသမီးတစ်ဦးအား ခရီးသည်ယာဉ် မှန်လုံယာဉ်တစ်စီးမှ တက်ကြိတ်မှုဖြစ်ပွားကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သထုံခရိုင်တွင် ၂၀၁၇ ခုနှစ် စက်တင်ဘာလကုန်ပိုင်းအထိ စစ်တမ်းများအရ ယာဉ်တိုက်မှု (၃၄၄)မှုအနက် ကျိုက်ထိုမြို့နယ်တွင် (၁၂၈)မှုနှင့် အများဆုံးဖြစ်ပွားခဲ့ပြီး ဘီးလင်းမြို့နယ်မှာ (၄၉)မှု ၊ သထုံမြို့နယ်မှာ (၉၄)မှုနှင့် ပေါင်မြို့နယ်မှာ (၇၃)မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts