Homeသတင်းချောင်းဆုံမြို့နယ် AMDP အဖွဲ့ဝင်များအား ဘိတ်ကြားပါက မွန်အမျိုးသားကွန်ဖရင့်တက်မည်ဟုဆို

ချောင်းဆုံမြို့နယ် AMDP အဖွဲ့ဝင်များအား ဘိတ်ကြားပါက မွန်အမျိုးသားကွန်ဖရင့်တက်မည်ဟုဆို

-

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP (ဗဟို)အနေဖြင့် မကြာမီကျင်းပမည့် မွန်အမျိုးသားကွန်ဖရင့်ကို တက်ရောက်မည်မဟုတ်ဟု ဆုံးဖြတ်ခဲ့သော်လည်း ချောင်းဆုံ မြို့နယ် AMDP အဖွဲ့ဝင်များအား ပုဂ္ဂိုလ်ရေးအရ ဖိတ်ကြားမည်ဆိုပါက တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် AMDP ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးကို သြဂုတ် ၁၃ ရက်နေ့က ကျင်းပခဲ့ရာတွင် အထက်ပါအတိုင်းဆုံးဖြတ်ချက်ချမှတ်ပြီး AMDP (ဗဟို) ဒုဥက္ကဌ (၁) ထံလိပ်မူသော မြို့နယ်ပါတီအလုပ်အမှုဆောင်၏ သဘောထားစာတစ်စောင် ပေးပို့လိုက်သည်ကို တွေ့ရှိရသည်။

ချောင်းဆုံမြို့နယ် AMDP EC သဘေားထား(Copy)
ချောင်းဆုံမြို့နယ် AMDP EC သဘေားထား(Copy)

“မြို့နယ်(EC) အသီးသီးတို့ရဲ့ သဘောထားဆန္ဒကို ဒီမိုကရေစီနည်းကျကျ ရယူဆောင်ရွက်ခဲ့ခြင်းမရှိဘူး၊ ဒါကြောင့် AMDP ဗဟိုအနေနဲ့ ဆုံးဖြတ်ချက်ကို အချိန်မှီပြန်လည် သုံးသပ်ပြင်ဆင်ဖို့ တိုက်တွန်းပါတယ်” ဟု ချောင်းဆုံမြို့နယ် AMDP အတွင်းရေးမှူး ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

AMDP ပါတီသည် မွန်တိုင်းရင်းသားကိုယ်စားပြုပါတီတရပ်အဖြစ် ရပ်တည်ဆောင်ရွက်သွားမည်ဟု လမ်းစဉ်မူဝါဒ အခိုင်အမာချမှတ်ထားသည်နှင့်အညီ ယခုကျင်းပမည့်မွန်အမျိုးသားကွန်ဖရင့်အား အလေးအနက်ထား အသိအမှတ်ပြုပါကြောင်းနှင့် ပါတီကိုယ်စားပြုတက်ရောက်ရန်သင့်ပါကြောင်း ဒုဥက္ကဌ (၁) ထံပေးပို့သော စာတွင် ဖော်ပြထားသည်။

သို့ရာတွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း လာမည့်သြဂုတ် ၂၂ ရက်နေ့တွင် ကျင်းပမည့် မွန်အမျိုးသားကွန်ဖရင့်သို့ မွန်ဒေသလုံးဆိုင်ရာဒီမိုက ရေစီပါတီ AMDP အနေဖြင့် တက်ရောက်မည် မဟုတ်ကြောင်း သြဂုတ်လ (၉) ရက်နေ့ မော်လမြိုင်မြို့ AMDP ဗဟိုဌာနချုပ်ရုံး ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မွန်အမျိုးသားကွန်ဖရင့်တွင် မွန်ပြည်သစ်ပါတီ NMSP ၄၀ ဦး၊ မွန်အမျိုးသားပါတီ MNP ၃၀ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ၃၀ ဦး၊ မွန်လူမှုအဖွဲ့အစည်းများ CSO’s ၄၀ ဦးတို့အား ဖြစ်မြောက်ရေးကော်မတီက ကိုယ်စားလှယ်အရေအတွက် သတ်မှတ်လျာပေးထားသည်ဟု သိရသည်။

မကြာမီစတင်ကျင်းပမည့် ၂၁ ရာစုပင်လုံ-ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် မွန်အမျိုးသားကိုယ်စားပြုအသံ တစ်ခုတည်းဖြစ်ပေါ်စေရန် မွန်ပြည်သစ်ပါတီက ဦးဆောင်ပြီး မွန်အမျိုးသားကွန်ဖရင့်တရပ်ကို ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက်ရွာတွင် ၃ ရက်ကြာကျင်းပရန် စီစဉ်ထားပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts