Homeသတင်းစတုတ္ထအကြိမ်တိုင်းရင်းမီဒီယာညီလာခံ ရခိုင်ပြည်နယ်တွင်ကျင်းပနေ

စတုတ္ထအကြိမ်တိုင်းရင်းမီဒီယာညီလာခံ ရခိုင်ပြည်နယ်တွင်ကျင်းပနေ

-

နိုင်ငံတကာမြန်မာ့သတင်း Burma News International – BNI ကြီးမှူးပြီး စတုတ္ထကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ၃ ရက်ကြာ ကျင်းပနေသည်။

စတုတ္ထအကြိမ်တိုင်းရင်းမီဒီယာညီလာခံအခမ်းအနားဖွင့်ပွဲ(MNA)
စတုတ္ထအကြိမ်တိုင်းရင်းမီဒီယာညီလာခံအခမ်းအနားဖွင့်ပွဲ(MNA)
အဆိုပါညီလာခံသို့ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား သတင်းဌာန ၁၃ ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းထားသော BNI သတင်းဌာနများအပြင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်တွင်း ပြည်ပ မီဒီယာသမားများ၊ ရခိုင် ပါတီဝင်များ၊ ရခိုင်ပြည်နယ် လူမှုရေး အဖွဲ့အစည်းများအပါအဝင် စုစုပေါင်းကိုယ်စားလှယ်ဦးရေ ၂၀ဝ ကျော် တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

BNI အမှုဆောင် ဒါရိုက်တာ နန်းဖောဂေ က“ မြန်မာနိုင်ငံမှာ တိုင်းရင်းသား အရေးဟာ ပထမဦးစားပေးရတဲ့ အရေးကိစ္စဖြစ်တာမို့ စတုတ္ထမဏ္ဍိုင်မှာ ရပ်တည်နေတဲ့ တိုင်းရင်းသား မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါနေပါတယ်။ ဒီအတွက်ကြောင့်လည်း အခုတစ်ကြိမ်ကျင်းပပြုလုပ်တဲ့ တိုင်းရင်းမီဒီယာမှတဆင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်နဲ့ အကောင်အထည်ဖော် လိုက်တာဖြစ်တယ်” ဟု ပြောသည်။

စတုတ္ထအကြိမ်တိုင်းရင်းမီဒီယာညီလာခံအခမ်းအနားဖွင့်ပွဲ(MNA)
စတုတ္ထအကြိမ်တိုင်းရင်းမီဒီယာညီလာခံအခမ်းအနားဖွင့်ပွဲ(MNA)
ယခုညီလာခံတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရလဒ်အဖြေတစ်ခု ရရှိအောင် မျှော်လင့်ကြောင်း၊ မီဒီယာများအနေဖြင့် ဆက်လက်ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမြအောင် က “ ယခုလို နိုင်ငံရဲ့ နောက်ကျကျန်ခဲ့တဲ့ ပြည်နယ်တွေထဲက တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ်ရဲ့ သတင်းမှန် အခြေအနေတွေကို နိုင်ငံတဝှမ်းလုံး အချိန်နဲ့တပြေးညီ တင်ပြနိုင်ရေးဟာ ပြည်နယ်တွင်းမှာရှိတဲ့ သတင်းမီဒီယာတွေရဲ့ အားထုတ်မှုအပေါ် များစွာတည်မှီနေသလို အခြားတိုင်းရင်းမီဒီယာများအပါအဝင် မြန်မာနိုင်ငံရှိ မီဒီယာများရဲ့ ပံ့ပိုးမှုဟာလည်းမရှိမဖြစ် လိုအပ်တယ်” ဟုပြောသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့နှင့် လိုက်လျောညီထွေစွာ ရှိအပ်သည့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာသည်လည်း အသွင်ကူးပြောင်းရေးကို အားတက်သရော လိုက်ပါဆောင်ရွက် သွားမည်ဆိုလျှင် မိမိတို့အားလုံး မျှော်မှန်းထားသည့် ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ညီလာခံတွင် ပြည်နယ်သတင်းထောက်များ၏ မီဒီယာ အခင်းအကျင်း၊ တိုင်းရင်း အမျိုးသမီးသတင်းထောက်များ အခန်းကဏ္ဍ၊ အစိုးရသစ် နှင့် လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ဒေသ ရှေးဟောင်း ယဉ်ကျေးမှု နှင့် သယံဇာတများ၊ ၂၀၁၅ ရွေးကောက်ပွဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖက်ဒရယ်စနစ် နှင့် ဗဟိုချုပ်ကိုင်မှုဖြေလျှော့ရေး၊ တိုင်းရင်းမီဒီယာ အပေါ် နိုင်ငံတကာအမြင်၊ တိုင်းရင်းသားဒေသ လူမှုအဖွဲ့အစည်းဆိုင်ရာ ရေဒီယို နှင့် ရုပ်သံအစီစဉ်များအပေါ် အမြင်၊ တိုင်းရင်းသား မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်ရေး စသည့် ခေါင်းစဉ်များကို ပါဝင်ဆွေးနွေးခဲ့သည်ကို တွေ့ရှိရသည်။

အလားတူ ပထအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် လည်းကောင်း၊ ဒုတိယအကြိမ် ညီလာခံကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တွင်လည်းကောင်း၊ တတိယကြိမ် ညီလာခံကို ချင်းပြည်နယ်၊ ဟားခါးမြို့ တွင်လည်းကောင်း ကျင်းပခဲ့ပြီး ဖြစ်သည်။

နိုင်ငံတကာမြန်မာ့ သတင်း BNI အဖွဲ့ဝင်များတွင် မွန်သတင်း အေဂျင်စီ၊ ကချင် သတင်းဌာန၊ကုလားတန် သတင်းဌာန၊ ကန္တာရဝတီတိုင်း(မ်)၊ ရွှေဟင်္သာ သတင်းဌာန၊ ကေအိုင်စီ၊ ခိုနူမ်းထုန် သတင်းဌာန၊ နိရဉ္စရာ သတင်းဌာန၊ သတင်းနှင့်မီဒီယာကွန်ယက်၊ သျှမ်းသံတော်ဆင့် သတင်းဌာန၊ သံလွင်တိုင်းမ်၊ မဇ္ဈိမ သတင်းဌာန၊ ချင်းဝေါလ် သတင်းဌာနတို့ ပါဝင်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts