spot_img
Sunday, February 1, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်မွန်အမတ်လောင်းတွေ ခွက်ခွက်လန်မဲရှုံးတဲ့ပွဲ

    မွန်အမတ်လောင်းတွေ ခွက်ခွက်လန်မဲရှုံးတဲ့ပွဲ

    -

    မွန်ပြည်နယ် အနိုင်ရကိုယ်စားလှယ်များ(Facebook)
    မွန်ပြည်နယ် အနိုင်ရကိုယ်စားလှယ်များ(Facebook)
    ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ အမျိုးသမီး(မွန်)ပါတီအပြင် ၄င်းပါတီများမှ ပဲ့ကွဲထွက်လာသော တစ်သီးပုဂ္ဂလများ စုစုပေါင်းမွန်ကိုယ်စားလှယ်လောင်းအားလုံး ၁၀၀ နီးပါးခန့် ၂၀၁၅ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရာတွင် ၄ ဦးသာအနိုင်ရရှိသဖြင့် မွန်အမတ်လောင်းတွေ ခွက်ခွက်လန်ရှုံးတဲ့ပွဲဟု

    ပြောဆိုစမှတ်ပြုစရာ ဖြစ်ပေတော့သည်။

    မဲရှုံးရသည့်အကြောင်းအရင်းအမျိုးမျိုးရှိသည်ဟု ဆင်ခြေပြပြောဆိုစရာရှိသော်ငြား အဆိုပါကိုယ်စားလှယ်လောင်းများအတွက် လုံလောက်သောထောက်ခံမဲအရေအတွက် မရရှိခဲ့သည်က အမှန်ကန်ဆုံးအဖြေ မဟုတ်ပေလော။

    မွန်ပြည်နယ်၌ မွန်၊ ဗမာ၊ ကရင်၊ ပအိုဝ်နှင့် အခြားတိုင်းရင်းသားများ နေထိုင်ကြရာတွင် မွန်တိုင်းရင်းသားဦးရေအများဆုံးဖြစ်သော်လည်း မွန်ကိုယ်စားလှယ်လောင်းများအတွက် လုံလောက်သောမဲအရေအတွက် မရရှိသည့်အရင်းခံမှာ မွန်ပါတီကြီး ၂ ခုဖြစ်နေသောကြောင့်ဟု ထောက်ပြစရာ အခိုင်အလုံရှိနေပါသည်။

    ရွေးကောက်ပွဲမဲစာရင်းရလာဒ်များ၊ စောင့်ကြည့်လေ့လာသူများ၊ မဲဆန္ဒရှင်များ၏ ပြောကြားချက်အရ မွန်ကိုယ်စားလှယ်လောင်းများအား မဲပေးရာတွင် ဇဝေဇဝါဖြစ်နေရခြင်း၊ တစ်ဖက်ပါတီကို မဲပေးလျင်ဘက်လိုက်ရာရောက်ခြင်း၊ မွန်ပါတီများအား မဲပေးလိုသောစိတ်ဆန္ဒမရှိခြင်းနှင့် မွန် ၂ ပါတီအပြိုင်အဆိုင်ဖြစ်နေသည့်အတွက် မွန်ကိုယ်စားလှယ်လောင်းများကို မဲကျရှုံးစေခြင်းပင် ဖြစ်သည်။

    ရွေးကောက်ပွဲဝင် မွန်တစ်ပါတီဖြစ်ရေး အကြိမ်ကြိမ်ကြိုးစားခဲ့သော မွန်သံဃာတော်များ၊ ညီညွတ်ရေးလိုလားသူများနှင့် M23 မွန်အမတ်လောင်းများမဲအောင်နိုင်ရေးအဖွဲ့တို့သည် မွန် ၂ ပါတီဖြစ်နေပါက ရွေးကောက်ပွဲတွင်မဲကွဲသဖြင့် ရှုံးနိမ့်မည့်အနေအထားကိုလည်း ကြိုတင်နိမိတ်ဖတ်ထားပေးပြီး ဖြစ်သည်။

    သို့သော် မွန် ၂ ပါတီခေါင်းဆောင်များအနေဖြင့် မွန်တစ်ပါတီဖြစ်ရေးကို မကြိုးစားကြဘဲ အတို်က်အခံ NLD-အာဏာရ USDP စသည့်အင်အားကြီးပါတီ ၂ ရပ်ပါဝင်သော၂၀၁၅ ရွေးကောက်ပွဲကို မျက်လုံးစုံမှိတ်ဇွတ်အတင်းဖြစ်ကျော်ဝံ့သော အဆိုပါမွန်ပါတီခေါင်းဆောင်များတို့၏ နိုင်ငံရေးရေချိန်ကိုလည်း ၂၀၁၅ ရွေးကောက်ပွဲ နောင်တပြဒါးတိုင်တစ်ခုအဖြစ် ကျန်ရစ်နေတော့သည်။

    ၁၉၉၀ ရွေးကောက်ပွဲတွင် NLD နှင့်အပြိုင် မွန်ကိုယ်စားလှယ်လောင်း ၁၉ ဦးအနက် ၅ ဦး၊ ၂၀၁၀ ရွေးကောက်ပွဲတွင် USDP နှင့်အပြိုင် မွန်ကိုယ်စားလှလောင်း ၃၅ ဦးအနက် ၁၆ ဦးတို့အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲဝင် မွန်ကိုယ်စားလှယ်လောင်း ၁၀၀ နီးပါးတွင် ၄ ဦးသာ အနိုင်ရရှိခဲ့သည့် ယခုဖြစ်ရပ်ကို ခွက်ခွက်လန်မဲရှုံးတဲ့ပွဲဟု မှတ်တမ်းတင်အပ်ပါသည်။

    ထို့ကြောင့် တစ်ခုတည်းသောမွန်ပါတီ ညီညွတ်သောမွန်အင်အားစုဖြစ်ရေး ဆက်လက်မကြိုးစားဘဲ နောင် ၅ နှစ်ကြာမှတစ်ကြိမ် ထပ်မံကျင်းပမည့်ရွေးကောက်ပွဲကို လက်ရှိပကတိရုပ်အတိုင်း နောက်ထပ်ဝင်ရောက်ဦးမည်ဆိုပါက လွှတ်တော်တွင်းသို့ မွန်တိုင်းရင်းသားအမတ်ရောက်ရှိနိုင်ရေး ဝေးသထက် ဝေးနေပါဦးမည်ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီက အသိပေးအပ်လိုက်ပါကြောင်း။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks