Homeသတင်းမောတောင်ကို တိုက်ပွဲဝင်ရန် အသင့်အနေအထား ရှိနေပြီးဖြစ်ကြောင်း BLACK COBRA COLUMN ထုတ်ပြန်

မောတောင်ကို တိုက်ပွဲဝင်ရန် အသင့်အနေအထား ရှိနေပြီးဖြစ်ကြောင်း BLACK COBRA COLUMN ထုတ်ပြန်

-

တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် တိုက်ပွဲများ ပြန်လည်ဖော်ဆောင်ရန် အသင့်အနေအထား ရှိနေပြီဖြစ်သဖြင့် ပြည်သူများ လုံခြုံရေးသတိရှိရန် BLACK COBRA COLUMN က ဇူလိုင်လ ၁၀ရက်နေ့တွင် သတိပေး ထုတ်ပြန်သည်။

တော်လှန်ရေးရဲဘော်များသည် အနားယူခြင်းနှင့် စစ်ရေးပြန်လည်ပြင်ဆင်ခြင်း လုပ်ငန်းစဉ်များ အားလုံးကို ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် မောတောင်ဒေသတွင် တိုက်ပွဲများ ပြန်လည်ဖော်ဆောင်ရန် အဆင့်သင့်ဖြစ်နေပြီး ဖြစ်သည်။

စစ်ရေးအရှိန် ပြန်လည်မြင့်တက်လာတော့မည်ဖြစ်သဖြင့် မောတောင်မြို့အဝင် နကသဂိတ်မှ အမှတ် (၉) ကျေးရွာအထိ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာခြင်းကို လုံးဝတားမြစ်ထားပြီး၊ သွားလာရန် လိုအပ်ပါက အိမ်စီးကားငယ်များနှင့် ဆိုင်ကယ်များကိုသာ အသုံးပြုကြရန် အသိပေးထားသည်။

အထူးသဖြင့် ထုံခါးလမ်းဆုံမှ အမှတ် (၉) ကျေးရွာအထိ လမ်းပိုင်းကို တားမြစ်ဇုန်အဖြစ် သတ်မှတ်ထားပြီး တားမြစ်ထားသော ဒေသအတွင်း ဖြတ်သန်းသွားလာပါက စစ်ရေးပစ်မှတ်နှင့် မှားယွင်း ထိခိုက်နိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် လုံခြုံရေးသတိပေးချက်များကို အထူးဂရုပြု လိုက်နာကြရန် BLACK COBRA COLUMN က နှိုးဆော်ထားသည်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ အပါအဝင် ၎င်းတို့အား သတင်းပေးခြင်း၊ ထောက်လှမ်းခြင်းနှင့် ကူညီထောက်ပံ့မှု ပြုလုပ်နေသူများကို စိစစ်ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ပတ်သက်ဆက်နွှယ်မှု မရှိစေဘဲ လွတ်ကင်းရာတွင် နေထိုင်ကြရန် အသိပေးထားသည်။

၎င်းအပြင် စစ်ကော်မရှင်နှင့် ဆက်စပ်နေသော လူအင်အား၊ လက်နက်၊ ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ချေမှုန်းသွားမည်ဖြစ်သောကြောင့် အများပြည်သူပိုင်ယာဉ်လိုင်းများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်များအနေဖြင့် မည်သည့်အကြောင်းပြချက်နှင့်မျှ တင်ဆောင်ခြင်းမပြုရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ပါ စည်းကမ်းချက်များနှင့် တားမြစ်ချက်များကို လိုက်နာမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်သူများကို ဖမ်းဆီးအရေးယူခြင်းနှင့် ပြင်းထန်စွာ အပြစ်ပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက် သတိပေးတားမြစ်ချက်များကို တိကျစွာ လိုက်နာပေးကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

ယခင်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားခဲ့သော မောတောင်မြို့ကို စစ်ကော်မရှင်တပ်က တနင်္သာရီ-မောတောင်လမ်းကြောင်း ပြန်လည်ရရှိရေးအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ အင်အားအလုံးအရင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့များဘက်မှ လူအင်အား၊ လက်နက်ခဲယမ်းနှင့် နည်းပညာ မမျှတသည့်ကြားမှ ၁ နှစ်နှင့် ၄ လကြာ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ပြီး မောတောင်မြို့ကို ၆ လခန့်ကြာအထိ အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း ၂၀၂၆ ခုနှစ် ဧပြီလမှစတင်၍ စစ်ကော်မရှင်စစတပ်က ဗျူဟာ ၂ ခု၊ တပ်ရင်း ၁၁ ရင်းအထိ အသုံးပြုကာ မြေပြင်ထိုးစစ်၊ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီးနှင့် ဒရုန်းများကိုပါ အရှိန်အဟုန်မြှင့် တိုးမြှင့်အသုံးပြု တိုက်ခိုက်လာခဲ့သည်။

ထိုကဲ့သို့ ကာလရှည်တိုက်ပွဲများကြောင့် ရဲဘော်များ စစ်ပမ်းလာခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူလူထု ထိခိုက်မှု များပြားလာခြင်းတို့ကို လျှော့ချရန်အတွက် တော်လှန်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင် မောတောင်မြို့နှင့် ထုံခါး-မောတောင် လမ်းပိုင်းမှ နည်းဗျူဟာအရ ယာယီဆုတ်ခွာပေးခဲ့ရသည်။

အဆိုပါ ၁ နှစ်နှင့် ၄ လကြာ ဖြစ်ပွားခဲ့သော မောတောင်မြို့ ခုခံကာကွယ်ရေးတိုက်ပွဲကာလအတွင်း စစ်ကော်မရှင်တပ်သား ၅၀၀ ကျော် သေဆုံးခဲ့ပြီး ၁,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ၄၆ ဦးမှာ လက်နက်များနှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ၎င်းတိုက်ပွဲကာလအတွင်း စစ်ကော်မရှင်တပ်ထံမှ စစ်သုံ့ပန်း ၅၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း နိုင်ငံ့အတွက် ရဲဘော် ၅၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူ ကျဆုံးခဲ့ရကြောင်း BLACK COBRA COLUMN က ဆိုသည်။

ပုံ-BLACK COBRA COLUMN

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts