Homeသတင်းကိုပါကြီးအမှုမှန်ဖော်ထုတ်ရေးဆန္ဒပြသူများအား အမှုဖွင့်ထားဟုဆို

ကိုပါကြီးအမှုမှန်ဖော်ထုတ်ရေးဆန္ဒပြသူများအား အမှုဖွင့်ထားဟုဆို

-

ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်ပြီး တရားမျှတစွာ စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆိုခဲ့သည့် တက်ကြွလှုပ်ရှားသူ တချို့ကို တရားမဝင် စီတန်း လှည့်လည်ခြင်း ပုဒ်မ ၁၈နှင့်အမှုဖွင့်ထားသည်ဟု ကိုမိုလ်းသွေးက လွတ်လပ်သောမွန်သတင်းအေဂျင်စီIMNA သို့ ပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၂၆ ရက်၊ ညနေ ၄းဝဝ နာရီအချိန်က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ စုစုပေါင်း (၄၆)ဖွဲ့ စုပေါင်းဆန္ဒသဘောထားထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

Generation Wave အဖွဲ့ ဥက္ကဌ ကိုမိုလ်းသွေးက “အမှု အမှတ် (ပ) ၃၄၃ / ၂၀၁၄ မိုလ်းသွေးနဲ့ အပေါင်းအပါများ ပုဒ်မ (၁၈)နဲ့ အမှုဖွင့် ထားတယ်လို့သိရတယ်၊ ဒါပေမဲ့ ဘယ်လိုပုံစံနဲ့ ဘယ်သူတွေကို ဖွင့်ထားတယ်ဆိုတာ ကျနော့်ဆီကို တရားဝင် အကြောင်းကြားစာ ပေးတာမရှိသေးပါဘူး” ဟု ဆိုသည်။

ထို့နောက် ကိုပါကြီး သေဆုံးမှုတွင် အမှုမှန်ပေါ်ပေါက်ရေး၊ တရားဥပဒေ အတိုင်းအရေးယူပေးရန်၊ နောက်နောင်ပြည်သူများအပေါ် အာဏာနှင့်လက်နက်ရှိသူများ အနိုင်ကျင့်လျော့နည်းသွားစေရန် ရည်ရွယ်ပြီး ဆန္ဒပြခဲ့သည်ဟု ပြောသည်။

အလားတူ ကိုပါကြီးအား အစိုးရစစ်တပ် ပစ်သတ်သေဆုံးမှုကြောင့် စက်တင်ဘာ ၂၇ ရက်တွင် မန္တလေးမြို့ အရပ်ဘက်အဖွဲ့အစည်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မြို့ခံ ၃ဝဝ ခန့်က ဖယောင်းတိုင်မီးထွန်းပြီး ဆန္ဒပြခဲ့ကြသည်။

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် အမှတ် (၅) ရဲစခန်း တာဝန်ကျ အရာရှိတစ်ဦးက ” အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေထဲက ယောက်၂၀ ခန့်ကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတယ်၊ ဘယ်သူ ဘယ်ဝါဖြစ်သလဲဆိုတာ အခု စိစစ်နေတုန်းဘဲ” ဟု ပြောသည်။

အောက်တိုဘာလ ၂၉ရက်တွင်လည်း ပြည်မြို့တွင် Generation Wave အဖွဲ့ဝင်များမှ မဟာမိတ် ဒီမိုကရက်တစ် အင်အားစုများနှင့်အတူ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ထို့အပြင် ညီညွတ်သောအမျိုးသား ဒီမိုကရေစီအဖွဲ့ကလည်း အလွတ်တန်းသတင်းထောက် ကိုပါကြီး ပစ်ခတ်သတ်ဖြတ်မှုအား ပွင့်လင်းမြင်သာစွာ စုံစမ်းဖော်ထုတ်၍ အပြစ်မှု ကျူးလွန်သူများကို ပြည်သူရှေ့မှောက်တွင် မှန်ကန်စွာ တရားစီရင်ပေးရန် စက်တင်ဘာ ၂၇ ရက်တွင် တောင်းဆိုခဲ့သည်။

အလွတ်တန်းသတင်းထောက် ကိုပါကြီး ကို ကျိုက်မရောမြို့ အခြေစိုက် အမှတ် ၂၀၈ ခြေမြန် တပ်ရင်း ထိမ်းသိန်းထားစဉ် အောက် တိုဘာလ ၄ ရက်နေ့ ညကင်းစောင့်နေသည့် စစ်သားဆီမှေသနတ်လုပြီး ထွက်ပြေးရန် ကြိုးစားခဲ့ သည့်အတွက် အသေဖမ်းဆီးမိ ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts