Homeသတင်းအလွတ်တန်း သတင်းထောက် ကိုပါကြီးသေဆုံးမှုကိစ္စ အမှုဖွင့်ပြီ

အလွတ်တန်း သတင်းထောက် ကိုပါကြီးသေဆုံးမှုကိစ္စ အမှုဖွင့်ပြီ

-

အလွတ်တန်း သတင်းထောက် ကိုပါကြီး (ခေါ် ) ကိုအောင်ကျော်နိုင် သေဆုံးမှုနှင့် ပတ်သက်ပြီး အောက်တိုဘာ ၂၆ ရက်နေ့တွင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရဲစခန်း၌အမှုဖွင့်ခွင့်ရခဲ့ရှိပြီးဟု ဇနီးဖြစ်သူ မသန္တာက လွတ်လပ်သော မွန်သတင်း အေဂျင်စီ (IMNA) သို့ ပြောသည်။

မသန္တာ က “မနက် ၉ နာရီမှာ ရဲစခန်းမှာ အမှုဖွင့်တာကို လက်မခံပါဘူး၊ ညနေ ၄ နာရီ ကျော်မှာ ခရိုင်းမှူးက အမှုစွဲခွင့် ပေးမယ်လို့ ဖုန်းနဲ့ အကြောင်းပြန်တယ်၊ ခရိုင်ရုံးမှာတော့ မဟုတ်ဘူး မြို့နယ်ရုံးမှာ ပြန်ပြီး တရားစွဲရမယ်လို့ ပြောခဲ့တယ်၊ အခု ၁၁ / ၂၀၁၄ အမှု ဖွင့်ခွင့်ရခဲ့တယ်” ဟုပြောသည်။

ထို့နောက် ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်ပြီး တရားမျှတစွာ ပြန်လည် စစ်ဆေးပေးရန်၊ အလောင်း ပြန်လည် ရယူရန်၊ အပြစ်ကျုးလွန် သူကို ထိထိရောက်ရောက် အရေးယူပေးရန် တောင်းဆိုထားပြီး၊ တရားလိုဘက်မှ ရှေ့နေကို ရောဘတ်ဆန်းအောင်က ကူညီဆောင်ရွက် သွားမည်ဟု ပြောသည်။

“သေမှုသေခင်း ဖြစ်တဲ့အတွက် အချိန်တော့ပေးရမယ်လို့ ရဲစခန်းက ပြောတယ်၊ အလောင်းကို ပြန်လည်ဖော်ယူပြီး၊ မှုခင်းဆေးစစ်ချက် နဲ့ စစ်မယ်၊ ပြီးမှ အလောင်းကို ပြန်လည်သယ်ယူခွင့် ရမယ်” ဟု မသန္တာ က ပြောသည်။

တစ်လနီးပါးကြာ ပျောက်ဆုံးနေသည့် အလွတ်တန်းသတင်းထောက် ကိုပါကြီး ကို ကျိုက်မရောမြို့ အခြေစိုက် အမှတ် ၂၀၈ ခြေမြန် တပ်ရင်း ထိမ်းသိန်းထားစဉ် အောက်တိုဘာလ ၄ ရက်နေ့ ညကင်းစောင့်နေသည့် စစ်သားဆီမှသေနတ်လုပြီး ထွက်ပြေးရန် ကြိုးစားခဲ့ သည့်အတွက် အသေဖမ်းဆီးမိခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ယင်းအလောင်းကို ကျိုက်မရောမြို့အနီး ရွှေဝါချောင်ကျေးရွာ တောင်ဘက်တစ်နေရာ မြေမြုပ်သင်္ဂြိုလ်လိုက် ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းသို့ ကိုပါကြီးသေဆုံးမှုနှင့်ဖမ်ဆီးမှုတွင် တာဝန်ရှိသူ ခမရ ၂၀၈ တပ်ရေးဗိုလ်ကြီး စန်းမင်းအောင်ကို အလောင်းဖျောက်ဖျက်မှု၊ ညှင်းပန်းသတ်ဖြတ်မှု၊ မတရားဖမ်းဆီးမှုတို့ဖြင့် တိုင်ကြားခဲ့ရာ သေမှု သေခင်း အမှတ် ၁၁/ ၂၀၁၄ ဖြင့် အောက်တိုဘာ ၂၆ ရက်၌ ကျိုက်မရောမြို့မရဲစခန်းမှှူးက အမှုကို လက်ခံခဲ့သည်။

ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး၏ အလောင်းကို ပြန်တူးဖော်ခွင့်ရရှိရန် သက်ဆိုင်ရာ အထက်အဆင့်ဆင့်သို့ ခွင့်ပြုချက်တောင်းခံ ထားကြောင်း ကျိုက်မရောမြို့မ ရဲစခန်းမှ သိရသည်။

ကိုပါကြီးသည် စက်တင်ဘာလ အတွင်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အစိုးရတပ်မတော်နှင့် DKBA တပ်ဖွဲ့အကြား ပစ်ခတ်မှု၌ တိုက်ပွဲသတင်းလိုက်ယူရင်း အဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts