Homeသတင်းကချင်ဒေသ စစ်ဆင်နေသည့်အပေါ် အပစ်ရပ်စဲရေး သံသယ ပိုမိုကြီးထွားစေနိုင်

ကချင်ဒေသ စစ်ဆင်နေသည့်အပေါ် အပစ်ရပ်စဲရေး သံသယ ပိုမိုကြီးထွားစေနိုင်

-

UNFC အစည်းအဝေးမြင်ကွင်းတစ်ခု(Facebook)
UNFC အစည်းအဝေးမြင်ကွင်းတစ်ခု(Facebook)
ခတ္တာနန်း – တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ဆွေးနွေးနေသည့်ကာလတွင် ကချင်ပြည်နယ်အတွင်း လက်ရှိ မြန်မာစစ်တပ် တိုက်စစ်ဆင်နေသည့်အပေါ် အပစ်ရပ်စဲရေးအတွက် သံသယ ပိုမိုကြီးထွားစေကြောင်း UNFC

အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

ယမန်နေ့တွင်ကျင်းပပြီးစီးခဲ့သည့် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အရေးပေါ်အစည်းအဝေးက အဆိုပါကချင်ဒေသတိုက်ပွဲများနှင့်ပတ်သက်၍ ယခုရက်ပိုင်းအတွင်း ကြေညာချက်တစ်စောင်ထုတ်ပြန်မည်ဟု ဆိုသည်။

နိုင်ဟံသာက “ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေတဲ့အခုလိုအချိန်မှာ ကချင်ဒေသထဲ အစိုးရစစ်ကြောင်းတွေ ပိုမိုတိုက်စစ်ဆင်နေတာဟာ တစ်ဖက်နဲ့ တစ်ဖက် သံသယတွေပိုပြီး ကြီးထွားစေနိုင်တယ်၊ ဆွေးနွေးပွဲလုပ်နေတဲ့အချိန်မှာ ဒီလိုလုပ်ရပ်တွေ မလုပ်သင့်ပါဘူး” ဟု ဆိုသည်။

UNFC အရေးပေါ်အစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့ ရေးဆွဲထားသည့် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းအပေါ် ညှိုနှိုင်ဆွေးနွေးရရှိခဲ့မှုအခြေအနေများနှင့် ညှိုနှိုင်းမှု မရရှိနိုင်သေးသည့်အချက်များကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ညှိုနှိုင်းမှုမရရှိနိုင်သေးသည့်အချက်များအနက် တပ်မတော်၏သဘောထား ၆ ချက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အဓိကလက်မခံနိုင်သည့်အချက်မှာ “တည်ဆဲဥပဒေအတိုင်းလက်ခံကျင့်သုံးရန်” “၂၀ဝ၈ အခြေခံဥပဒေကိုလက်ခံကျင့်သုံး၍ အခြေခံဥပဒေတွင်ခွင့်ပြုထားသည့်အတိုင်း အများပြည်သူသဘောဆန္ဒအလျှောက် ပြင်ဆင်သွားရန်” အချက်တို့ ဖြစ်သည်ဟု နိုင်ဟံသာက ထောက်ပြသည်။

ယခုဧပြီလဆန်း ၅ ရက်မှ ၈ ရက်နေ့အထိ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် မူကြမ်းရေးဆွဲရန်အတွက် NCCT နှင့် UPWC တို့ ရန်ကုန်မြို့တွင်တွေ့ဆုံပြီးနောက် UNFC ၏ အရေးပေါ်အစည်းအဝေးကို ဧပြီလ ၂၁-၂၂ ရက်နေ့များတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဆက်လက်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

KIA ဒုစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်က “အောက်တိုဘာလတုန်းက မြစ်ကြီးနားမှာ အစိုးရကိုယ်စားလှယ်များနဲ့ KIO ကိုယ်စားလှယ်များက နှစ်ဘက်တိုက်ပွဲတွေကို လျှော့ချဖို့ဆိုတာ ကတိကဝတ်တွေလည်း ရှိပါတယ်။ အဲ့ဒီတော့ ဒီဆွေးနွေးပွဲတွေမှာကော ဒီကတိတွေ ရှိနေရင်းနဲ့လည်း အခုလို တိုက်ပွဲတွေဖြစ်တယ်ဆိုတာက ဒီဆွေးနွေးမှုအပေါ်မှာ အများကြီး အနှောင့်အယှက်ပေးနိုင်ပါတယ်”ဟု ပြောသည်။

လာမည့်မေလ ပထမပတ်တွင်လည်း တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် မူကြမ်းရေးဆွဲရန်အတွက် NCCT နှင့် UPWC ပြန်လည်တွေ့ဆုံဆွေးနွေးကြမည်ဟု မြန်မာငြိမ်းချမ်းရေးစင်တာ MPC မှသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts