Homeသတင်းသတင်းထောက်များ မော်လမြိုင်တွင် ဆန္ဒထုတ်ဖော် ကြမည်

သတင်းထောက်များ မော်လမြိုင်တွင် ဆန္ဒထုတ်ဖော် ကြမည်

-

သတင်းထောက်များဆန္ဒထုတ်ဖေါ်သည့်မြင်ကွင်းတစ်ရပ် (Internet)
သတင်းထောက်များဆန္ဒထုတ်ဖေါ်သည့်မြင်ကွင်းတစ်ရပ် (Internet)
အေမီအောင် – မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ လာမည့်ဧပြီလ ၂၅ ရက်နေ့တွင် မွန်ပြည်နယ်အခြေစိုက် သတင်းထောက်များ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သွားမည်ဟု The voice သတင်းထောက် ကိုဉာဏ်စိုးဝင်းက ပြောသည်။

အဆိုပါဆန္ဒထုတ်ဖေါ်ခွင့်မှာ “လွတ်လပ်စွာသတင်းရယူခွင့် အပြည့်အဝရရှိရေးနှင့် မတရားဖမ်းဆီးထောင်ချထားသော DVB သတင်းထောက် အမြန်ပြန်လွှတ်ပေးရေး” ကြွေးကြော်သံများဖြင့် သတင်းထောက်များ(၁၀ဝ) ခန့်တက်ရောက်ရန် ခန့်မှန်းထားသည်ဟု သူကဆိုသည်။

ကိုဉာဏ်စိုးဝင်းက “အနက်ရောင် တီရှပ်လက်တိုပေါ် အနီရောင်စာသားနဲ့ အရှေ့ဘက်မှာ FREE PRESS၊ အနောက်ဘက်မှာ အဖမ်းဆီးခံသတင်းထောက်များ ချက်ချင်းလွှတ် အင်္ကျီဝတ်ပြီး ဆန္ဒထုတ်ဖော်ကြမယ်၊ ဟောပြောမယ့်အစီအစဉ်တော့မရှိပါဘူး”ဟု ပြောသည်။

ဧပြီလ၂၅ ရက်နေ့၊ နံနက် (၇) နာရီ၌ အမှတ် (၄) တံတား၊ ဘုန်းကြီးစာသောက်ဆိုင်ရှေ့မှ စတင်နေရာယူ၍ ကမ်းနားလမ်းအတိုင်းချီတက်ကာ နံနက် (၁၀) နာရီတွင် ဘိုကုန်းရပ်ကွက်၊ သံလွင်ဈေးကွေ့အထိ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်သွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲအား သက်ဆိုင်ရာသို့တင်ပြခဲ့ရာ မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးက ဧပြီလ ၂၂ ရက်နေ့စွဲဖြင့် ခွင့်ပြုထားပြီဟု သိရသည်။

DVB သတင်းဌာနမှ သတင်းထောက် ကိုဇော်ဖေ(သူရသက်တင်)အား မကွေးမြို့နယ်တရာရုံးမှ ဝတ္တရားနှောက်ယှက်မှု၊ ပိုင်နက်ကျူးကျော်မှုတို့ဖြင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ခြင်းအပေါ် အမြန်ဆုံးပြန်လည် လွှတ်ပေးရန်နှင့် သတင်းထောက်များ လွတ်လပ်စွာ သတင်းရယူခွင့်အပြည့်အဝရရှိစေရန် ရည်ရွယ်သည်ဟု ကိုဉာဏ်စိုးဝင်းက ဆိုသည်။

သံဖြူဇရပ်အခြေစိုက်မွန်သတင်းထောက် မင်းထူးသစ်က “ဆန္ဒထုတ်ဖေါ်ဖို့အတွက် ကျနော်တို့ကိုလည်း ဘိတ်ကြားထားတယ်၊ သတင်းထောက်သက်သက်တော့ ၁၀ဝ ပြည့်ဖို့မလွယ်ပါဘူး၊ အခြားလှုပ်ရှားသူတွေလိုက်ပါရင်တော့ မှန်းထားတာထက်ပိုများပါလိမ့်မယ်” ဟု ပြောသည်။

အလားတူ သတင်းထောက်အချို့ တရားစွဲထောင်ချခံရသဖြင့် မီဒီယာလွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရသည့်အတွက် မြန်မာ ဂျာနယ်လစ်ကွန်ရက် (MJN) ဦးဆောင်၍ သတင်းမီဒီယာသမား ၁၅၀ ကျော်တို့ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရန်ကုန်မြို့တော်၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်ကို တွေ့ရှိရသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာ့သတင်းမီဒီယာလောက လွတ်လပ်လာသည်ဟုဆိုသော်ငြား သတင်းထောက်များ မကြာခဏဖမ်းဆီးတရားစွဲခံနေရသဖြင့် ဆန္ဒထုတ်ဖော်မှုများမကြာခဏ ပြုလုပ်လာကြသည်ကို သတင်းများတွင်ဖတ်ရှုနေရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts