မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ၂၀၁၇ ငြိမ်းချမ်းရေးနှစ်မဖြစ်ခဲ့ပါ

၂၀၁၇ ငြိမ်းချမ်းရေးနှစ်မဖြစ်ခဲ့ပါ

ရေးသားသူ:

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းဝေးတွေကို တစ်နှစ်လျှင် ၂ ကြိမ်ကျင်းပရန် ဆုံးဖြတ်ချက် ချထားသော်လည်း ယခုနှစ်တွင်တစ်ကြိမ်သာ ကျင်းပနိုင်ခဲ့သည်ကို တွေ့ရခြင်းက မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ အနုတ်လက္ခဏာဟု သတ်မှတ်နိုင်မည် ထင်သည်။

NCA လက်မှတ်ရေးထိုးသော ၈ ဖွဲ့အနက် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီALP တို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (လူမျိုးအလိုက်) ကျင်းပခွင့် မရဖြစ်နေရာက နိုင်ငံတော်အတိုင်ပင်ခံ ကြားဝင် စေ့စပ်မှုဖြင့် RCSS အမျိုးသားအဆင့် နိုင်ငံရေးဆွေနွေးပွဲ(ရှမ်းလူမျိုး)ကို လင်းခေးမြို့တွင် ကျင်းပခွင့် ရခဲ့သည်။

ကချင်စစ်ပြေးဒုက္ခသည်အချို့-(Internet)
သို့သော်လည်း ALP ကမူ ကျင်းပခွင့် မရသေးသကဲ့သို့ ကျင်းပခွင့်ရသော RCSS သည်လည်း ယခုရက်ပိုင်းအတွင်း အကြိုဆွေးနွေးပွဲကို ပင်လုံ၊ လားရှိုးနှင့် တာချီလိတ်နှင့် ကျောက်မဲမြို့များ၌ ကျင်းပရာမှာ တပ်မတော်၏ ဟန့်တားမှုနှင့် ကြုံတွေ့ခဲ့ရသည်။

အစိုးရ ခွင့်ပြုထားသော်လည်း သက်ဆိုင်ရာ စစ်တိုင်းမှ ကန့်ကွက် ဟန့်တားနေမှုက မေးခွန်းထုတ် စရာ ဖြစ်ခဲ့သည်။ရှမ်းလူထု အစည်းအဝေးပွဲတွင် အစိုးရနှင့်စစ်တပ် သဘောထား ကွဲလွဲနေသည်ဟုလည်း ပြောဆိုသံ များ ထွက်ပေါ်လာခဲ့သည်။

ထို့အပြင် ယခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် အစိုးရမှတရားဝင် ထုတ်ဖော်သတ်မှတ်ခဲ့သော်လည်း ငြိမ်းချမ်းရေးနှစ် ဖြစ်မလာသည့်အပြင်တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လမ်းကြောင်းကို လက်မခံသည့် မြောက်ပိုင်းဒေသမှ အင်အားကြီး လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ ပေါင်းစည်းထားသော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ပေါ်ပေါက်လာခြင်းက လက်ရှိ NCA လမ်းကြောင်းဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုကို အဓိကစိန်ခေါ်လျက်ရှိနေသည်။

UWSA “ဝ” ဦးဆောင်သည့် FPNCC တွင် ကချင် (KIO)၊ ရှမ်း (SSPP)၊ မိုင်းလားအဖွဲ့( NDAA)၊ ကိုး ကန့်(MNDAA)၊ တအန်း(TNLA)၊ရက္ခိုင့် (AA) တို့ပါဝင်ကြပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ ့များ၏ ၈၀ ရာခိုင်နှုန်း အင်အားရှိသည်။တိုင်းရင်းသားအရေးကျွမ်းကျင်သူများက မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အာလုံးပေ့င်း အင်အားမှာ ၁ သိန်းကျော်သည့်တိုင် FPNCC သည် အင်အား ၈ သောင်းဝန်းကျင်ရှိကြောင်း ဆိုသည်။

ထိုကြောင့် FPNCC အဖွဲ့ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်မှုမရှိပါက ပြည်တွင်းစစ်မီး သံသရာ သက်ဆိုး ရှည်ကြာနေအုံးမည်။

၂၀၁၁ ခုနှစ်က အစိုးရနှင့်တပ်မတော်မှ ကိုယ်စားလှယ်များ ပါဝင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ ပါဝင်သော တနိုင်ငံလုံး ပစ်ခတ်တိုင်ခိုက်မှုရပ်စဲရေးဆိုင်ရာ ဆွေးနွေး ညှိနှိုင်းရေးအဖွဲ့(NCCT)တို့ငြိမ်းချမ်းရေး ဖော်ဆောင်မှု မြန်ဆန် ထိရောက်စေသည့်တိုင် ယခုအခါမှာ NCA အပေါ် ချဉ်းကပ်မှုမှာ အမျိုးအစားသုံးမျိုး ခွဲလာခဲ့သည်။

မည်ကဲ့သို့ဆိုသော EAO’s တွင် NCA ထိုး ၈ ဖွဲ့၊ NCA လက်မခံ ၇ ဖွဲ့နှင့် NCA ထိုးရန် ဈေးဆစ်(အဆိုပြုချက် ၉ ချက်ကို အစိုးရကလက်ခံပါက လက်မှတ်ထိုးမည့် UNFC)နေသည့် ၄ ဖွဲ့ဆိုပြီး လမ်းကြောင်း ၃ သွယ်ဖြစ်နေသည်။

ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးဖော်ဆောင်နေမှုသည် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က ရယူခဲ့သော ငြိမ်းချမ်းရေး အသီးအပွင့်များကိုပင် ဆက်လက် မထိန်းနိုင် မသိမ်းနိုင်သည့် အခြေအနေ ဖြစ်ပေါ်လာနေသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (PC)တို့ ၁ နှစ်ခွဲကျော် ဆွေးနွေးလာခဲ့ရာမှာလည်း အဆင်မပြေသေးပဲ ဖြစ်နေသည်။UNFC နှင့် အစိုးရကြားက ဆွေးနွေးပွဲများသည် မူအားဖြင့် သဘောတူညီထားသည်ဟု အပ်ကြောင်း ထပ်အောင် ပြောဆိုနေသည့်တိုင် သဘောတူထားပြီး အချက်များကိုပင် အစမှပြန်လည်ဆွေးနွေးနေရသည်။

သဘောတူညီချက် ညှိမရသည့် အချက်မှာ လွှတ်တော်တွင် ဆွေးနွေးကြရမည့် ဖက်ဒရယ်ဒီမိုကရေစီနှင့် ဒီမိုကရေစီဖက်ဒရယ် ဆိုသော ဝေါဟာရအပေါ် အငြင်းပွားနေကြသည်။

ထိုသို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်တွင် DPN နှင့် PC တို့၏ ဆွးနွေးမှုက အဆုံးသတ်လိုက်ရမလို ရှေ့တိုးမရဖြစ်နေပြီး အဆုံးအဖြတ်ပေးနိုင်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်ချုပ်နှင့် သက်ဆိုင်ရာ ထိပ်သီး တိုင်းရင်းသားခေါင်းဆောင်များ မျက်နှာချင်းဆိုင်တွေ့ဆုံရမည့် အနေအထားသို့ ရောက်ရှိလာပြီဟု DPN ဘက်မှ ထုတ်ပြန် ထားသည်။

သို့ရာတွင် UNFC ၏ အဆိုပါ တွေ့ဆုံရေး အဆိုပြုချက်ကို အစိုးရနှင့်တပ်မတော် ထိပ်သီးခေါင်းဆောင်များ အကြောင်းပြန်ကြားခြင်းမရှိသေးပေ။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူ တဦးက UNFC သည် အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး တာဝန်ခံ PC နှင့် တွေ့ဆုံ၍ မည်သည့် အချက်များ ကို ဆွေးနွေးမည် အပါအဝင် မည်သည့် အချိန်တွင် တွေ့ဆုံရန်နှင့် မည်သည့် ပုဂ္ဂိုလ်များ ပါဝင်မည် ဖြစ်ကြောင်းကို မဆွေးနွေးပဲ ထုတ်ပြန်ခဲ့ခြင်းက နည်းလမ်းမကျဟု ထောက်ပြသည်။

ထို့ကြောင့် တတိယအကြိမ် ၂၁ ရာစုပင်လုံအစည်းဝေးသို့ UNFC ပါဝင်နိုင်မည့်အနေအထား လမ်းစမမြင်သေးပေ။

တဖက်တွင်လည်း ငြိမ်းချမ်းရေးကော်မရှင် (PC ) အနေနှင့် KIO၊ UWSA ခေါင်းဆောင်များနှင့် မကြာခင်က တွေ့ဆုံ ခဲ့သည့်တိုင်KIO ထိန်းချုပ်နယ်မြေများတွင် သေနတ်သံများ ပိုမိုကျယ်လောင်လာပြီး စစ်လေယာဉ်နှင့်ဗုံးကြဲသည်အထိ ပြင်းထန်လာသည်။

ခရစ်ယာန်ဘာသာဝင် ကိုယ်းကွယ်ကြသော ကချင်တိုင်းရင်းသားတို့၏ ခရစ်စမတ်ပွဲတော်ရာသီကာလ ရောက်လေတိုင်း မြန်မာစစ်တပ်မှ ထိုးစစ် ဆင်နေခဲ့သည်မှာ ၆ နှစ်ရှိပြီဟုလည်း ကချင်ဒုက္ခသည်စခန်းမှ အမျိုးသမီးတစ်ဦးက ဆိုသည်။

အထူးသဖြင့် နေပြည်တော်နှင့် ရန်ကုန်မြို့၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေချိန်တွင် ရှေ့တန်းနေရာများ၌ သေနတ်သံများ ပိုမိုကျယ်လောင်လာတတ် သည်ကိုလည်း သတိပြုမိပါသည်။

တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးပြီး အဖွဲ့ကြား(RCSS) ၊ NCA လက်မှတ်ထိုးပြီးနှင့် မထိုးအဖွဲ့ကြား(RCSS&TNLA)၊ NCA လက်မှတ်မထိုးအဖွဲ့နှင့် တပ်မတော်ကြား၊ ခွဲထွက် (DKBA) နှင့် ကရင် နယ်ခြားစောင့် (BGF) ကြား တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းက မြန်မာပြည် မငြိမ်းချမ်းခြင်း၏ သင်္ကေတများပင် ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် Asia Foundation သုတေသီအဖွဲ့က မြန်မာပြည်မှာ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားသည့် ဒေသများကို လေ့လာပြီး The Contested Areas of Myanmar ဆိုသော အစီအရင်ခံစာ ထုတ်ပြန်ခဲ့သည်။

တိုင်းနှင့်ပြည်နယ် (၁၄) ခုတွင် (၁၁) ခုမှာ လက်နက်ကိုင် လှုပ်ရှားမှုများရှိကြောင်း၊ မြို့နယ်ပေါင်း (၃၃၀) တွင် (၁၁၈) ခုမှာ အစိုးရကိုဆန့်ကျင်လျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရှိနေကြောင်း၊ စုစုပေါင်း တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့ပေါင်း(၂၀) ကျော် ရှိသည့်အနက် (၈) ဖွဲ့ NCA လက်မှတ်ရေးထိုးထားကြောင်း၊ မြို့နယ် (၁၀ဝ) ကျော်ရှိ လူဦးရေ (၁၂) သန်းကျော်မှာ ပြည်တွင်းစစ်ဒဏ်ကို ခံနေရဆဲဖြစ်ကြောင်း၊ ရှမ်းနှင့် ကချင်ပြည်နယ်မှာ တိုက်ပွဲရှောင်ဒုက္ခသည် ၁ သိန်းနီးပါးရှိကြောင်း ဖော်ပြထားသည်။

လက်ရှိ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတစ်ဆို့နေချိန်တွင် ရခိုင်ပြည်နယ်၌ ဘင်္ဂါလီပြဿနာပေါ်ပေါက်လာခြင်းက ငြိမ်းချမ်းရေးထက် ဘင်္ဂါလီအရေးကို ကမ္ဘာမှ အထူးအာရုံစိုက်လာခဲ့သည်။

ထို့ကြောင့် နှစ်ပေါင်း ၇၀ ဝန်းကျင်ဖြစ်ပွားလာ သော တိုင်းရင်းသား လက်နက်ကိုင် အရေးသည် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီ(ရိုဟင်ဂျာ) ၆သိန်းကျော် နေရပ်စွန့်ခွာ တိမ်းရှောင်သည့်ဖြစ်စဉ်ကြောင့် ၂၀၁၇ သည် ငြိမ်းချမ်းရေးနှစ် မဖြစ်ခဲ့ပဲ R2P မရောက်ရေး ကြိုးပမ်းရသည့်နှစ်ဖြင့် အစားထိုးသွားခဲ့သည်။

ထို့ကြောင့် ၂၀၁၇ ခုနှစ်က အစိုးရခေါင်းဆောင် သမ္မတ ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည် အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပြောခဲ့သော ငြိမ်းချမ်းရေး နှစ် မဖြစ်ခဲ့ခြင်းကတော့ မည်သူမှ ငြင်းပယ်၍ မရတော့ပေ။

About မွန်သတင်းအေဂျင်စီ

Check Also

၂၀၁၈ ခုနှစ်အတွက် ၁၉၆၂ သင်ခန်းစာ

မကြာသေးခင်က “၂၀၁၈ ခုနှစ်အတွက် ၁၉၁၈ သင်ခန်းစာ” ဟူသောဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရသည်။ ၁၉၁၈ ခုနှစ် ပထမကမ္ဘာစစ်အပြီးကာလ တွေ့ကြုံရသော အထွေထွေအကြပ်အတည်း ပဋိပက္ခများမှ တိုင်းပြည်တွင် ဆိုရှယ်လစ်များ အားကောင်းလာပုံ၊ …

Leave a Reply

%d bloggers like this: