Homeသတင်း၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် မုဒိမ်းမှု ဖြစ်ပွားနှုန်းတိုးလာ

၂၀၁၇ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် မုဒိမ်းမှု ဖြစ်ပွားနှုန်းတိုးလာ

-

၂၀၁၇ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်ထက် မုဒိမ်းမှု ဖြစ်ပွားနှုန်း ၃ မှု တိုးလာကြောင်းမွန်ပြည်နယ်ရဲတပ်ဖွဲ့၏ နှစ်ချုပ်စာရင်းအရ သိရသည်။

အမှုကြီး (၁၀) မျိုးအနက် လူသတ်မှု (၄၉)မှု၊ ဓါးပြမှု (၁)၊ လုယက်မှု (၁၄) မှု၊ တိရစ္ဆာန်ခိုးမှု (၁) မှု၊ ဖောက်ထွင်းမှု (၁) မှု၊ မတရားအသင်း (၃) မှု၊ မုဒိမ်းမှု (၅၆) မှု စုစုပေါင်း အမှုကြီး (၁၂၅) မှုဖြစ်ပွားခဲ့ပြီး ယင်းအမှုကြီးမှာ မုဒိမ်းမှုသည် ဖြစ်ပွားမှုအများဆုံးလည်း ဖြစ်ကြောင်း သိရသည်။

CRIME(Internet)
ပြည်နယ်ရဲမှူးမြင့်ဝင်းက “မုဒိမ်းမှုများလာတယ်ဆိုတာ စောစောကပြောသလို မုဒိမ်းမှုဖြစ်ရတဲ့အကြောင်းအရင်းက မသိနာမလည်းလို့ အယုံလွယ်လို့ ဖြစ်တာများတယ်၊ ဒါကြောင့် အဓိက ပညာပေးလုပ်ငန်းကိုပဲ အားထားပြီး လုပ်ပေးနေပါတယ်” ဟု ပြောသည်။

ထို့အပြင် အခြားမှု (၁၀) မျိုးသည်လည်း ယခင် ၂၀၁၆ ခုနှစ်ထက် ၇၅ ရာခိုင်နှုန်းအထိ တိုး၍ ဖြစ်ပွားခဲ့ကြောင်း၊ အခြားမှုသည် ၂၀၁၆ ခုနှစ်အတွင်း ၂၃၃၇ မှုရှိခဲ့ပြီး ယခု ၂၀၁၇ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ အခြားအမှုပေါင်း ၂၄၁၂ မှု ဖြစ်ပွားကြောင်း စာရင်းအရ သိရသည်။

စံပြလူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့မှ အထက်တန်းရှေ့နေ မယုနန္ဒာမြင့်က “ကျွန်မလိုက်ခဲ့တဲ့ အမှုတစ်ခုကဆို သူက မုဒိမ်းကျင့်ခံရပါတယ် ဒါပေမယ့် သူ့ဘက်က သက်သေအလုံအလောက်မရှိတော့ မုဒိမ်းမှုမမြောက်ပဲ ကျင့်ရန်ကြံစည်တဲ့အဆင့်ပဲ အမိန့်ချပေးလိုက်တာမျိုး ရှိတယ်” ဟု ပြောသည်။

တရားရုံများတွင် မုဒိမ်းမြောက်ကြောင်း ပြစ်မှုချမှတ်လိုက်သည့် အမှုများရှိသကဲ့သို့ မုဒိမ်းကျင့်ခံရပါသော်လည်း သက်သေအထောက်အထားမခိုင်လုံမှုကြောင့်၊ အဆင့်ဆင့် စစ်ဆေးမှုကြောင့် စသည့်အကြောင်းများကြောင့် မုဒိမ်းမှုမမြောက်လိုက်ရသည့်အမှုများလည်း ရှိနေဟု ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က “ဥပဒေတစ်ခု အသက်ဝင်ဖို့ဆိုတာ ဥပဒေကို စိတ်ပါဝင်စားစွာနဲ့ အကောင်ထည်ဖော်ဆောင်ရွက်ရတဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တရားစီရင်ရေးပိုင်းဆိုင်ရာတွေမှာ တာဝန်ရှိသလို လိုက်နာရမယ့် ပြည်သူမှာလည်း တာဝန်ရှိတယ်၊ ဥပဒေတစ်ခုက ဘယ်လောက်ပဲ ကောင်းအောင် ပြဋ္ဌာန်းထားပါစေ လိုက်နာမှုမရှိရင် အလကားပဲ” ဟု ပြောသည်။

၂၀၁၆ ခုနှစ်တွင် ကြိုတင်ကာကွယ်မှု (၁၀) မျိုးအနက် လက်နက်ပုန်း (၈၉) မှု၊ လောင်းကစား (၁၄၆) မှု၊ မူးယစ်ဆေးဝါး (၂၈၃) မှု၊ ပြည့်တန်ဆာ (၄၂) မှု၊ ယစ်မျိုး (၁၄၉) မှု၊ ခြေချုပ် (၁၈) မှု၊ ကျင့် (၅၄) တွဲ (၉၆) မှု၊ မော်တော်ယာဉ်မှု (၄၁၈၈) မှု၊ ဆင်ဆာမဲ့ ဗီဒီယို (၂၉)မှု၊ ရဲအက် (၁၃၄၀) မှု၊ စုစုပေါင်း (၆,၃၈၀) မှု၊ အရေးယူခဲ့ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့အထိ ကြိုတင်ကာကွယ်မှု (၁၀) မျိုးအနက် လောင်းကစား (၁၃၅)မှု၊ မူးယစ်ဆေးဝါမှု (၂၄၇) မှု၊ ပြည့်တန်ဆာမှု (၁၃) မှု၊ ယစ်မျိုး (၁၆၃) မှု၊ ခြေချုပ် (၉) မှု၊ ကျင့် (၅၄) တွဲ (၁၄၅) မှု၊ စုစုပေါင်း (၇,၂၆၀) မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၂၀၁၆ ခုနှစ်ထက် (၈၈၀) မှု တိုးပြီး ဖမ်းဆီးအရေးယူနိုင်ကြောင်းမွန် ပြည်နယ်ရဲတပ်၏ စာရင်းအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts