မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / မူးယစ်ဆေး သားကောင်များ၏ နိဗ္ဗာန်ဘုံ

မူးယစ်ဆေး သားကောင်များ၏ နိဗ္ဗာန်ဘုံ

ရေးသားသူ:

နှင်းများကျနေစဉ် ရာသီဥတုသည်လည်း အေးစက်လျက် ရှိနေသည်။ အေးစက်နေသည့် လက်ကို အိပ်ထောင်ထဲ နှိုက်ပြီး ဆိုင်ကယ်ကို တစ်”ဝီးဝီး”နဲ့ ခရီးကို ဆက်သွားနေသည်။ လမ်းက ကျဉ်းသည့်အပြင် ဆိုးလိုက် ပြန်ကောင်း လိုက်နဲ့ သံသရာလည်နေသည်။ လူ၏အရိပ်ယောင်သည်လည်း မမြင်ရ။ သို့သော် မြို့ကြီးများထဲတွင် တွေ့နိုင်သော “လန်ခရူဇာကား၊ ပါကျဲရိုး၊ မက်တူး” စသည့် ကားမျိုးစုံ သွားသွားလာလာ လုပ်နေသည်။ လမ်းကျဉ်းသော်လည်း ထိုကားများ အရှိန်မလျော့ဘဲ Speed နဲ့ မောင်းနေကြသည်။ အမှတ်မထင် ကားနှင့် တိုက်မိပြီး သေသွားခဲ့လျှင်ပင် တရားခံ တွေ့လိမ့်မည် မဟုတ်ပေ။

၂ နာရီခန့်ကြာသော် မြို့၏အရိပ်အယောင် မြင်စပြုလာပြုလာနေပါပြီ။ မြို့နားမရောက်ရှိမီ ကားတစ်စီး ဆူဆူညံညံ မောင်းလာနေသည်။ ထိုသူများသည် တခြားသူများမဟုတ် စစ်ထဲတွင် တာဝန်ထမ်းဆောင်နေကြသည့် ပြည်သူ့စစ်များ ဖြစ်ကြသည်။ ဆူညံနေသည့် သူတို့ပြောစကားထဲတွင် မြန်မာစကား တစ်ခွန်းမှ မကြားရပေ။ တရုတ်စကားများသာ ပြောနေကြသည်။ အသက်အရွယ်သည်မှာလည်း လူငယ်ပိုင်းများသာ ဖြစ်ကြသည်။ လွတ်လပ်ပျော်ပါးစွာ သွားလာနိုင် သည့် ပြည်သူ့စစ်များကို မြင်မိသည်မှာ အထူးအဆန်း ဖြစ်နေမိသည်။ စစ်သားအများစုမှာ တိုက်ပွဲအတွက်နှင့် အမြဲရုန်း ကန် လှုပ်ရှားနေရသည် မဟုတ်လား။ သူတို့မှာ ထိုကဲ့သို့မဟုတ် ကားစီးလိုက် ပျော်လိုက်ပါးလိုက်နှင့် မြင်မိသည်မှာ အထူးအဆန်းဖြင့် ကြည့်နေမိသည်။

ကောင်းခါးမြို့သစ်(မိုင်းအောင်နိုင်မင်း)
ကောင်းခါးမြို့သစ်(မိုင်းအောင်နိုင်မင်း)
မြို့ထဲသို့ဝင်စပြုလာပါပြီ။ “ကောင်းခါးမြို့သစ်မှ ကြိုဆိုပါ၏” ဆိုသည့် မြို့ဝင်တံခါးမှာ ကချင်စာနဲ့အတူ ရေး သားထားသည်။ မြို့ထဲတွင် ငြိမ်သက်လွန်းလှပါသည်။ တံခါးအချို့သည်မှာလည်း ပိတ်ထားပြီး ဖွင့်ထားလျက် ရှိနေ သည့် အိမ်သည်မှာလည်း လူမတွေ့ရပါ။ လမ်းမပေါ်တွင် ကျောင်းဆင်းသည့် အချိန်ဖြစ်သည့်မို့ ကျောင်းသားအချို့များ သာ မြင်ရသည်။ ကောင်းခါးမြို့သည် ကချင်မြို့တော်ဖြစ်သည့်အလျောက် ခရစ်ယာန်ဘုရားကျောင်း၊ ကချင်ရိုးရာ ယဉ် ကျေးမှုအနုပညာ လက်ရာများတွေ့ရသော်လည်း တရုတ်စကားများသာ ကြားနေရသည်။ ထိုမှတစ်ဆင့် ကောင်းခါးမြို့ သစ် ကျော်လွန်ပြီး အနည်းငယ်မှာ ကောင်းခါးမြို့ဆိုသည့်နေရာ ထပ်ရောက်ပြန်သည်။ ကောင်းခါးမြို့သစ်နှင့် ၁ မိုင်ကျော် ကျော်မှာ တည်ရှိနေသည်။

ထိုထဲတွင် ဘိန်းသူဌေးများစွာ နေထိုင်လျက်ရှိသည်ဟု ကြားဖူးခဲ့ပါသည်။ ထိုမြို့ထဲရှိ လမ်းမှာလည်း ပြည်သူ့စစ်များ သေနတ်လွယ်ကာ ဆိုင်ကယ်စီးနေကြသည်။ မိမိကို ကြည့်နေသော်လည်း မသိချင်ဟန်ဆောင် နေရရှာသည်။ ထိုမြို့ထဲတွင် အသက်ပျောက်သွားလျှင်ပင် မည်သည့်အစအနမှ ထွက်ရှိလာမည်မဟုတ်။ သွားရင်းပင် မွှေးသည့်အနံ့ များ တစ်ချက်တစ်ချက် ရှုနေမိသည်။ ထိုမြို့ထဲသို့ မသွားခင်ပင်လည်း သူငယ်ချင်းက ကောင်းခါးမြို့ထဲ လမ်းမပေါ်တွင် သာ ဘိန်းအနံ့များ ရှိကြောင်း ပြောပြခဲ့သည်။ သူပြောစကားများ မှန်စပြုလာနေပါပြီ။

စစချင်း ခရီးအစီအစဉ်ထဲတွင် ကောင်းခါးသို့ သွားမည်ဟု မတွေးခဲ့မိပါ။ ကွတ်ခိုင်ဒေသတွင်းရှိ တအာင်းကျေး ရွာများနှင့် ထူးခြားမှုရှိသည့် သတင်းများကိုသာ သွားရောက်ယူရန် ဖြစ်သည်။ သို့သော် ကံကောင်းသည်ဟု ဆိုရမည် လော ကံဆိုးမည်ဟု ဆိုရမည်လော။ ရွာက သူငယ်ချင်းတစ်ယောက် ကောင်းခါးတွင် အလုပ်လုပ်ကြောင်း သွားလည် ချင်ကြောင်း လိုက်ပါလာသည့် သူငယ်ချင်းက မိမိနဲ့ဆွေးနွေးသည်။

ကောင်းခါးမြို့ဆိုသည့် စကားလုံးမှာ မကြားဖူးသော်လည်း ကောင်းခါးပြည်သူ့စစ်ဟူ၍ မကြာခဏပင် ကြားနေရသည့် အတွက် စိတ်ဝင်စားစရာ ကောင်းလာခဲ့သည်။ ထို့အတွက်ကြောင့် အချိန်မဆွဲတော့ဘဲ မနက်စာစားပြီး ခရီး စတင်လာခဲ့ခြင်း ဖြစ်သည်။

ထိုမြို့ထဲတွင် အကောင်းစား ကားများစွာ ရပ်ထားနေသည်။ လမ်းမပေါ်တွင် လူအနည်းငယ်မျှသာ တွေ့နေရသည်။ သို့သော် အိမ်တွင်းစကားသံများသည်ကား ကြားနေရသည်။ သူဌေးများဖြစ်သော်လည်း လမ်းများကို ပြုပြင်ထား ခြင်း မရှိပါ။ အိမ်များကိုလည်း သူဌေးဟု ထင်မှတ်ရလောက်အောင် တည်ဆောက်ထားခြင်းမရှိဘဲ ရိုးရိုးလေးသာ တည် ဆောက်ထားကြသည်။ ပြည်သူ့စစ်များသည်လည်း နေရာအနှံ့တွင် ရှိနေသည်။ တစ်ချို့သည် ပြည်သူ့စစ်များ မဟုတ် သော်လည်း စစ်အင်္ကျိီများကို ဝတ်ဆင်ထားကြောင်း သူငယ်ချင်းက ရှင်းပြသည်။

ကျွန်တော်တို့သွားလိုသည့် အိမ်ကိုရောက်ရှိလာပါပြီ။ အိမ်ထဲတွင် ကားများစွာ ရပ်ထားကြသည်။ လူအရိပ် အယောင်ပင်မတွေ့ တရုတ်စကားသံ တိုးတိုးလေးမျှသာ ကြားနေရသည်။ သူငယ်ချင်း၏ အစ်ကိုသည်လည်း လာရောက် ကြိုပြီး ထမင်းများဖြင့် ဧည့်ခံပေးသည်။ ထမင်းစားခန်းများ ကပ်ရပ်အခန်းထဲက ရာမအနံ့များသည် တစ်အိမ်လုံး ပျံ့နှံ့နေသည်။ အိမ်သားများအဖို့ ထိုအနှံ့များသည် နေ့စဉ်ရှုနေရသည်မို့ အထူးအဆန်းတစ်ရပ်တော့ မဟုတ်ပေ။ ထမင်းစား နေစဉ်အတွင်းမှာပင် ငယ်ငယ်ရွယ်ရွယ် ပြည်သူ့စစ်ဝတ်စုံဖြင့် လူတစ်ဦး ထမင်းစားရန် ထွက်လာပါသည်။ ကျွန်တော်တို့နှင့်ပင် တူတူထိုင်ကာ ထမင်းစားနေသည်။

ကျွန်တော်သူ့ကို စိုက်ကြည့်နေမိသည်။ အသက်အရွယ် အသားအရေကစ နုနယ်နေသည်မို့ မနေနိုင်သည့်အဆုံး သူရဲ့အသက်ကို သူငယ်ချင်းဆီကတစ်ဆင့် မေးမိပါတော့တယ်။ သူတို့နှင့် အတူအလုပ်လုပ်နေသည့် သူငယ်ချင်း သည်လည်း သူ့အသက် ၁၅ နှစ်သာ ရှိသေးကြောင်း ပြောပြသည်။ သူကျွန်တော့်ကို တစ်ချက်လှည့်ကြည့်ပြီး တရုတ်စ ကားတစ်ခွန်း ပြောလိုက်ပါသည်။ သူပြောသည့်စကားကို နားမလည်သော်လည်း သူမူရာဟန်ပန်ကို ကြည့်ပြီး “ဟင်းမ ကောင်းဘူးလား” ဟု သူပြောသည်ကို နားလည်လိုက်ပါသည်။ ကောင်းပါတယ်ဟု သူငယ်ချင်းကို တရုတ်လို ပြန်ပြော ခိုင်းပါသည်။

ထမင်းစားပြီးပြီးချင်း ရာမအနံ့ထွက်နေသည့် အခန်းထဲကို ချက်ချင်းသွားပြီး သူဌေးသုံးထားသော ရာမ ရှုသည့် အိုးခွက်ပန်းကန်များကို သွားဆေးနေရရှာသည်။ ထိုအဖြစ်အပျက်ကို ကြည့်ပြီး နားမလည်အောင် ဖြစ်သွားပါ တော့သည်။ ပြည်သူ့စစ်များက ဘိန်းတရုတ်သူဌေးများ၏ ကျေးကျွန်များဖြစ်နေသလားဟု စဉ်းစားမိပါတော့သည်။ ထိုညီလေးကို ကြည့်ပြီး သနားစိတ်များ ဝင်မိသည်မှာ တစ်ဖက် စိတ်ဆိုးမိသည်မှာ တစ်ဖက် ငါတို့မြန်မာနိုင်ငံ ဒီ လောက်တောင် ဖြစ်နေသလားဟု ဘယ်သူ့ကို အပြစ်တင်ရကောင်းမှန်း မသိဖြစ်နေပါတော့သည်။

ကောင်းခါးတွင် ရှိနေသော လူအားလုံးလိုလိုပင် ပြည်သူ့စစ်များ ဖြစ်ကြသည်။ ဘိန်းသူဌေးများသည်လည်း ပြည်သူ့စစ်များသာ ဖြစ်သည်။ စစ်ဝတ်စုံကိုလည်း အလုပ်သမားများကို ဝတ်စေခဲ့သည်။ စစ်ဝတ်စုံဝတ်ဆင်ထားသည့် ၁၅ နှစ်ခန့်ရှိ ကလေးငယ်သည်လည်း ပြည်သူ့စစ်မဟုတ်။ အလုပ်သမား တစ်ယောက်သာ ဖြစ်ပြီး သူဌေးများ စားကြွင်း စားကျန်များကို သန့်ရှင်းရေး လုပ်ပေးပြီး သူဌေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသူ ဖြစ်သည်။ တစ်နှစ်ပတ်လုံး လုပ်ခကို သူဌေးက သိန်း ၄ဝ ပေးထားသည်။ သူ့အဖေမှာလည်း ဘိန်းလုပ်သည့်နေရာမှာ ဘိန်းချက်နေကြောင်း သူ ငယ်ချင်းများက ရှင်းပြသည်။

ဘိန်းချက်သည့် လုပ်ငန်းသည်မှာလည်း တရုတ်လူမျိုးနှင့် သူတို့ စိတ်ချယုံကြည်ရသူများကိုသာ လုပ်ကိုင်ခွင့် ပေးထားသည်။ အခြားလူမျိုးများအတွက် လုပ်ချင်ခဲ့သည်ရှိသော် အပြန်လမ်းတွင် အသက်အာမခံ ရှိမရှိ မသေချာပေ။ ကွတ်ခိုင်မြို့သည် လူမျိုးပေါင်းစုံနေသည့်မြို့ ဖြစ်သည့်အလျှောက် အချက်အချာ ကျသည့်မြို့ဟု ဆိုသော်လည်း မမှားပေ။ ဘိန်းသူဌေးများ၏ ပျော်စံရာမြို့ဟုလည်း မမှားပေ။ သို့သော် ကွတ်ခိုင်ရှိ လူအများစု ထိုအချက်ကို သတိထားမိမည် မဟုတ်ပါ။ ထိုအချက်ကြောင့်လည်း ဘိန်းသူဌေးများ လုပ်ကိုင်စားသောက်ရန် အသင့်တော်ဆုံး မြို့အဖြစ် တည်ရှိနေသည်မှာ မထူးဆန်းပေ။

မည်သို့ပင်ဆိုစေကာမူ ထိုကောင်းခါးဒေသတဝိုက်များတွင် ဘိန်းသူဌေးများ၏ ပျော်စရာ နိဗ္ဗာန်ဘုံအဖြစ် တည်ရှိနေသည်မှာ ယနေ့တိုင်တည်ရှိနေဆဲ ဖြစ်သည်။

ကောင်းခါးဆိုသည့် မြို့မှာလည်း ကွတ်ခိုင်နှင့် မနီးမဝေးတွင်သာ တည်ရှိနေသည်။ ကွတ်ခိုင်တွင် အစိုးရတပ်မတော် တည်ရှိနေသည်။ ကောင်းခါးတွင် ကောင်းခါးပြည်သူ့စစ်များ လှုပ်ရှားနေသည့် ဒေသဖြစ်သည့်အပြင် ကောင်း ခါးမြို့ထဲတွင်လည်း ပြည်သူ့စစ်များဖြင့်သာ စည်ကားလျက်ရှိနေသည်။ ပြည်သူ့စစ်ဟု ဆိုသည့်အတိုင်း ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသလား။ ထို့ကြောင့် သူတို့ ကိုယ်တိုင်ကပင် ပြည်သူများနှင့်အတူ ဘိန်းလုပ်ငန်းကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေသည်မှာ ဖြစ်သင့်သလား။ ထိုအချက်ကိုလည်း ကွတ်ခိုင်အတွင်းရှိ အစိုးရတပ်မတော်များ မသိရှိလေသလား စဉ်းစား၍ပင် မရ။

ကောင်းခါးပြည်သူ့စစ်သည် KIA တပ်မဟာ ၄ ဒုတပ်မဟာမှူး မထုနော်ဦးစီး တပ်မဟာ ၄ မှ အရာရှိစစ်သည် အများစုသည် KDF ကချင်ကာကွယ်ရေး အမည်ဖြင့် KIA မှ ခွဲထွက်ကာ ၁၉၉၁ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် နဝတအစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။ ငြိမ်းချမ်းရေးယူပြီးနောက် မထုနော်ဦးစီး KDF အဖွဲ့အား ကွတ်ခိုင်အရှေ့မြောက်ရှိ ကောင်းခါးတွင် မြို့သစ်တည်ပြီး အခြေစိုက်ရန် နဝတ သဘောတူညီခဲ့သည်။ ၂ဝဝ၉ နောက်ပိုင်းတွင် မထုနော်တို့၏ KDF အား ကောင်းခါး ဌာနေပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အဖွဲ့ ဖြစ်သည်။

ကောင်းခါး ပြည်သူ့စစ်ဆိုသည်မှာ အစိုးရ၏လက်အောက်ခံ ဖြစ်ပြီး အစိုးရ၏လခစား ဝန်ထမ်းဖြစ်နေသော်လည်း ပြည်သူ့စစ်များကိုယ်တိုင် ဘိန်းလုပ်ငန်းကို တွင်တွင်လုပ်ကိုင်နေသည်ကို အစိုးရ မသိလေသလား လုပ်ခွင့်ပြု ထားလေသလား စဉ်းစားသုံးသပ်ဖို့ လိုအပ်နေပါသည်။ ကောင်းခါးပြည်သူ့စစ်များသည် KIO ခွဲထွက်တပ် ဖြစ်ပြီး အစိုးရနှင့်ငြိမ်းချမ်းရေး ယူထားသည့်အဖွဲ့ ဖြစ်သော်ငြားလည်း လက်တွေ့တွင် ဘိန်းလုပ်ငန်း လုပ်ကိုင်နေကြသည့် တရုတ်သူဌေးများ၏ ကာကွယ်ရေးခံတပ်အဖြစ် တည်ရှိနေသည်မှာ နိုင်ငံအတွက် လွန်စွာစိတ်မကောင်း ဖြစ်မိပါသည်။

အစိုးရဝန်ထမ်းကိုယ်တိုင် ဘိန်းလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်နေခြင်းမှာ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ဒုတိယအများဆုံး ဘိန်းထုတ်လုပ်မှုအများဆုံး ဆိုသည့်အချက်မှာ ယုံမှားဖွယ် မရှိတော့ပေ။ အစိုးရသည် မူးယစ်ဆေးဝါးများကို လျော့ကျစေရန် ဖြေရှင်းခြင်းထက် တိုင်းရင်းသားဒေသများတွင် တပ်အင်အားတိုးချဲ့ရေး၊ တိုင်းရင်းသားတွေကို အမြစ်ပျက်ခြေမှုန်းရန်အတွက်သာ နပန်းလုံးနေသည်မှာ တိုင်းပြည်အတွက် ရင်လေးနေမိသည်မှာ အမှန်ပင် ဖြစ်သည်။

နဝတ/နအဖခေတ်နှင့် ယခင်အစိုးရလက်ထက်တွင် ၂ဝ၁၅ ခုနှစ်တွင် ဘိန်းကင်းစင်အောင် ပြုလုပ်မည်ဟု ကြွေး ကြော်ထားသော်လည်း ယခုချိန်ထိပင် တိုးတက်ပြောင်းလဲခြင်း မရှိဘဲ မူးယစ်ဆေးဝါး ကင်းစင်လုပ်ငန်းအတွက် ၂ဝ၁၉ အထိ တိုးပြောင်းလဲ သတ်မှတ်ခဲ့သည်။ လာဘ်ထိုးသည့် စနစ်ပပျောက်ရန်လမ်းစ မမြင်သည့် အနေအထားတွင် မူးယစ်ဆေးဝါး ကင်းစင်ရေးလုပ်ငန်းသည် ပို၍ပင် ဖြစ်နိုင်မည် မဟုတ်ပေ။

မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံတွင် ဒုတိယတွင် ချိတ်ဆက်နေပြီး မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု ဟက်တာပေါင်း ၅၅၅ဝဝ ရှိပြီး ၉ဝ ရာခိုင်နှုန်းမှာ ရှမ်းပြည်နယ် ဖြစ်ပြီး ရှမ်းပြည်တောင်ပိုင်းတွင် ၄၂ ရာခိုင်နှုန်း အရှေ့ပိုင်း တွင် ၃၁ ရာခိုင်နှုန်းဖြင့် စိုက်ပျိုးနေကြသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားပါသည်။

ယခု လက်ရှိအစိုးရအနေဖြင့် မူးယစ်ဆေးဝါး ပြဿနာများကို အမှန်တကယ်ဖြေရှင်းလိုပါက တိုင်းရင်းသား အများစု၏ ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် ဦးစွာဖြေရှင်းပေးပြီးမှသာလျှင် လုပ်ဆောင်နိုင်မည် ဖြစ်ပါကြောင်း…….

About မွန်သတင်းအေဂျင်စီ

Check Also

နိုင်ငံရေးနယ်ပယ်မှာ လူငယ်တွေနေရာပေးရေးနဲ့ ဆက်စပ်တဲ့ပြဿနာတချို့

ပြည်သူ့ခေတ်ဂျာနယ်အတွဲ ၂ အမှတ် ၅၃ ပါ ဆရာဝင်းထွဋ်ဇော်ရဲ့အတွေးဆောင်းပါးကိုဖတ်ပြီး တော်တော် ကျေ နပ်အားရမိတယ်။ ကာလတာရှည် ကတည်းက လိုအပ်တာဖြစ်ပေမယ့် ပြန်ဖော်လိုက်တဲ့ အချိန်က တကယ့် …

Leave a Reply

%d bloggers like this: