မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းအစစ် တကယ်ဖြစ်ရဲ့လား

သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းအစစ် တကယ်ဖြစ်ရဲ့လား

ရေးသားသူ: >
ကဗျာဝကမ်းခြေ(Internet)
ကဗျာဝကမ်းခြေ(Internet)
ဗျူဟာမွန် – မွန်ပြည်နယ် ရေးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ကို အခြေခံသော ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ

ယင်းလုပ်ငန်းနှင့်ပက်သက်သော အကျိုးအကြောင်း၊ အဆိုးအကောင်းနှင့် သဘော သဘာဝများကိုသိရှိနားလည်းရန်အတွက် စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့သည်။

သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းဆိုသည်မှာ အဘယ်နည်း။

သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်း၏ အဓိပ္ပာယ်အတိအကျကို မည်သို့ဖွင့်ဆိုပါသနည်းဟူသော မေးခွန်းဖြင့် လေ့လာမှုကို စတင်ရမည်ဖြစ်ပါသည်။

အမှန်တကယ်အားဖြင့် သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းသည် လွန်ခဲ့သောနှစ်အနည်းငယ်မှ စတင်၍ လူသိများလာသော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်း (Ecotourism) ဟူသော ဝေါဟာရကို မည်သူက စတင်ခေါ်ဝေါ်ခဲ့သည်ကို အတိအကျ အတည်မပြုနိုင်သော်လည်း ယင်းဝေါဟာရသည် (၂၀) ရာစုနှောင်းပိုင်းတွင် ပေါ်ပေါက်လာသော ဝေါဟာရ တစ်ခုဖြစ်သည်။

ယင်းဝေါဟာရကို ပညာရှင် Claus-Dieter (Nick) Hetzer က ၁၉၆၅ ခုနှစ်တွင် စတင်သုံးစွဲခဲ့ပြီး ယင်းပုဂ္ဂိုလ်က သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းကို မှု (၄) ရပ်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ ယင်းမှု (၄) ရပ်မှာ အောက်ပါ အတိုင်း ဖြစ်သည်။

(၁) သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှု နည်းရမည်။

(၂) သက်ဆိုင်ရာဒေသ၏ ရိုးရာယဉ်ကျေးမှုကို လေးစားရမည်။

(၃) ဒေသခံများကို အများဆုံး အကျိုးစီးပွားဖြစ်ထွန်းစေရမည်။

(၄) ခရီးသွားဧည့်သည်များကို စိတ်ကျေနပ်မှု အမြင့်ဆုံးဖြစ်စေရမည်။

ယခုလက်ရှိအချိန်တွင်မှု အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်း လှုမှုအဖွဲ့အစည်းက သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းကို သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမြှင့်တင်သော၊ ဒေသခံလူအများ၏ လူမှုဘဝကို ထိန်းသိမ်းသော၊ နားလည်မှုနှင့် ပညာပေးမှုတို့ပါဝင်သော၊ သဘာဝပတ်ဝန်းကျင်ဒေသများအပေါ် တာဝန်ယူမှုတာဝန်ခံမှုရှိသည့် ခရီးသွားလုပ်ငန်းဟု အဓိပ္ပာယ်ဖွင့်ဆိုပါသည်။

ခေတ်မီတိုးတက်နေသော လက်ရှိကမ္ဘာကြီးတွင် သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းသည် ကျေးရွာအဆင့်ကို အခြေခံသော အသေးစားစီးပွားရေးလုပ်ငန်းများကို ထောက်ပံ့ကူညီပေးခြင်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းသည် သမာရိုးကျမိရိုးဖလာ ခရီးသွားလုပ်ငန်းမျိုး မဟုတ်ဘဲ ကုပ္မဏီကြီးများက ရင်းနှီးမြှပ်နှံမှု အမြောက်အများ ပြုလုပ်ထားသော အခြေခံအဆောက်အဦးနှင့် လမ်းတံတား ဖွံ့ဖြိုးတိုးတက်မှု အများအပြားလိုအပ်သော လုပ်ငန်းကြီးဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်း ဖြစ်ပေါ်လာပါက ကမ္ဘာအရပ်ရပ်ရှိ နေထိုင်ရာ ဝန်းကျင်နှင့် ယဉ်ကျေးမှု ကွဲပြားခြားနားသော လှုများနှင့်ဆက်ဆံရေးအသစ်ကို တည်ဆောက်ရသောကြောင့် ခရီးသွားလုပ်ငန်းဒေသ၏ ရှိရင်းစွဲလူမှုအဖွဲ့အစည်းတွင် ပြောင်းလဲမှုများဖြစ်ပွားလာမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းသည် အသစ်အသစ်သော သဘာဝပတ်ဝန်းကျင်နှင့် ရိုးရာယဉ်ကျေးမှုအကြောင်းကို စူစမ်းလေ့လာလိုစိတ်အပေါ် အခြေခံသည့်အတွက် ယင်းခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်လိုသော နိုင်ငံများသည်သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းထားရန် လိုအပ်လှသည်။

ထိုင်းနိုင်ငံ၏ လူထုအခြေပြု သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းကို စောင်းငဲ့ကြည့်ခြင်း

၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ တိုင်းပြည်ဝင်ငွေ (GDP) စုစုပေါင်း၏ (၂၀.၂၀) ရာခိုင်နှုန်းသည် ခရီးသွားလုပ်ငန်းမှ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ နာမည်ကြီးသတင်းစာတစ်စောင်ဖြစ်သော ဘန်ကောက်ပို့စ်သတင်းစာ၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် နောင်အနာဂတ်တွင်လည်း ဆက်လက်တိုးတက်ဖွံ့ဖြိုးနေဦးမည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအပေါ် ဆိုးကျိုးသက်ရောက်မှုများနှင့် သဘာဝသယံဇာတအပေါ် အမြတ်ထုတ် ခေါင်းပုံဖြတ်မှုများလည်း မလွှဲမရှောင်သာ ဖြစ်ပေါ်လာခဲ့သည်။

ထိုကြောင်းထိုင်းနိုင်ငံများက နိုင်ငံ၏ သဘာဝသယံဇာတများနှင့် ရိုးရာယဉ်ကျေးမှုများကို ကာကွယ်ထိန်းသိမ်းရန်အတွက် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်ကပင် ယင်းတို့၏ ခရီးသွားလုပ်ငန်းကို သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်း အဖြစ်သို့ ပြောင်းလဲခဲ့ကြသည်။

Jian Ping Wang က ထိုင်းနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းကိုအောင်မြင်သော စီးပွားရေးလုပ်ငန်းကြီးတစ်ခုအဖြစ် ရှုမြင်နိုင်သည်ဟု ဆိုသည်။ သို့သော်ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်အဆင့် မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများကို အခြေမခံဘဲ လူထုအခြေပြုအဖွဲ့အစည်းများ၊ ဒေသခံများနှင့် ပုဂ္ဂလိကကုမ္ပဏီများက ဦးဆောင်သော လူထုအခြေပြု သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်း (Community Based Ecotourism-CBET) ဖြစ်သည်ဟု Wang ကဆိုထားသည်။

ဥပမာအားဖြင့် ပြောရလျှင် ဌာနေတိုင်းရင်းသားများ အများအပြားရှိသော ထိုင်းနိုင်ငံမြောက်ပိုင်းတွင် သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဒေသခံများနှင့် ပူးပေါင်းပြီး လုပ်ကိုင်နေခြင်းဖြစ်သည်။ ပုဂ္ဂလိကကုမ္ပဏီများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ဘဏ္ဍာရေးထောက်ပံ့မှုများ၊ သင်တန်းပို့ချမှုများနှင့် စျေးကွက်ဆိုင်ရာ အကူအညီပေးမှုများ လုပ်ဆောင်ပြီး ဒေသခံများဘက်မှ မြေနေရာများ၊ လုပ်သားအင်အားများနှင့် ဒေသဆိုင်ရာက အသိပညာဗဟုသုတများဖြင့် ပူးပေါင်းပါဝင်ကြသည်။

ထိုင်းနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းကို နိုင်ငံတော်အစိုးရ၏ မူဝါဒဖြင့် လည်ပတ်လုပ်ဆောင်နေသည် မဟုတ်သော်လည်း ပုဂ္ဂလိကကုမ္ပဏီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဒေသခံများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ခရီးသွားလုပ်ငန်းမှာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။ ကောင်းကျိုးဆိုးကျိုးကို အတူတကွ လေ့လာကြရင်း အရှိန်အဟုန်ဖြင့် တိုးတက်လာသော ခရီးသွားလုပ်ငန်းနှင့် သယံဇာတဖြစ်အောင် ထိုင်းနိုင်ငံကို ပြုပြင်ကြသည်။

ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သော ပြစ်ချက်များ၊ ကျရံှုးမှုများကိုဂဃနဏ သိရှိထားသဖြင့် ရေရှည် အကျိုးဖြစ်ထွန်းစေသော ခရီးသွားလုပ်ငန်းကို အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်ခြင်း ဖြစ်သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့်လည်း စတင်ဖွံ့ဖြိုးတိုးတက်လာနေပြီဖြစ်သော ခရီးသွားလုပ်ငန်းအတွက် အဆင်သင့် ဖြစ်နေပြီလော ဆိုသည်ကို ယခုအချိန်တွင် မေးခွန်ထုတ် ရမည်ဖြစ်သည်။

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာဒေသရှိ သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်း

မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ရင်းနှီးမြှပ်နှံမှုများကို စတင်တံခါးဖွင့်ပေးလိုက်သည့် အချိန်မှစ၍ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများ၏ စိတ်ဝင်းစားမှုကို ရရှိလာခဲ့သည်။ ရင်းနှီးမြှပ်နှံစရာ နေရာဒေသမြောက်မြားစွာရှိသည့်အနက် မွန်ပြည်နယ် ရေးမြို့နယ်သည်လည်း ရင်းနှီးမြှပ်နှံသူတို့၏ ပစ်မှတ်တစ်ခုဖြစ်လာခဲ့သည်။

ရင်းနှီးမြှပ်နှံမှုများအနေဖြင့် အံဒင်ကျေးရွာတွင် တည်ဆောက်မည့် ကျောက်မီးသွေးစွမ်းအင်သုံး လျှင်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေးမြို့နယ်အနှံ့အပြားရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများကို လုပ်ဆောင်ထားပြီးဖြစ်သည်။ ရေးမြို့နယ်တွင် ပင်လယ်ကမ်းခြေများနှင့် ကျွန်းငယ်များ အများအပြားတည်ရှိနေသောကြောင့် ခရီးသွားလုပ်ငန်းနှင့် ပတ်သက်သော ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ရန်အတွက်လည်း စိတ်ဝင်းစားလာကြသည်။

Aurum Company Limited က ကဗျာဝကမ်းခြေအပါအဝင် ခေါဇာဒေသရှိ ကမ်းခြေများတွင် ဖွံ့ဖြိုးရေးစီမံကိန်းများ လုပ်ဆောင်ရန် စီစဉ်ခဲ့သည်။ ကုမ္ပဏီက ယင်းတို့၏ အစီအစဉ်ကို မွန်ပြည်နယ်အစိုးရသို့ ယမန်နှစ်က တင်ပြခဲ့သော်လည်း လက်တလောအချိန်တွင်မှ အစီအစဉ်ကို လက်ခံမှုက များပြားလာခဲ့သည်။

Myanmar National TV တွင် ပြသခဲ့သော အစီအစဉ်အရ Aurum Company limited က ကဗျာဝကမ်းခြေ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၁၂) သန်းရင်နှီးမြှပ်နှံမည်ဖြစ်ပြီး စီမံကိန်းကို မွန်ပြည်နယ်အစိုးရနှင့် ပူးပေါင်းလုပ်ကို်င် သွားမည်ဖြစ်သည်။

စီမံကိန်းဧရိယာသည် မြောက်မှတောင်သို၌ (၈) မိုင် ရှည်လျားပြီး အပိုင် (၄) ပိုင်း ခွဲခြားထားသည်။

အပိုင်း(၁) ခေါဇာမှ ကဗျာဝကမ်းခြေအစပိုင်းအထိ၊ ကဗျာဝမြောက်ဘက် တံတားအထိ

အပိုင်း(၂) ကဗျာဝကျေးရွာ တောင်ပိုင်းမှ တရုတ်ထောက်ကျေးရွာ မြောက်ဘက်ပင်လယ်ဝ အထိ

အပိုင်း(၃) ကဗျာဝကျေးရွာတောင်ပိုင်းမှ ခေါဇာချောင်းဝအထိ

အပိုင်း(၄) ခေါဇာချောင်းဝမှ မကျည်းချောင်းဝအထိတို့ဖြစ်ကြသည်။

ကုမ္ပဏီက ယင်းတို့၏ စီမံကိန်းတွင် သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းကို ထည့်သွင်းရေးဆွဲထားပြီး ယင်းလုပ်ငန်းသည် လူထုအခြေပြုခရီးသွားလုပ်ငန်းဖြစ်စေရမည်ဟု ကတိကဝတ်ပြုထားသည်။

Aurum Company Limited ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးဌေးသွင်က “ဒီဒေသက မဖွံ့ဖြိုးသေးဘူး၊ ဒါပေမယ့် အခြားဒေသတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် သဘာဝ အရင်းအမြစ်တွေ သစ်တောတွေက အများကြီးကျန်သေးတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ဖွံ့ဖြိုးရေးစီမံကိန်း အစီအစဉ်အသစ်နဲ့ဆိုရင် ရင်းနှီးမြှပ်နှံမှုတွေ အများကြီးဖိတ်ခေါ်လို့ရမယ်၊ လူထုအခြေပြုခရီးသွားလုပ်ငန်းကိုလည်း ဖော်ဆောင်လို့ရမယ်။ နောက်ပြီး ဒေသခံကုမ္ပဏီတွေကိုလည်း တိုးတက်စေနိုင်မယ်” ဟု ပြောကြားခဲ့သည်။

စီမံကိန်း၏ အစီအစဉ်တစ်ရပ်အနေဖြင့် ဒေသအတွင်း အခြေခံအဆောက်အဦးများကို တိုးမြှင့်ဆောက်လုပ် သွားမည်ဖြစ်ပြီး လမ်းတံတားများ၊ ဆေးရုံဆေးခန်းများ၊ အခမဲ့စာကြည့်တိုက်များနှင့် ပြည်သူ့စျေးဆိုင်များ ဆောက်လုပ်ပေးသွားမည် ဖြစ်သည်။

သို့သော်လည်း စီမံကိန်းကို ကတိဝတ်အတိုင်း လုပ်ဆောင်မည် မလုပ်ဆောင်မည်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေရဆဲ ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်း လူထုအခြေပြုခရီးသွားလုပ်ငန်းစသည့် ဝေါဟာရများသည် ရေးမြို့နယ်ကို ခရီးသွားလုပ်ငန်း၏ ဆိုးကျိုးများမှ ကာကွယ်ထိန်းသိမ်းရန်ထက် စီမံကိန်းဖြစ်မြောက်ရန်အတွက် အသုံးပြုသော လတ်တလော လူကြိုက်များသည့် စည်းရုံးရေးဝေါဟာရများ ဖြစ်နေမည်ကို သံသယရှိနေကြသည်။

ဒေသခံပြည်သူတို့၏ စိုးရိမ်းပူပန်မှုများ

အထက်ပါပြောဆိုခဲ့သော စိုးရိမ်းမှုများအပြင် Aurum Company Limited ကလည်း ကဗျာဝကမ်းခြေရှိ မြေနေရာများကို ကျင့်ဝတ်နှင့်မလျော်ညီစွာ ရယူခဲ့သဖြင့် သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းကို အကြောင်းပြပြီး အမြတ်ထုတ်မှုများဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်းနေကြသည်။

Aurum Company Limited က မြေနေရာများရယူရာတွင် မွန်ပြည်နယ် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ပြောဆိုထားသည်။ သို့သော် စီမံကိန်းနေရာရှိ မြေယာများကို ဒေသခံလူထုကသာ အများဆုံးပိုင်ဆိုင်ထားပြီး ယင်းမြေပေါ်တွင် ကွမ်းသီးခြံလုပ်ငန်းနှင့် အခြားဒေသသီးနှံများ စိုက်ပျိုးခြင်းကို လုပ်ကိုင်နေကြသည်။

ဤဒေသရှိ မြေယာအများစုသည် မိရိုဖလာပိုင်ဆိုင်မှုအရ သားစဉ်မြေဆက် လက်ဆင့်ကမ်း လွှဲပြောင်းလာသော ပိုင်ဆိုင်မှုမျိုးဖြစ်သည်။ မြေပိုင်ရှင်အများစုတွင် မြေယာအသုံးပြုခွင့် သို့မဟုတ် အစိုးရက အသိအမှတ်ပြုသော မြေယာပိုင်ဆိုင်မှု အထောက်အထားကမရှိသဖြင့် နောက်ထပ် မြေယာ (မတရား) ရယူမှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေရသည်။

ခေါဇာဒေသသည်အစိုးရထက် လက်နက်ကိုင်အဖွဲ့အစည်းများ၏ သြဇာအာဏာပိုမိုသက်ရောက်သော အမည်းရောင်နယ်မြေအဖြစ် နှစ်ပေါင်းများစွာ သတ်မှတ်ခံထားရသဖြင့် ယင်းဒေသရှိ ပြည်သူများတွင် မြေယာပိုင်ဆိုင်မှု အထောက်အထား မရှိချေ။

“သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းကို အကြောင်းပြပြီး အလွှဲသုံးစားမှုတွေဖြစ်လာမှာကို ကျွန်တော်စိုးရိမ်တယ်။ ဥပမာအနေနဲ့ပြောရရင် မြေအတော်များများကို ဒီကလူတွေ ပိုင်ထားတယ်။ ဒါပေမယ့် တခြားဒေသမှာရှိတဲ့စီမံကိန်းတွေလိုပဲ ကုမ္ပဏီနဲ့ အာဏာပိုင်တွေ ပေါင်းပြီးတော့ မြေသိမ်းမှုဖြစ်လာမှာကို ကျွန်တော်ကကြောက်တာ။ ဒီလိုချိုးဖောက်မှုတွေ ဖြစ်လာမယ်ဆိုရင် ဒေသခံတစ်ယောက် အနေနဲ့ ကျွန်တော်တို့ အခွင့်အရေးကို ကာကွယ်ရမှာပဲ” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဘွဲ့ရတစ်ဦးဖြစ်သူ မင်းဇေယျာလွင်က ပြောပါသည်။

သီဟိုဠ်သရက်နှင့် အခြားဒေသသီးနှံခြံပိုင်ရှင်တစ်ဦးဖြစ်သူ ကျံညဲရွာသားတစ်ဦးက “ရေးက အချို့လူတွေနဲ့ပေါင်းပြီးတော့ Aurum Company Limited က စီမံကိန်းကို လုပ်တာ။ ပြည်နယ်အစိုးရလည်း ရှယ်ယာ (ရင်းနှီးမြှပ်နှံမှုမှာ) ပါတယ်။ ကျွန်တော်စိုးရိမ်တာကအစိုးရနဲ့ ကုမ္ပဏီပေါင်းလုပ်မယ်ဆိုရင် ကျိုက်မရောမှာလိုပဲ မမျှတတဲ့လျော်ကြေးပေးတာတွေဖြစ်လာမှာကိုပဲ။ (ကျိုက်မရောတွင် ဘိလပ်မြေစက်ရုံအတွက် မြေသိမ်းယူမှု ဖြစ်ပွားခဲ့ပြီးလျော်ကြေးငွေအနည်းငယ်သာ ပေးခဲ့သည်) ဒီဒေသကလူတွေက ဗမာစကား မပြောတတ်ဘူး၊ ဒီက (မြေယာ) အရင်းအမြစ်တွေသုံးပြီး အသက်မွေးမှုကို ရိုးရိုးရှင်းရှင်း လုပ်နေတဲ့သူတွေ၊ စီမံကိန်းဖြစ်ပြီး ဘာမှမကျန်တော့မှာကို ကျွန်တော် စိုးရိမ်တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် စီးပွားရေးဌာနပေါင်းစုမှ Dr Manot Potoporn က စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍ နည်းပညာရှုထောင့်မှ ပြောကြားခဲ့သည်။

“မြေသိမ်းတာက ပြဿနာတစ်ခုအနေနဲ့ ဖြစ်လာမှာပဲ၊ ဒါကလည်း နိုင်ငံရေးသဘော သဘာဝအရပဲ၊ အရင်က ဆိုရှယ်လစ်စနစ်ကျင့်သုံးခဲ့တဲ့နိုင်ငံတွေမှာ စျေးကွက်ပိုင်းဆိုင်ရာတွေ သိပ်မဖွံ့ဖြိုးဘူး၊ အာဏာရထားသူတွေက မြေယာကို ဝယ်ယူတာထက် သိမ်းယူတာကို ပိုလုပ်တယ်။ မြန်မာနိုင်ငံက တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ပြီးတော့ တိုင်းရင်းသားအချင်းချင်းကြားမှာ ဆက်ဆံရေးပြေလည်ဖို့ ပြန်လည်လုပ်ဆောင်ရမှာတွေလည်း ရှိတယ်။ စီမံကိန်းကြောင့် ဆုံးရံှုးနစ်နာမယ့်သူတွေကို မျှတတဲ့ လျော်ကြေးတွေ ပေးချေဖို့လိုပါတယ်။ စီမံကိန်းဒေသမှာ ဆိုးကျိုးတွေဖြစ်မလာစေဖို့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို သေချာချိန်ဆပြီး လုပ်ဆောင်ဖို့လိုပါတယ်” ဟု ပြောကြားခဲ့သည်။

နောင်အချိန်တွင် မြေယာ (မတရား) ရယူမှုများ ဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများက ယခုအချိန်တွင် စိုးရိမ်နေကြသည်။ ယင်းအပြင် စီမံကိန်းကြောင့် ရိုးရာယဉ်ကျေးမှု ထိခိုက်ပျက်စီးမည်ကို ဒေသခံများက ပူပင်သောကရောက်နေကြောင်း အသက် (၄၀) အရွယ်ရှိ ကျံညဲရွာသား နိုင်စိုးနိုင်က အောက်ပါအတိုင်း ပြောပြခဲ့သည်။

“ကျွန်တော်အတွေအကြုံအရ ပြောရမယ်ဆိုရင် စီးပွားရေးဖွံ့္ဖဖြိုးဖို့ ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် ထိုင်းနိုင်ငံခြားက အမျိုးသမီးတွေဟာ လိင်အလုပ်သမတွေ ဖြစ်သွားကြတယ်။ လူကြိုက်များတဲ့ နိုင်ငံခြားက ယဉ်ကျေးမှုတွေ ရောက်လာရင် ဒီကရိုးရာဓလေ့တွေကို ထိခိုက်မယ်။ ထိုင်းမှာဖြစ်နေတာတွေကိုမြင်ပြီး ကျွန်တော်စိတ်မသက်သာဘူး။ အဲလိုစီမံကိန်းတွေ ဖြစ်လာရင် ကျွန်တော်တို့ဒေသအတွက်လည်း စိုးရိမ်တယ်။ ကျွန်တော်အမြင်ကတော့ အစိုးရအနေနဲ့ ရင်းနှီးမြှပ်နှံမှုတွေကို မဖိတ်ခေါ်ခင်မှာ ကိုယ့်ဒေသမှာရှိတဲ့ ပြည်သူတွေ ခေတ်ပေါ်ယဉ်ကျေးမှု လွှမ်းမိုးတာ မခံရအောင် အရင်ကာကွယ်ထားသင့်တယ်” ဟု ပြောပါသည်။

ရေးမြို့နယ်၏ အနာဂတ်က ဘာလဲ

အရင်းရှင်စီးပွားရေးစနစ်တွင် စျေးကွက်စနစ်နှင့် အစိုးရ၏ အခြေခံအကျဆုံး ရည်ရွက်ချက်မှာ ကောင်မွန်သော စီးပွားရေးစနစ်တည်ဆောက်ရန်နှင့် အမြတ်အစွန်းများ တိုးပွားရန်ဖြစ်သည်။ သို့သော် ဒေသခံပြည်သူတို့၏ လူမှုဘဝနှင့် သဘာဝအရင်းအမြစ်များကို ထိခိုက်ပျက်စီးစေပါက အန္တရာယ်ဖြစ်လာမည်ဖြစ်သည်။ ထို်င်းနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းက လူမှုရေးဆိုင်ရာ တာဝန်ယူတာဝန်ခံမှုများ ရှိနေသည့်ပြင် အကျိုးအမြတ်များစွာ ဖြစ်ထွန်းနေသောကြောင့် ၎င်းပုံစံအတိုင်း မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် လုပ်ဆောင်ရန်မှာလည်း ဖြစ်နိုင်ချေနည်းပါးလှသည်။

အစိုးရသာမက ပုဂ္ဂလိကကုမ္ပဏီများပါ ပွင့်လင်းမြင်သာမှုမရှိသော မြန်မာနိုင်ငံအတွက် စစ်မှန်သော သဘာဝပတ်ဝန်းကျင် ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ရန်မှာများစွား ခက်ခဲ့လှသည်။ မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံကိန်းများ မြောက်များစွာရှိနေသောလည်း တိကျသေချာသော သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းဆိုင်ရာ နည်းဗျူဟာ မရှိသေးချေ။ ရေးမြို့နယ်ကဲ့သို့သော ဒေသများတွင် ဒေသခံပြည်သူကို ကာကွယ်ပေးလိုပါက နိုင်ငံတော်အစိုးရ အနေဖြင့် သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ရာတွင် အဖွဲ့အစည်းများအပြင် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသင်းအဖွဲ့များနှင့် သက်ဆိုင်ရာ အခြားသောအဖွဲ့အစည်းများကိုပါ ပါဝင်ခွင့် ပေးအပ်ရမည် ဖြစ်သည်။

လူ့သဘောသဘာဝအရ နယ်မြေဒေသအသစ်သို့ သွားရောက်လည်းပတ်လိုကြသည်။ လှပသော သဘာဝပတ်ဝန်းကျင်ကို ခံစားလိုကြသည်။ ဌာနေတိုင်းရင်းသားတို့၏ ရိုးရာလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို လေ့လာလိုကြသည်။ သဘာဝ အရင်အမြစ်များနှင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်ရန်မှာ အဖွဲ့အစည့်အားလုံးအတွက်အရေးကြီးဆုံးသော တာဝန်ဝတ္တရားဖြစ်သည်။

အချုပ်အားဖြင့်ဆိုရလျှင် ရေးမြို့နယ် ခေါဇာဒေသတွင် ခရီးသွားလုပ်ငန်းစီမံကိန်း လုပ်ဆောင်မည်ဆိုပါက ဒေသခံပြည်သူက မျှော်လင့်ထားသော ဒေသခံလူထုအကျိုးကို ဖြစ်ပွားစေသော သဘာဝပတ်ဝန်းကျင်ခရီးသွားလုပ်ငန်းစစ်စစ် အမှန်တကယ် ဖြစ်လာမည် လောဆိုသည်ကို စဉ်ဆက်မပြက် စောင့်ကြည့်လေ့လာနေရမည်သာ ဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

အစိုးရနှင့် NCA အကျပ်အတည်း

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ဖော်ဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် …

Leave a Reply

%d bloggers like this: