Homeသတင်းမုဒုံ၊ ကျိုက်ရွဲရွာအနီး သေဆုံးသည့် အမျိုးသားနှင့် ပတ်သက်ပြီး ကျူးလွန်သူဟု ယူဆရသူများ ဖမ်းဆီးရမိ

မုဒုံ၊ ကျိုက်ရွဲရွာအနီး သေဆုံးသည့် အမျိုးသားနှင့် ပတ်သက်ပြီး ကျူးလွန်သူဟု ယူဆရသူများ ဖမ်းဆီးရမိ

-

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျိုက်ရွဲကျေးရွာအနီး ရော်ဘာခြံအတွင်း သေနတ်ဒဏ်ရာဖြင့် အမျိုးသားတစ်ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး ကျူးလွန်သူဟု ယူဆရသူများကို ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

သေနတ်ဒဏ်ရာဖြင့် သေဆုံးသူသည် ရေးမြို့နယ်၊ ဘေးလမိုင်းကျရွာနေ ကိုအောင်နိုင်ဝင်းဆိုသူဖြစ်ကြောင်း၊ ၎င်းသေဆုံးမှုနှင့် ပတ်သက်ပြီး မိသားစုဝင်များက ၎င်းထံ ငွေချေးယူထားသည့် မျိုးမင်းအေး (ခ) ဝတုတ်ဆိုသူကို တိုင်ကြားခဲ့ပြီး ခေါ်ယူစစ်ဆေးခဲ့ရာမှ ဖြစ်စဉ်ပေါ်ပေါက်လာခြင်းဖြစ်သည်။

မျိုးမင်းအေး (ခ) ဝတုတ်၏ ထွက်ဆိုချက်အရ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းက သံဖြူဇရပ်တွင် ရှိနေသည့် ကိုအောင်နိုင်ဝင်းကို ၎င်းချေးယူထားသည့် ပိုက်ဆံများ ပြန်းပေးရန် ဖုန်းဆက်ခေါ်ခဲ့သည်။

ထို့နောက် မျိုးမင်းအေး (ခ) ဝတုတ်နှင့် သီဟဆိုသူတို့ ကားတစ်စီးဖြင့် ကိုအောင်နိုင်ဝင်းကို လာခေါ်ခဲ့ကြောင်း၊ ကိုအောင်နိုင်ဝင်းက ၎င်း၏ ကိုယ်ပိုင်ကားဖြင့် မျိုးမင်းအေး (ခ) ဝတုတ်တို့ကားနောက်မှ မုဒုံမြို့ဘက်သို့ လိုက်သွားခဲ့သည်။

မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာအရောက်တွင် စနေထွန်းဆိုသူကို ထပ်ခေါ်ပြီး စနေထွန်းနှင့် သီဟဆိုသူတို့က ကိုအောင်နိုင်ဝင်းကားပေါ် ပြောင်းစီးကာ မုဒုံမြို့ဘက်သို့ ဆက်လက် မောင်းနှင်လာခဲ့ရာ ကမာဝက်မြို့အလွန်တွင် စနေထွန်းနှင့် သီဟတို့က ကိုအောင်နိုင်ဝင်ကို သေနတ်ဖြင့် ချိန်ကာ၊ ကြိုးတုပ်ပြီး ကျိုက်ရွဲကျေးရွာအနီး ရော်ဘာခြံဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ည ၇ နာရီခွဲခန့်တွင် စနေထွန်းဆိုသူက ကိုအောင်နိုင်ဝင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ရုပ်အလောင်းကို ခြုံပုတ်အတွင်း ပစ်ထားခဲ့သည်ဟု ထွက်ဆိုချက်ပေးထားကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့က ပြောသည်။

မျိုးမင်းအေး (ခ) ဝတုတ်သည် ကိုအောင်နိုင်ဝင်းကို ပေးဆပ်ရမည့် အကြွေး ကျပ်သိန်း ၅၀၀ ကျော်အား မပေးလိုလို့ သီဟဆိုသူ၏ အချိတ်အဆက်ဖြင့် စနေထွန်းဆိုသူကို ငှားရမ်းကာ ကိုအောင်နိုင်ဝင်းအား သတ်ဖြတ်ရန် ခိုင်းစေခဲ့ခြင်းဖြစ်သည်။

စနေထွန်းဆိုသူသည် ရဲတပ်ဖွဲ့က အလိုရှိနေသူတစ်ဦးဖြစ်ပြီး ခလယ်တံခွန်တိုင်ကျေးရွာဘက် တိမ်းရှောင်နေသူ ဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကျူးလွန်သူ သီဟဆိုသူကို မုဒုံမြို့နယ်၊ ဘဲရမ်းကျေးရွာတွင် အောက်တိုဘာလ ၃၁ ရက်နေ့က လည်းကောင်း၊ စနေထွန်းဆိုသူကို မုဒုံမြို့၊ ခုနှစ်ခွေတောင်ခြေတွင် နိုဝင်ဘာလ ၂ ရက်နေ့က လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ကိုအောင်နိုင်ဝင်းအား သတ်ဖြတ်ရာတွင် အသုံးပြုခဲ့သည့် သေနတ်နှင့် ကိုအောင်နိုင်ဝင်း၏ ကားကို ကျိုက်မရောလမ်းဘေး ရော်ဘာခြံတခုအတွင်း ရှာဖွေသိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မျိုးမင်းအေး (ခ) ဝတုတ်၊ သီဟ၊ စနေထွန်းတို့ကို မုဒုံမြို့မရဲစခန်းတွင် အမှုဖွင့်ကာ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,900SubscribersSubscribe

Latest posts