Homeသတင်းဖာလိန်ဒေသတွင် ခြံလုပ်ငန်းလုပ်ကိုင်ရန် ထောက်ခံချက်ကတ်ပြားများ ပြုလုပ်ရ

ဖာလိန်ဒေသတွင် ခြံလုပ်ငန်းလုပ်ကိုင်ရန် ထောက်ခံချက်ကတ်ပြားများ ပြုလုပ်ရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်ဒေသတွင် ခြံလုပ်ငန်းလုပ်ကိုင်ရန် ထောက်ခံချက်ကတ်ပြားများကို ခြံလုပ်ငန်းရှင်နှင့် အလုပ်သမားများ ပြုလုပ်ထားရကြောင်း သိရသည်။

နိုဝင်ဘာလ ဒုတိယပတ်မှစ၍ ခြံပိုင်ရှင်များနှင့် ခြံလုပ်သားများ လုပ်ငန်းလုပ်ကိုင်ခွင့် ကတ်ပြားများ ပြုလုပ်ကြရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှတစ်ဆင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ညွှန်ကြားထားသဖြင့် ကတ်ပြားများ လုပ်ဆောင်နေရကြောင်း ဖာလိန်ဒေသခံတစ်ဦးက ဆိုသည်။

“ကတ်ပြားကတော့ ဖာလိန်ဒေသက ခြံလုပ်သားတွေအကုန်လုံး လုပ်ရတယ်။ ဖာလိန်ဒေသမှာတော့ ဒါက ပထမအကြိမ် လုပ်ခိုင်းတာပဲ။ သက်ဆိုင်ရာအဖွဲ့အစည်းတွေ မေးမြန်းလာရင် ပြနိုင်ဖို့ လုပ်ပေးတာဖြစ်တယ်။ အုပ်ချုပ်ရေးမှူးတွေပဲ လုပ်ပေးနေတာ။ သူတို့လက်မှတ်လည်း ပါရမယ်။ ” ဟု အထက်ပါဒေသခံက ပြောသည်။

ကတ်ပြားတွင် မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ လူမျိုး၊ မိဘအမည်၊ နေရပ်လိပ်စာ၊ ခြံတည်နေရာနှင့် ခြံပိုင်ရှင် သို့မဟုတ် ခြံလုပ်သားဖြစ်ကြောင်း စသည့် ကိုယ်ရေးအချက်အလက်များ ပါဝင်သည်ဟုလည်း ဆိုသည်။

ခြံသွားရောက်သည့်အချိန်တိုင်း ကတ်ပြားအား ယူဆောင်သွားရန်၊ အခြားသူတစ်ဦးအား လွှဲပြောင်းကိုင်ဆောင်ခွင့်မပြုရန်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက စစ်ဆေးမေးမြန်းပါက ပြသနိုင်ရန် အပါအဝင် စည်းကမ်းချက် ၅ ခု လိုက်နာရမည်ဟုလည်း သိရသည်။

ရေးမြို့နယ်တွင် ကွမ်းသီးနှင့် ရော်ဘာစသည့် ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး ဒေသခံများအပြင် ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ လာရောက်လုပ်ကိုင်သည့် ရွှေ့ပြောင်းခြံလုပ်သားများလည်း ရှိကြောင်း သိရသည်။

ထောက်ခံချက်ကတ်ပြား ကိုင်ဆောင်ရန် သတ်မှတ်ထားခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သတ်ဆက်နွယ်သည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးခံရမှု ပိုမိုများလာနိုင်ကြောင်း ရေးမြို့နယ်မှ လူငယ်အမျိုးသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

“ဒေသခံတွေကတော့ ဒုက္ခတစ်မျိုး ထပ်ပိုသွားတာပေါ့။ ဘယ်သွားသွား၊ ဘယ်လာလာ ဒီဟာကို အမြဲပါအောင် ယူသွားရမှာ။ အချိန်ကြာလာရင်တော့ တစ်ခါတလေ ယူသွားဖို့ မေ့ကြမှာပဲလေ။ အဲဒီအခါ သူတို့စစ်ကြောင်းတွေနဲ့ တိုးမိတာ၊ စစ်ဆေးခံရတဲ့အခါ ကတ်ပြားမပါလာဘူးဆိုရင်တော့ ငွေထပ်ကုန်မှာပေါ့။ အဲဒီလိုဖြစ်စဉ်တွေ ပိုကြားလာရတော့မယ်။ ” ဟု ၎င်းက ပြောသည်။

ထို့အပြင် နေ့ခင်းပိုင်းတွင် သွားရောက်လုပ်ကိုင်နိုင်သည့် ကွမ်းသီးခြံလုပ်သားများနှင့် ခြံပိုင်ရှင်များအတွက် အခက်အခဲမရှိသော်လည်း ညပိုင်းတွင် သွားရောက်လုပ်ကိုင်ရသည့် ရော်ဘာခြံလုပ်သားများအတွက် ပိုမိုအခက်အခဲဖြစ်စေကြောင်းလည်း ဒေသခံများက ဆိုသည်။

ရေးမြို့နယ်၊ ဖာလိန်ဒေသသည် တော်လှန်ရေးလှုပ်ရှားမှု အားကောင်းသည့် နယ်မြေတစ်ခုဖြစ်ပြီး စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ချောင်းမြောင်းတိုက်ခိုက်မှု၊ ကြားဖြတ်တိုက်ခိုက်မှုများအပြင် နှစ်ဖက်ထိတွေ့တိုက်ပွဲများလည်း မကြာခဏလေ့ရှိသည့် ဒေသတစ်ခုလည်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,100SubscribersSubscribe

Latest posts