မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ပိုမို ကြာရှည်လာသည်နှင့်အမျှ တိုက်ပွဲဒေသများတွင်သာမက မိသားစုတစ်ခုချင်းစီ၏ နေ့စဉ်ရှင်သန်ရပ်တည်ရေး၊ စားဝတ်နေရေးနှင့် ဘဝလုံခြုံရေးများပါ အကြီးအကျယ် ထိခိုက်လာနေသည်။
အထူးသဖြင့် အိမ်ထောင်ဦးစီးဖြစ်ကြသည့် အမျိုးသားများမှာ စစ်မှုထမ်းဥပဒေ၏ ရိုက်ခတ်မှုကြောင့် ပြည်ပနိုင်ငံများသို့ နည်းမျိုးစုံဖြင့် ထွက်ခွာတိမ်းရှောင်ကြရသဖြင့် ကျန်ရစ်ခဲ့သည့် အမျိုးသမီးများ၏ ပခုံးပေါ်တွင် မိသားစုတစ်စုလုံး၏ ဝန်ထုပ်ဝန်ပိုးများ လုံးလုံးလျားလျားကျရောက်လာသည်။
ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ (UN Women) မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ အမျိုးသမီး ၄၂ ရာခိုင်နှုန်းတွင် ကိုယ်ပိုင်ဝင်ငွေ လုံးဝမရှိကြဘဲ အဆိုပါကိန်းဂဏန်းမှာ အမျိုးသားများထက် နှစ်ဆနီးပါး ပိုမိုများပြားနေကြောင်း တွေ့ရှိရသည်။ ဤအချက်သည် လက်ရှိအကျပ်အတည်းကာလအတွင်း အမျိုးသမီးများ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ထိခိုက်လွယ်မှုကို ပုံဖော်ပြသနေပေသည်။

“အခုဆို အမျိုးသားတွေအတွက်တောင် တစ်နေ့တစ်နေ့ အလုပ်အကိုင်က မရှိသလောက် ဖြစ်လာတယ်။ အိမ်မှာကျန်ခဲ့တဲ့ အမျိုးသမီးတွေမှာ စားဝတ်နေရေး တာဝန်က ပိုပြီး လေးလံလာတယ်။" ဟု ရေးမြို့နယ်မှ မြေပြင်အခြေအနေများကို သိရှိသူ အမျိုးသမီးအရေး လှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် ဒေသတွင်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာခြင်းနှင့်အတူ လက်နက်ကိုင်တပ်ဖွဲ့များ နယ်မြေအတွင်း လှုပ်ရှားသွားလာနေမှုများကြောင့် ဒေသတွင်း မိရိုးဖလာ စီးပွားရေးလုပ်ငန်းများ ထိခိုက်လာသည်။
ရေးတောင်ပိုင်းဒေသ တောင်သူများအနေဖြင့် ဥယျာဉ်ခြံမြေများသို့ သွားရောက်လုပ်ကိုင်ရန်ပင် အခက်အခဲကြုံနေရပြီး၊ စားဝတ်နေရေး အကျပ်အတည်းကြောင့် ကျောင်းထွက်နှုန်းများ မြင့်တက်လာနေသည်။
တဖက်တွင်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်နှင့် ဝင်ငွေမလုံလောက်မှုတို့ကြောင့် ပိုင်ဆိုင်သမျှ ရွှေငွေခြံမြေများကို ရောင်းချလာကြကာ အချို့မှာ အသက်မွေးဝန်းကျောင်းအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ရုန်းကန်နေကြရသည်။
“ဈေးရောင်းတဲ့ အမျိုးသမီးတွေဆိုရင်လည်း မနက် ၄ နာရီလောက်ကတည်းက ရေးမြို့ပေါ်ကနေ ရွာတွေဘက် လိုက်လံရောင်းချကြတာပါ။ ဒါပေမဲ့ ညမထွက်ရအမိန့်တွေ ကြောင့် သွားလာလို့ မရတော့ဘူး။ အလုပ်အကိုင်တွေကလည်း လည်ပတ်လို့ မရတော့ဘူးလေ။ ဝင်ငွေမရှိတော့ အကြွေးတင်တာ၊ ပိုင်ဆိုင်မှုတွေ ရောင်းချရတာတွေအပြင် တချို့ဆို စားဝတ်နေရေးအတွက် တရားမဝင်တဲ့ လုပ်ငန်းတွေဘက်ကိုပါ ရွေးချယ်လာကြရတဲ့အထိ ဖြစ်လာတယ်။ “ ဟု ခေါဇာဒေသခံ အမျိုးသမီးတစ်ဦးက ရင်ဖွင့်သည်။
ပဋိပက္ခဒေသများအတွင်း ရှိနေကြသည့် အမျိုးသမီးများမှာ စီးပွားရေးရပ်တန့်မှု၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့မှုနှင့် အခွင့်အရေးချိုးဖောက်မှုများ ကြုံတွေ့နေရသော်လည်း တိုင်ကြားရန် ယန္တရားဟူ၍ မရှိတော့ပေ။
ထိုအခြေအနေများကြောင့် မတရားမှုများ ရင်ဆိုင်ခံစားနေကြရပြီး နေ့စဉ်နှင့်အမျှ ကြောက်ရွှံ့မှု၊ စိုးရိမ်ပူပန်မှု၊ အနာဂတ် မသေချာမှုများနှင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုဒဏ်များကို ပြင်းပြင်းထန်ထန် ခံစားနေကြရသည်။
မြန်မာနိုင်ငံရှိ လူငယ်၅ဦးတွင် တစ်ဦးနီးပါး(ခန့်မှန်းခြေ လူငယ်၃သန်းခန့်)သည် အလုပ်အကိုင်မရှိ၊ပညာသင်ကြားခြင်းမရှိ၊လေ့ကျင့်ရေးတွင်လည်း မပါဝင်ဘဲ NEET(Not in Education ,Employment,or training)ဖြစ်နေကာ ၎င်းနူန်းအထဲတွင် အမျိုးသမီးပါဝင်မှု အမြင့်ဆုံးဖြစ်နေသည်ဟု UNDP Myanmar က ဆိုသည်။




