မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)–NMSP-AD ထိန်းချုပ်ထားသည့် မြောက်ပိုင်းဒေသတွင် ပါဝင်သည့် ကြာအင်းဆိပ်ကြီးဒေသကို စံပြမြို့နယ်အဖြစ် သတ်မှတ်ပြီး ဒေသန္တရ လူထုအခြေပြုအုပ်ချုပ်ရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“စံပြလို့ဆိုရာမှာလည်း နိုင်ငံအဆင့်လိုမျိုး စံပြကို လုပ်တာမဟုတ်ဘူး။ ကျွန်တော်တို့ဒေသက ပြည်သူတွေနဲ့ ကိုက်ညီတဲ့ စံပြအုပ်ချုပ်မှုပုံစံကို ဆိုလိုတာပါ” ဟု NMSP-AD ၏ မြောက်ပိုင်းဒေသကွပ်ကဲရေးတာဝန်ခံ နိုင်သူရဌေးက ပြောသည်။
အဆိုပါ လူထုအခြေပြုစံပြအုပ်ချုပ်ရေးစနစ်ကို NMSP-AD ထိန်းချုပ်ထားသည့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ မွန်ကျေးရွာများတွင် လာမည့် ၂၀၂၇ ခုနှစ်တွင် စတင်ဖော်ဆောင်သွားမည်ဟု မြောက်ပိုင်းဒေသကွပ်ကဲရေးတာဝန်ခံ၏ ပြောဆိုချက်အရ သိရသည်။
ကျေးရွာ၊ တိုက်နယ်နှင့် မြို့နယ်အဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူများအပါအဝင် တရားစီရင်ရေးဆိုင်ရာကဏ္ဍတွင် ကျေးရွာနှင့် တိုက်နယ်အဆင့် တာဝန်ရှိသူများကို ပြည်သူလူထု ကိုယ်တိုင် ဆန္ဒမဲပေး ရွေးကောက်တင်မြှောက်သည့်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထို့အပြင် ဒေသခံလူထုများပါဝင်မည့် စည်ပင်သာယာရေး၊ ဒေသဖွံ့ဖြိုးရေးကဲ့သို့သော လိုအပ်သည့် အဖွဲ့အစည်းများကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။
“လောလောဆယ်ကာလမှာ ကျေးရွာလုံခြုံရေးအဖွဲ့၊ တိုက်နယ်လုံခြုံရေးအဖွဲ့တွေက မိမိတို့ သက်ဆိုင်ရာဒေသတွေမှာ ပြည်သူတွေလိုအပ်တဲ့ ကာကွယ်ရေး၊ လုံခြုံရေးလုပ်ငန်းဆောင်တာတွေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါတယ်” ဟု နိုင်သူရဌေးက ဆက်ပြောသည်။
ယင်းကဲ့သို့ ဒေသန္တရ လူထုအခြေပြုစံပြအုပ်ချုပ်ရေးစနစ် ပီပြင်လာစေရန် NMSP-AD အနေဖြင့် ဒေသခံပြည်သူလူထုများနှင့် (၈) ကြိမ်ထက်မနည်း တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
NMSP-AD သည် NCA လက်မှတ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီ (NMSP) မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ခွဲထွက်လာပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် လက်တွဲပူးပေါင်းကာ အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်လျက်ရှိသည်။




