Home သတင်း ဒေသဖွံ့ဖြို့ရေးထက် မြေပြင်အခက်အခဲများကို ဖြေရှင်းရန် ရေးဒေသခံများ လိုလား

ဒေသဖွံ့ဖြို့ရေးထက် မြေပြင်အခက်အခဲများကို ဖြေရှင်းရန် ရေးဒေသခံများ လိုလား

စစ်ကော်မရှင်လက်အောက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ နယ်မြေတည်ငြိမ်မှုမရှိသည့်ရေးမြို့နယ်သို့ သွားရောက်ခဲ့ပြီး ဒေသဖွံ့ဖြို့ရေး လုပ်ငန်းများ အကောင်အထည်ဖော်နေသော်လည်း မြေပြင်လူမှုအခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းပေးရန် ရေးဒေသခံများ လိုလားနေသည်။

ပြီးခဲ့သည့် အောက်တိုဘာလ-၁၆ ရက်နေ့က စစ်ကော်မရှင်လက်အောက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝန်သင်း၊ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ အပါဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီးအဖြစ် မွန်ညီညွတ်ရေးပါတီမှ မိလဝီဟန် နှင့်အခြားတာဝန်ရှိသူများက ရေးမြို့နယ် ဌာနဆိုင်ရာနှင့်တွေ့ဆုံပြီး ကိုရင်လေးဆရာတော်နှင့်လည်းတွေ့ဆုံခဲ့သည်။

၎င်းအပြင် အောင်မေတ္တာရပ်ကွက်ရှိ မီးရထားဘူတာရုံကိုသွားရောက်ခဲ့ပြီး ပျက်စီးနေသည့် မော်လမြိုင်-ရေး မီးရထားလမ်းကြောင်းပြန်လည်ပြေးဆွဲနိုင်ရန် အမြန်စီစဉ်ဆောင်ရွက်ရန် ညွန်းကြာခဲ့သည်ဟု စစ်ကော်မရှင်အဖွဲ့ပိုင် မွန်တို့ဌာနသတင်းဌာနတွင် ဖော်ပြထားသည်။

သို့သော် ရေးဒေသခံများသည် နယ်မြေမတည်ငြိမ်မှုကြောင့်ခြံလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းမရှိသည့်အပြင် ရေး-မော်လမြိုင်လမ်းတစ်လျှောက် အကောက်ခွန်ကောက်ခံမှုနှင့် စစ်ဆေးရေးဂိတ်များကြောင့် ခရီးသွားလာရေး အခက်အခဲများ ကြုံတွေ့နေရသည်။

ထို့ပြင် စစ်ကော်မရှင်လက်အောက်ခံအဖွဲ့များက လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေသည့် အခြေအနေများအပါအဝင် ဒေသခံများ နေ့စဉ်ကြုံတွေ့နေရသည့် ပြဿနာများကို ပြည်နယ်အစိုးရအနေဖြင့် ဦးစားပေးဖြေရှင်းပေးစေလိုကြောင်း ၎င်းတို့ကဆိုသည်။

ရေးမြို့ပေါ် ဒေသခံအမျိုးသားတစ်ဦးက “စစ်ဆေးရေးဂိတ်မှာ ငွေကြေးကောက်ခံတဲ့ပြသနာ။ စစ်မှုထမ်းဥပဒေကြောင့် ပေါ်တာဆွဲတဲ့ပြသနာ ဒီပြသနာတွေကို ဖြေရှင်းပေးစေချင်တယ်။ သူတို့ဖြစ်ချင်တဲ့အရာကို လာပြောပြတာမဟုတ်ပဲနဲ့ ပြည်သူရဲ့ဒုက္ခကို မြင်ပြီးတော့ ဖြေရှင်းပေးတာမျိုးလိုချင်တယ်။” ဟု ဆိုသည်။

ရေးဒေသခံများက တွေ့ဆုံဆွေးနွေးမှုအတွင်း ၎င်းတို့၏တောင်းဆိုချက်များကို မှတ်တမ်းတင်ထားရုံသာမက လက်တွေ့တွင် အမှန်တကယ် အကောင်အထည်ဖော်ပေးစေလိုကြောင်းထပ်မံင်ပြောဆိုထားသည်။

တော်လှန်ရေးအဖွဲ့များ သွားလာလှုပ်ရှားနေသည့် ရေးမြို့နယ်သို့စစ်ကော်မရှင်လက်အောက်ခံ မွန်ပြည်နယ်အစိုးရအဖွဲ့က စစ်အာဏာသိမ်းပြီးနောက် ငါးနှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် ကွင်းဆင်းလေ့လာရေးခရီး သွားရောက်ခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးအခြေအနေ အားနည်းနေခြင်းကြောင့် ရွေးကောက်ခံမွန်လွှတ်တော်အမတ်များအပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများသည် ယနေ့အချိန်အထိ ရေးမြို့နယ်သို့ ကိုယ်တိုင်လာရောက်ခြင်းမရှိဘဲ အဝေးမှသာ အုပ်ချုပ်ရေးလုပ်ငန်းများလုပ်ဆောင်နေကြကြောင်း ရေးဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ရွေးကောက်ပွဲပြီးတဲ့နေ့ကနေ အခုချိန်အထိ ရေးမြို့နယ်မြေဧရိတယာကို မနှင်းရသေးတဲ့သူရှိသလို သူတို့ရဲ့အသံရော ရုပ်ရော တစ်ခါမှမကြားဖူး မမြင်ဖူးတဲ့သူတွေလည်း ရှိနေသေးတယ်။ မွန်လွတ်တော်အမတ်တွေကို ပြည်သူတွေကသတိရနေတယ် သူတို့လုပ်ဆောင်စွမ်းတွေကို တစ်ခုမှမတွေ့ရသေးဘူး။” ဟုဆိုသည်။

တော်လှန်ရေးအဖွဲ့များ စိုးမိုးထားသည့် ရေး-သံဖြူဇရပ်ကားလမ်းပိုင်း၌လည်း ပညာရေးဝန်ထမ်းများအပါအဝင် ရေးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်းထမ်းအားလုံး ရုံးလုပ်ငန်းကိစ္စဖြင့်ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာဖြင့်ဖြစ်စေ နယ်ကျော် ခရီးသွားရာတွင် သက်ဆိုင်ရာဌာနနှင့် တပ်ရင်းများထံ ကြိုတင်အ ကြောင်းကြားရမည်ဟု ဒေသခံတို့မှတစ်ဆင့်သိရသည်။

Enable Notifications OK No thanks