Homeသတင်းလေယာဉ်ဗုံးကြဲတိုက်ခိုက်မှုပြီးနောက် ရေးချောင်းဖျားတွင် စစ်တပ် စစ်ကြောင်းအဖွဲ့လှုပ်ရှား

လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုပြီးနောက် ရေးချောင်းဖျားတွင် စစ်တပ် စစ်ကြောင်းအဖွဲ့လှုပ်ရှား

-

ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကော်မရှင်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက်၊ အောက်တိုဘာ ၁၉ ရက်တွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဝတ်စုံအပြည့်ဖြင့် အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကော်မရှင် စစ်ကြောင်းသည် အောက်တိုဘာလ ၁၉ ရက်နေ့မှစ၍ ရေကြောင်းလမ်းတစ်ဆင့် ကျောင်းရွာမှ ကျောက်မီးကျောင်းကျေးရွာအနီးသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည်။

“ စစ်ကြောင်းက ကျောင်းရွာအောက်ဘက်‌ကနေ ကမ်းကူးပြီးတော့ ကျောက်မိကျောင်းရွာအနီးက ကမ်းညီတောင်မှာ သူတို့ရောက်လာတယ်။ ၁၉ ရက်နေ့က အခုက သူတို့စစ်ကြောင်း ဘယ်ရောက်နေလဲ မသိဘူး ပြန်ဆုတ်သွားတာလားတော့ သတင်းအတိအကျမသိရသေးဘူး။ ” ဟု ရေးချောင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ကျောက်မိကျောင်းရွာအနီးသို့ ချဉ်းကပ်ရောက်ရှိလာခဲ့သော စစ်ကော်မရှင် စစ်ကြောင်းသည် မည်သည့်နေရာသို့ ဆက်လက် ရွှေ့ပြောင်းသွားသည်ကို မသိရှိရသေးဘဲ ရွာအနီးတစ်ဝိုက်၌သာ ရှိနေနိုင်ကြောင်း ဆိုသည်။

ထို့အပြင် ရေးချောင်းဖျားဒေသအတွင်း နေ့ရောညပါ ဝေဟင်မှ ကင်းထောက်ပျံသန်းမှုများ ရှိနေသဖြင့် လေကြောင်းအန္တရာယ်ပါ စိုးရိမ်နေရသည်။

ရာဘာစေးခြစ် ရာသီဖြစ်သဖြင့် လေကြောင်းအန္တရာယ်နှင့် မြေပြင်စစ်ကြောင်းထိုးခြင်း ခြိမ်းခြောက်မှုကြား အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေရပြီး စွန့်ခွာတိမ်းရှောင်ရန် ခက်ခဲသည်ဟုလည်း ဆိုသည်။

“အခုအခြေအနေက လေကြောင်ကလဲ အချိန်မရွေး ကြဲခံရနိုင်တယ် လေယာဉ်က နေတိုင်းဝဲတယ်။ အခုစစ်ကြောင်းပါထပ်ထိုးနေတော့ အကုန်လုံးကြောက်နေကြတာ ဒီကနေရှောင်းဖို့က မဖြစ်နိုင်ဘူးလေ ကိုယ်ခြံကလဲဒီမှာ အခုဆို ရာဘော်ခြစ်တဲ့အချိန်လေ ‌ကိုယ်ကဒါပဲ လုပ်နေတယ်။ အန္တရယ်များတာ သိပေမဲ့ ရှောင်လို့မရမှတော့ ဒီလိုပဲ ကြောက်ကြောက်နဲ့ လုပ်နေရတာ။ ” ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်နေ့၊ ညသန်းခေါင်အချိန်တွင် ရေးချောင်းဖျားဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

ရေးချောင်းဖျားဒေသကို စစ်ကော်မရှင်က ပြီးခဲ့သည့် မေလနှင့် ဇွန်လအတွင်း လေယာဉ်ဖြင့်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှုလည်း အများအပြား ရှိခဲ့သလို ဒေသခံ ၁၀၀၀ ကျော် တိမ်းရှောင်ခဲ့ရသည်။

စစ်တပ်အာဏာသိမ်းထားသည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ ယခု ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၂,၄၄၉) ကြိမ် ကျူးလွန်ခဲ့ရာတွင် အရပ်သားပစ်မှတ်ထားခံရမှု (၇၀) ရာခိုင်နှူန်းနီးပါး ပါဝင်ကြောင်း နိုင်ငံတကာမြန်မာသတင်း-BNI ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စောင့်ကြည့်ရေးအဖွဲ့ MPM ၏ မှတ်တမ်းအရ သိရသည်။

ပုံ-Google Map

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts