Homeမေးမြန်းချက်“သူတို့တပ်ဆုတ်ထားတဲ့ အခြေအနေဆိုပေမယ့် စစ်သားတွေ အကုန်လုံးမပြန်ကြတာလည်း ဖြစ်နိုင်တော့ ရွာသားတွေ မလုံခြုံသေးပါဘူး။ ဗမာစစ်တပ်တွေ လုံးဝပြန်ဆုတ်တဲ့ အနေအထားရောက်တော့မှ နေရပ်ပြန်ရဲကြမယ်။ ”...

“သူတို့တပ်ဆုတ်ထားတဲ့ အခြေအနေဆိုပေမယ့် စစ်သားတွေ အကုန်လုံးမပြန်ကြတာလည်း ဖြစ်နိုင်တော့ ရွာသားတွေ မလုံခြုံသေးပါဘူး။ ဗမာစစ်တပ်တွေ လုံးဝပြန်ဆုတ်တဲ့ အနေအထားရောက်တော့မှ နေရပ်ပြန်ရဲကြမယ်။ ” ကြာအင်းဆိပ်ကြီးဒေသ စစ်ဘေးရှောင် ကူညီရေးကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ

-

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပုလိန်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်အဖွဲ့မှ တပ်စွဲရာနေရာများမှ အောက်တိုဘာ ၂၁ ရက်နေ့က ပြန်လည်ထွက်ခွာသွားသော်လည်း ပုလိန်ကျေးရွာအပါအဝင် အနီးအနားကျေးရွာမှ ဒေသခံ ၃၀၀၀ ထက်မနည်း စစ်ရှောင်နေရဆဲဖြစ်သည်။

စစ်ကြောင်းထိုးနေသည့် စစ်တပ်အဖွဲ့နှင့် ဒေသတွင်း မွန်၊ကရင် တော်လှန်ရေးပူးပေါင်းတပ်တို့ အောက်တိုဘာ ၁၉ ရက်နေ့အထိ ပစ်ခတ်မှုများရှိခဲ့ပြီး နီးစပ်ရာ အဘစ်တပ်ရင်းနှင့် ခလယ်တံခွန်တိုင်ဘက်မှ လက်နက်ကြီးပစ်ခတ်မှုများလည်း နေ့စဥ် ရှိနေသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်များကို အကူအညီရရှိနေမှုနှင့် မြေပြင်စစ်ရေးအခြေအနေများ သိရှိရန် ကြာအင်းဆိပ်ကြီးဒေသ စစ်ဘေးရှောင် ကူညီရေးကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ ကို IMNA မှ ဆက်သွယ်မေးမြန်းထားသည်။

မေး။    ။ တိုက်ပွဲဖြစ်ထားတဲ့ ပုလိန်ရွာဘက်မှာဆိုရင် လက်ရှိ စစ်ရေးအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။     ။အခု(အောက်တိုဘာ ၂၀)  ဗမာစစ်တပ်တွေ ပုလိန်ရွာမှာမရှိတော့ဘူး။ သူတို့တပ်စွဲထားတဲ့ နေရာပြောင်းထားတယ်။ ဒါမဲ့ ရွာသားတွေတော့ နေရပ်တော့ မပြန်ရဲသေးဘူး၊ ဘေးလွတ်ရာနေရာမှာ ရှောင်နေတုန်းပါပဲ။ မနေ့ညကမှ လက်နက်ကြီးအသံ၊ လက်နက်အသံ တိတ်သွားတယ်။ သူတို့ရွာမှာလည်း သေဆုံးထားတဲ့ အလောင်းတွေတော်တော်များများ ပုပ်ပြီး ကျန်ရှိသေးတယ်။ အခုထိလည်းရွာသွားတွေ ထိတ်လန့်နေတဲ့ အခြေအနေမို့လို့ပါ။ ဗမာစစ်သား လုံးဝပြန်ဆုတ်တဲ့ အနေအထားရောက်တော့မှ နေရပ်ပြန်ရဲကြမယ်။ အခုအဲ့နေရာကနေ သူတို့တပ်ဆုတ်ထားတာလို့ ပြောကြပေမဲ့ စစ်သားတွေ အကုန်လုံးမပြန်ကြတာလည်း ဖြစ်နိုင်တော့ ရွာသားတွေ မလုံခြုံသေးပါဘူး။

မေး။     ။ ဟုတ်ကဲ့။ လမ်းပိုင်းကို ဖြတ်သန်းသွားလာလို့ရတဲ့ အခြေနေရှိနေပြီးလား။

ဖြေ။     ။ အခြေအနေက ငြိမ်နေပါတယ်။ အောက်တိုဘာ ၂၀ ရက်နေ့ကစပြီး သွားလာလို့ရလာတယ်။ မုဒုံ-ကြာအင်းဆိပ်ကြီးဘက်သွားလာနေတဲ့ ခရီးသည်တွေ၊ ကားတွေတော့ ဖြတ်သန်းနေပါပြီး။

မေး။     ။ တိုက်ပွဲကြောင့် ဘယ်ရွာတွေ တိမ်းရှောင်နေရတာရှိလဲ။

ဖြေ။     ။ စစ်ဘေးရှောင်ကတော့ အခုပုလိန်၊ ခလယ်-တံခွန်တိုင်အပြင် ခုနှစ်ရွာ၊ ရှစ်ရွာလောက်ရှိတယ်။ လူဦးရေကတော့ ၃၀၀၀ လောက်ရှိတယ်။ စစ်ကြောင်းကခဏပဲဝင်မယ်ထင်လို့ အနီးအနားရွာဆို ထွက်လို့မမှီပဲ ကျန်နေတဲ့သူတွေလည်း ရှိရင်ရှိမှာပါ။ အချို့ကျတော့ သူတို့နီးစပ်ရာနေရာမှာသွားပြီးတော့ ရှောင်ကြတယ်။ ကျနော်တို့ စစ်ရှောင်ကူညီရေးအဖွဲ့ကတော့ သွားရောက်ကူညီပေးဖြစ်ပါတယ်။

မေး။     ။ စစ်ဘေးရှောင်တွေ အကူအညီရရှိမှုအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ။     ။ မွန်ပြည်သစ်ပါတီ (AD) စစ်ရှောင်ကူညီရေးအဖွဲ့ကနေဆို ဆန်တို့လှူကြတယ်။ နောက်ပြီး ကြာအင်းဆိပ်ကြီးဒေသမှာရှိတဲ့ မွန်ပြည်သစ်ပါတီ ဆေးဘက်ဆိုင်ရာအဖွဲ့ဟောင်း MMA အဖွဲ့တို့၊ မွန်ပြည်သစ်ပါတီက PHD ကျန်းမာရေးဌာနတို့ ဆေးဝါးတွေ ကူညီလှူဒါန်းတာ ကျန်းမာရေး စောင့်ရှောက် ပေးနေတာရှိတယ်။ လောလောဆယ်ကတော့ ဒီအဖွဲ့တွေပဲ လာရောက်ကူညီတာရှိပါတယ်။ အခြားအဖွဲ့အစည်းတွေရောက်ရှိတာမျိုးတော့ မတွေ့ရသေးပါဘူး။

မေး။   ။ စစ်ဘေးရှောင်တွေ လတ်တလော ဘယ်လိုခက်အခဲကြုံတွေ့နေရတာရှိလဲ။

ဖြေ။   ။ တိုက်ပွဲဖြစ်တဆိုတာ ချက်ချင်းလေ စစ်ဘေးပြေးလာပါတယ်ဆိုမှ အဝတ်တစ်ထည်ကိုယ်တစ်ခုပဲ ပြောရရင် စားဖို့သောက်ဖို့ နေထိုင်ဖို့ကျ ဆန်၊ ဆီ၊ ဆား၊ ငပိကအစ ခက်ခဲမှာပဲလေ။ ကူညီကယ်ဆယ်ရေးတော့ ရောက်ပါတယ်။

မေး။  ။ ဒေသတွင်း စစ်ရေး၊ လုံခြုံရေးနဲ့ ပတ်သတ်ပြီး ဖြည့်စွက်ပြောကြားပေးပါအုံးရှင်။

ဖြေ။  ။ တိုက်ပွဲအခြေအနေကတော့ လောလောဆယ် ဒီလောက်ပဲ ငြိမ်သက်သွားမယ်ထင်တယ်။ လမ်းပိုင်းလည်း ပြန်ပွင့်လာပြီး၊ တစ်ဖက်ကလည်း သူတို့လည်းတပ်စွဲထားတာကို ဖယ်လိုက်ပြီးဆိုတော့ ခဏလောက်တော့ ငြိမ်သွားမယ်ထင်တယ်။ စစ်ကြောင်းထိုးတာလည်း မရှိတော့ဘူးဆိုတော့ ဒေသခံတွေလည်း အခြေအနေကြည့်ပြီး ကိုယ့်နေရပ်ကိုယ်ပြန်ဖို့တော့ရှိမယ်ပေါ့။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts