Homeဆောင်းပါးစစ်အုပ်စုနှင့် ဆက်ဆံမှုသည် အမေရိကန်၏ အကျိုးစီးပွားအတွက်သာဖြစ်

စစ်အုပ်စုနှင့် ဆက်ဆံမှုသည် အမေရိကန်၏ အကျိုးစီးပွားအတွက်သာဖြစ်

-

အမေရိကန်အစိုးရက အာဏာသိမ်းစစ်အုပ်စုနှင့် တိုက်ရိုက်ဆက်ဆံခြင်းသည် ၎င်းတို့၏ အကျိုးစီးပွားအတွက်သာဖြစ်ပြီး စစ်အုပ်စုကို တရားဝင်မှု ပေးခြင်းမဟုတ်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောသည်။

၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗင့်စ် (Michael Vance) နှင့် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

အလားတူ အောက်တိုဘာလ ဒုတိယပတ်တွင်လည်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ အမေရိကန်အာဏာပိုင်များနှင့် မြန်မာစစ်အုပ်စုတို့ ထပ်မံတွေ့ဆုံခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ကမ္ဘာ့နိုင်ငံကြီးများသည် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ဦးတည်လေ့ရှိပြီး လက်ရှိအမေရိကန်၏ နေပြည်တော်နှင့် ဆက်သွယ်မှုသည်လည်း ၎င်းတို့နိုင်ငံ၏ အကျိုးစီးပွားအတွက် အသုံးချခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/NCA/S) ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“တိုက်ရိုက်ဆက်သွယ်တာတော့ ပစ်ထားတာထက်စာရင် ပိုကောင်းတယ်။ နံပတ်တစ်နော်၊ နံပတ်နှစ်က အဲဒီဆက်သွယ်တဲ့နေရာမှာလည်း ပြည်ထောင်စုသားတွေ နိုင်ငံတော်အတွက် တိုင်းပြည်အတွက် ဆက်သွာတာလား၊ သို့တည်းမဟုတ် သူ့အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်လို့ အခွင့်အလမ်းရှိလို့ ဆက်သွယ်တာလား၊ အဲဒီဟာတော့ ကျနော်တို့တော့ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့အခါကြတော့ အမေရိကန်ရဲ့ ပေါ်လစီက မိတ်ဆွေမရှိ၊ ရန်သူမရှိပဲဗျ သူလည်း တကယ်တော့ သူ့အကျိုးစီးပွားပေါ်လာရင် သူအသုံးချတာပဲ၊ ဒါကြောင့် အခု ဆက်သွယ်တာဟာလည်း သူ့ရဲ့ အကျိုးစီးပွားအတွက် အသုံးချနည်းတစ်နည်းလည်း ဖြစ်နိုင်ပေါ့ဗျာ၊ အဲဒါလေးပဲ ကျနော် သတိပေးချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အဖွဲ့အစည်းသည် တရုတ်၊ အိန္ဒိယ၊ ရုရှားအပါအဝင် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးရှိထားသည့်အတွက် အမေရိကန်အနေဖြင့်လည်း ၎င်းတို့ရယူလိုသည့် အကျိုးစီးပွားများအတွက် တိုက်ရိုက်ဆက်သွယ်ခြင်းဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။

တရုတ်-မြန်မာနယ်စပ်ဒေသရှိ မြေရှားသတ္တု (Rare Earth) နှင့် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ (ကျားဖြန့်) နှင့်ပတ်သက်သည့် ကိစ္စရပ်များကြောင့်လည်း အမေရိကန်က ဆက်သွယ်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သူများက ဆိုသည်။

မြေရှားသတ္တုသည် ခေတ်သစ်စစ်ရေးနှင့် ကမ္ဘာ့နည်းပညာကဏ္ဍအတွက် အထူးအရေးပါသည့် သတ္တုအမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တူးဖော်ရရှိသည့် မြေရှားသတ္တုများကို တရုတ်နိုင်ငံက အဓိကရယူနေသကဲ့သို့ အိန္ဒိယနှင့် အမေရိကန်တို့ကလည်း စိတ်ဝင်စားမှုရှိနေကြောင်း သိရသည်။

အမေရိကန်အနေဖြင့် စစ်အုပ်စုနှင့် ဆက်သွယ်ဆွေးနွေးခြင်းသည် ၎င်းတို့၏ အကျိုးစီးပွားအတွက်သာဖြစ်ပြီး အာဏာသိမ်းစစ်အုပ်စုကို တရားဝင်မှု ပေးခြင်းမဟုတ်ကြောင်း နိုင်ငံရေးသမားတစ်ဦးကလည်း ပြောသည်။

“ကျနော်မြင်တာတော့ အမေရိကန်က သူ့အတွက် သူလုပ်တာပါ။ သူက တရားဝင်အောင် ဖန်တီးတဲ့ သဘောမျိုး မရှိပါဘူး။ အမေရိကန်က သူ့အကျိုးကို သူကြည့်တယ်၊ သူ့အကျိုး သူကြည့်တဲ့အပြင် တခြားနိုင်ငံတွေထက် ထူးတာက သူက ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် လူ့အခွင့်အရေးတို့ အခြားအခြားသော Justice တို့ ဘာတို့ ဒါတွေကို သူက ကြည့်တယ်၊ နောက်တစ်ခါ ဒီမိုကရေစီ နိုင်ငံဖြစ်အောင် လုပ်ရမယ် သူ့ရဲ့ အန္တိမ ရည်မှန်းချက်က ကမ္ဘာမှာ သူ့မှာ ရှိတယ်။ ကျနော်မြင်တာက အမေရိကန် ဒီလိုမျိုး ဖွင့်ပေးတာက သူတို့အတွက် (စစ်အုပ်စု) တရားဝင်အောင် ဖြစ်စေတာထက် သူ့အကျိုးကို သူဆောင်ရွက်တယ်၊ နောက်တစ်ခါ ဆက်ဆံမှပဲ နက်နက်နဲနဲ ပိုသိတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

အမေရိကန်နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးပြီးနောက် စစ်အုပ်စုနှင့် ဆက်နွှယ်သည့် ခရိုနီလုပ်ငန်းစုကြီးဖြစ်သော ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုကို တည်ထောင်သူမိသားစုဝင်တစ်ဦးဖြစ်သည့် သိမ့်ဝင်းထက်အပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုကို အမေရိကန်က ရုပ်သိမ်းပေးခဲ့သည်။

အမေရိကန်နှင့် စစ်အုပ်စုတို့ တွေ့ဆုံမှုတွင် မည်သည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး မည်သည့်သဘောတူညီမှုများ ရရှိခဲ့သည်ကိုမူ နှစ်ဖက်အဖွဲ့အစည်းက တရားဝင် ထုတ်ပြန်ထားခြင်းမရှိပေ။

အရပ်သားအစိုးရထံမှ မတရားအာဏာသိမ်းယူထားသည့် စစ်အုပ်စုသည် ၎င်းတို့ တရားဝင်မှုရရှိရေးအတွက် မည်သည့်နည်းလမ်းဖြင့်မဆို ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောကြားထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts