မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ရိတ်သိမ်းခါနီးစပါးများ ပင်စည်ဖောက်ဆစ်ပိုး ကျရောက်မှုကြောင့် ဒေသခံလယ်သမား ၂၀၀ ကျော်၏ စပါးခင်း ဧကရာနှင့်ချီ ပျက်စီးဆုံးရှုံးနေပြီး ပိုးသတ်ဆေးဖြင့် ကာကွယ်ရန် ခက်ခဲနေကြောင်း ဒေသတွင်း လယ်သမားများထံမှ သိရသည်။
ပန်းကုန်းနှင့် ဇင်းကျိုက်ရွာတွင် ပိုးကျရောက်မှုများပြီး ရိတ်သိမ်းခါနီးစပါးများဖြစ်သဖြင့် ပိုသတ်ဆေးဖြင့် နည်းစနစ်ကျစွာနှိမ်နင်း နေရသည်ဟုလည်း လယ်သမားတစ်ဦးကဆိုသည်။
“ဧက ၂၀ စိုက်တဲ့သူတွေက ၈ ဧက၊ ၅ ဧကလောက်ကုန်သွားတာပေါ့။ စိုက်ပျိုးရေးကတော့ ဆစ်ပိုးလို့ပြောတယ်။ အပင်အောက်ထဲကနေပြီးတော့ ပိုးအမဲလေး ဝင်သွားတာပေါ့၊ စပါးရိတ်လို့ရဖို့ ၁၅ ရက်ပဲကျန်တော့တယ်။ စပါးတွေလည်း ဖြူကုန်ပြီး၊ အခြားရွာလည်းဖြစ်တယ်။” ဟု၎င်းကပြောသည်။

မိုးစပါး၊ နွေစပါးနှင့် သီးနှံ ရောနှောစိုက်ပျိုးထားသည့် လယ်ဧကများ၌ ပိုးကျရောက်မှုများနေပြီး၊ တစ်နှစ်ထက်တစ်နှစ် လယ်လုပ်ကိုင်သူ လျော့နည်းလာသဖြင့် ပိုးနှိမ်နင်းမှုအားမကောင်းတော့ဘဲ ပျက်စီးဆုံးရှုံးမှု များခဲ့ရကြောင်း ဆိုသည်။
“ မနှစ်ကလည်း ဖြစ်တယ်။ ဒါမဲ့နေရာတော့မတူဘူး အဓိကတော့ သီးစားစိုက်တဲ့ နေရာ ပဲစိုက်တာတို့ မိုးကျစပါးစိုက်၊ နွေစပါး အဲ့လိုနေရာက ပိုဖြစ်တယ်။ ပိုးပေါ့နော် တစ်ခါတလေကျ ဖြုတ်ပိုးကျတာ အခု ဆစ်ပိုးကျတာ။ ” ဟု ၎င်းကပြောသည်။
ရာသီဥတုပူပြင်းမှုကြောင့် ဖလံသားပေါက်ဖွားနှုန်း မြင့်တက်လာပြီး စပါးခင်းပိုးမွှားကျရောက်ပြီး အဆစ်ပိုးကြောင့် စိုက်ပျိုးရေး အပိုင်းကျွမ်းကျင်သူများက ထောက်ပြသည်။
ဆစ်ပိုးများသည် စပါးပင်စည်အတွင်း ဝင်ရောက်ကိုက်ဖြတ် ဖျက်ဆီးလေ့ရှိပြီး အပင်ငယ်စဉ် ကျရောက်ပါက အလယ်ခေါင်ညွန့် သေသွားတတ်ပြီး (ခေါင်ညွန့်သေလက္ခဏာ)၊ စပါးနှံထွက်ချိန်တွင် ကျရောက်ပါက ထောင်မတ်နေသော စပါးနှံအဖြူရောင်ခြောက်များ (အဆန်မပါသော စပါးနှံဖြူ) ဖြစ်ပေါ်စေသည်။
ယခုနှစ်တွင် ရာသီဥတုပြောင်းလဲမှု၊ ပိုးမွှားဝင်ရောက်မှုနှင့် စပါးလုပ်ကိုင်သူနည်းပါးသောကြောင့် ဒေသထွက်စပါးများ အထွက်နှုန်း လျော့နည်းလာနိုင်သည်ဟု တောင်သူများက ခန့်မှန်းထားကြသည်။
လက်ရှိ စပါးရပ်သိမ်းခါနီးကာလ၌ ပုံစံ ၇ အမည်ရှိသည့် လယ်သမားများ ပိုးသတ်ဆေးဖြန်းစက်အတွက် လိုအပ်သည့် လောင်စာဆီ ပမာဏအတိုင်း ဝယ်ယူ၍မရနိုင်သည့် ပြဿနာနှင့် ကြုံနေရကြောင်းလည်း သိရသည်။
ပုံ-ပေါင်မြို့နယ် စပါးစိုက်ခင်းများ ပိုးကျနေစဥ် (ပုံဟောင်း)




