လူငယ်များကို ပြည်ပထွက်ခွင့်ကန့်သတ်ထားစဉ် ပြည်ပအလုပ် လုပ်ကိုင်ရန်ဆန္ဒရှိသည့် စစ်မှုထမ်းပြီးဆုံးသူ လူငယ်များ ပြည်ပသို့ စေလွှတ်နေကြောင်း စစ်ကော်မရှင် အလုပ်သမားဝန်ကြီးဌာနက ယခုရက်ပိုင်းအတွင်း မက်လုံးပေးစည်းရုံးမှု လုပ်ဆောင်လာနေကြောင်း သိရသည်။
စစ်မှုထမ်းတာဝန် ပြီးဆုံးခဲ့သည့် လူငယ်တစ်ဦးကို အောက်တိုဘာ ၇ ရက်နေ့က Golden Plant Services Co., Ltd. အစီအစဉ်နဲ့ မလေးရှားနိုင်ငံကို အလုပ်လုပ်ကိုင်ရန် စတင်စေလွှတ်ပေးခဲ့ပြီး လက်ရှိတွင် လုပ်ငန်းခွင်ဝင်ရောက်နေပြီဖြစ်သည်ဟု စစ်ကော်မရှင် အလုပ်သမားဝန်ကြီးဌာနက ယနေ့အောက်တိုဘာ ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ဆက်လက်ပြီး ထိုင်းနိုင်ငံက ကုန်ထုတ်လုပ်ငန်းတွေအတွက် လူငယ် ၅ ဦးနဲ့ မလေးရှားနိုင်ငံက ကုန်ထုတ်လုပ်ငန်းတွေအတွက် လူငယ် ၅ ဦးတို့ကိုလည်း အမြန်ဆုံး စေလွှတ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေသည်ဟုလည်း သိရသည်။
အာဏာသိမ်းပြီး ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံအနှံ့ ခုခံစစ်နှင့် ရင်ဆိုင်နေရပြီး စစ်သားသစ် အကြီးအကျယ်စုဆောင်းနေသော စစ်တပ်က လူငယ်များ ပြည်ပထွက်ခွင့် ကန့်သတ်ထားချိန်တွင် ပြည်ပအလုပ်အကိုင်ရရှိရေး ကူညီခြင်းသည် စည်းရုံးရေးအစီအစဉ်တစ်ခုသာဖြစ်သည်ဟု မွန်ဒေသတွင်း လူငယ်မိခင်တစ်ဦးက မှတ်ချက်ပြုသည်။

အလုပ်အကိုင်အခွင့်လမ်းထက် ရှေ့တန်းစစ်မျက်နှာပြင်မှ အသက်ရှင်ရန်သာ လူငယ်များ ကြိုးပမ်းနေရကြောင်း သူမက ဆိုသည်။
“အသက်ရှင်လျက်ပြန်လာနိုင်အောင်ပဲ ဆုတောင်းရတာ၊ သင်တန်းဆင်းပြီးတာနဲ့ ခရီးဝေးရှေ့တန်းတန်းပို့တာ၊ တိုင်းပြည်ငြိမ်ချမ်းသွားရင်တော့ စစ်သားလိုအပ်ချက်တွေလျော့သွားမယ်၊ အခုချိန်မှာတော့ လိုအပ်ချက်မြင့်နေလို့ ရှာမရရင်အတင်းကြပ်ခေါ်မယ်၊ တရားဝင်အစိုးရရှိလာရင်တော့ ပြေလျော့သွားနိုင်မယ်” ဟု ၎င်းက ပြောသည်။
စစ်မှုထမ်းဥပဒေအရ အသက် ၁၈နှစ်မှ ၃၅နှစ်ကြား လူငယ်များကို နိုင်ငံအနှံ့ လိုက်လံ ဖမ်းဆီးပြီး သင်တန်းကျောင်းသို့ ပို့နေရာ အောက်တိုဘာ ၁၂ ရက်နေ့က သင်တန်းအပတ်စဉ် (၂၉ )အထိ ဖွင့်လှစ်နိုင်ခဲ့သည်။
စစ်မှုထမ်းတာဝန်ပြီးဆုံးသူများ အလုပ်အကိုင်အတွက် မိုးကြိုးလွှဲတပ်ဆင်တာ၊ လမ်းမီးတပ်ဆင်တာ၊ Earth Box တပ်ဆင်တာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လျှပ်စစ်ဆိုင်ရာ ထုတ်ကုန်တွေ ထုတ်လုပ်တဲ့ အလုပ်တွေကိုလည်း စိတ်ကြိုက်လျှောက်ထားနိုင်ကြောင်း စစ်တပ်တယ်လီဂရမ်မှ ထုတ်ပြန်ထားသည်။
စစ်တပ်မှ ဖော်ပြထားသည့် အလုပ်အကိုင်ခန့်အပ်ပေးနေသည့် ကုမ္ပဏီများ မြေပြင်တွင် အမှန်တကယ် ရှိမရှိ IMNA မှ အတည်မပြုနိုင်သေးပေ။
လက်ရှိတွင် မလေးရှား၊ထိုင်း၊တောင်ကိုရီးယားနဲ့ဂျပန်စသည့် ပြည်ပ အလုပ်အကိုင်အတွက် ဆန္ဒပြုထားသူ (၄၆)ဦးရှိပြီး ၎င်းတို့အတွက် ဆက်လက်ဆောင်ရွက်ပေးသွားရန်ရှိသည်ဟု အလုပ်သမားဝန်ကြီးဌာနမှ ဆိုသည်။
မွန်ပြည်နယ် စစ်မှုထမ်းအပတ်စဉ် (၁) တက်ရောက်ထားသူ လူငယ်တစ်ဦး၏ပြောကြားချက်အရ ရှေ့တန်းမှ အသက်ရှင် လွတ်မြောက်ရန် ကြိုးပမ်းနေရပြီး သင်တန်းပြီးဆုံးသူများ စစ်တပ်မှ ထပ်မံဆင့်ခေါ်ခံရမည်ကို စိုးရိမ်နေရကြောင်းလည်း သိရသည်။




