Homeသတင်းကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ကျေးရွာအနီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွား

ကြာအင်းဆိပ်ကြီးမြို့နယ် ပုလိန်ကျေးရွာအနီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွား

-

ကရင်ပြည်နယ်၊ ကြာအင်ဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ပုလိန်ကျေးရွာအနီးတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ၂ နာရီကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့၊ ညနေ ၅ နာရီအချိန်ခန့်မှ စတင်ပြီး ၇ နာရီအထိ လက်နက်ကြီး၊ လက်နယ်ငယ်ဖြင့် အပြန်အလှန်ပစ်ခတ်သံများ ကြားခဲ့ရသည်ဟု တံခွန်တိုင်ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။

“ညနေက လက်နက်ကြီးသံရော၊ အပြန်အလှန် ပစ်ခတ်သံတွေရော၊ ပုလိန်ဘက်မှာ ဗမာစစ်တပ်ဆင်းလာတယ်လို့ ဒီနေ့ သတင်းကြားတယ်။ ညနေပိုင်းရောက်တာနဲ့ ပစ်ခတ်သံတွေ ကြားလာရော။ အလုံးကြီးက တစ်ကြိမ်ကို ၃ လုံးလောက် ချသံ ကြားတယ်။ အလုံးကြီးသံ ကြားတာက ၁၀ လုံးအထက် ရှိမယ်” ဟု ဒေသခံက ဆိုသည်။

ပစ်ခတ်သံများကြောင့် ဘုရားသုံးဆူ-မုဒုံခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များက ကြာအင်းဆိပ်ကြီး-အဘစ်ကားလမ်းပိုင်းဘက်ကို ခရီးမဆက်ရဲတော့ဘဲ နီးစပ်ရာကျေးရွာများတွင် သောင်တင်နေကြသည်ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။

“လမ်းတွေမှာတော့ မွန်တပ်တွေရော၊ ကရင်တပ်တွေရော လှုပ်ရှားမှုတွေ တွေ့နေတော့ ဘုရားသုံးဆူ ကားတွေက အဲဘက်လမ်းကို မသွားရဲကြတော့ဘူးလေ။ အဲတော့ နီးစပ်ရာနေရာတွေမှာ ညအိပ်ဖို့ လုပ်ကြတယ်။ တစ်ချို့ကားတွေကလည်း ဟိုဝင်ရော်ဆိပ်ကြီးဘက်ကို ပြန်လှည့်သွားကြတယ်” ဟု ပြောသည်။

တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအများစုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များ စိုးမိုးထားပြီး တံခွန်တိုင်ကျေးရွာတွင် စစ်ကော်မရှင်၏ ဇီးဖြူကုန်းစခန်းတစ်ခု ရှိနေကြောင်း သိရသည်။

အဆိုပါ စခန်းအတွက် မုဒုံအခြေစိုက် အဘစ်တပ်ရင်းမှ တပ်သားပြောင်းလဲခြင်း၊ စားနပ်ရိက္ခာပို့ ဆောင်ခြင်းအတွက် အဘစ်-ပုလိန်-တံခွန်တိုင်လမ်းပိုင်းကို အသုံးပြုပြီး ဝင်ရောက်လေ့ရှိသည်ဟု သိရသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလလယ်ခန့်ကလည်း အဘစ်တပ်ရင်းမှ အင်အားရာချီရှိသည့် စစ်ကော်မရှင်စစ်ကြောင်းက အဘစ်-ပုလိန်လမ်းပိုင်းကို အသုံးပြုပြီး ဇီးဖြူကုန်းစခန်းသို့ တပ်အပြောင်းအလဲလုပ်ရန်း ဝင်ရောက်လာခဲ့သေးသည်။

အဆိုပါ စခန်းသို့ ဝင်ရောက်ရန် ကြိုးပမ်းစဉ်နှင့် ဝင်ရောက်သည့်နောက် အနီးတစ်ဝိုက်နေရာများသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာမှုလည်း ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts