Homeသတင်းရေကြီး၊ မြေပြိုမှုကြား စစ်ကြောင်းထိုးခံရသဖြင့် ထားဝယ်ဒေသခံအချို့ စစ်ဘေးထပ်ရှောင်နေရ

ရေကြီး၊ မြေပြိုမှုကြား စစ်ကြောင်းထိုးခံရသဖြင့် ထားဝယ်ဒေသခံအချို့ စစ်ဘေးထပ်ရှောင်နေရ

-

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှု ရင်ဆိုင်နေရစဉ် စစ်ကော်မရှင်စစ်တပ်၏ စစ်ကြောင်းထိုးမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ စစ်ဘေးပါ ထပ်မံတိမ်းရှောင်နေရကြောင်း မြေပြင် တော်လှန်ရေးတပ်ဖွဲ့မှ ပြောပြချက်အရ သိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို အခွင့်ကောင်းယူပြီး တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့်နယ်မြေကို ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။

အောက်တိုဘာလ ၃ ရက်နေ့မှစ၍ စစ်ကော်မရှင်စစ်တပ်က လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်များအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာသည့်အပြင် လက်နက်ကြီးနှင့် လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း ‌နည်းဗျူဟာ (၃၃)မှ ရဲဘော်စောဒါးကိုက ပြောသည်။

“သရက်‌ချောင်းမှာဆို စစ်ကြောင်းထိုးတာ ရပ်နေတယ်ဒါပေမဲ့ လက်နက်ကြီးရော လက်နက်ငယ်ရော ပစ်တယ် လောင်းလုံဘက်မှာဆို အင်အား ၂၀၀ နဲ့ ကဒက်ငယ်ရွာဘက်ကို စစ်ကြောင်းထိုးနေတာ တော်လှန်ရေး‌အဖွဲ့တွေ စိုးမိုးထားတဲ့နယ်မြေဘက်ကို ကယ်ဆယ်ရေးဖွဲ့နဲ့ လိုက်လိုက်ပြီးတော့ စစ်ကြောင်းထိုးတာနေတာပေါ့ သူတို့ကရေဘေးကိုအကြောင်းပြုပြီး နယ်မြေရှင်းလင်းဖို့စီစဉ်နေပါတယ်” နည်းဗျူဟာ (၃၃)မှ ရဲဘော်စောဒါးကိုက ပြောသည်။

ထို့ကြောင့် ရေကြီး၊ မြေပြိုမှုဒဏ်ကို ကြုံတွေနေရသည့် ကျေးရွာ ၁၂၀ ကျော်အနက်မှ ကျေးရွာ ၁၀ ရွာ ကျော်က စစ်ဘေးထပ်ရှောင်နေရကြောင်း သိရသည်။

လက်ရှိ ရေဘေးသင့်ပြည်သူအချို့ ဘေးလွတ်ရာ ကျေးရွာနှင့် ဥယျာဉ်ခြံ တောတောင်သို့ ရောက်ရှိနေကြောင်းလည်း သိရသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင် စစ်ကြောင်းနှင့် နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များနှင့် ပူပေါင်းတပ်ဖွဲ့များကြား နှစ်ဖက် ထိတွေ့ပစ်ခတ်မှု မဖြစ်စေရန် တပ်များ ယာယီနောက်ဆုတ်ထားသည်။

ရေဘေးကိုအကြောင်းပြု၍ စစ်ကြောင်းထိုးနေခြင်းသည် ပြည်သူအတွက် အထောက်အပံ့ဖြစ်မည်မဟုတ်ကြောင်းနှင့် အခြေအနေကို ပိုမိုဆိုးရွားစေကြောင်း ရဲဘော်စောဒါးကိုက ဆိုသည်။

“ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အချိန်မှာ သူတို့က အနောက်ကနေ ကာဗာယူပြီ လိုက်လာနေတယ်ပေါ့။ အခုလိုလုပ်နေတာက ပြည်သူတွေပဲ နစ်နာမယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ မရောက်ရှိသေးတဲ့ ရွာတွေလဲအများကြီးကျန်ရှိနေသေးတယ် အခုစစ်ကောင်စီလုပ်နေတဲ့ ပုံစံက ပြည်သူအတွက် ဘာမှအထောက်အပံဖြစ်မှာမဟုတ်ဘူး အခြေအနေကို ပိုဆိုးအောင်လုပ်နေတာ။ ”ဟု ၎င်း ဆိုသည်။

ကူညီကယ်ဆယ်ရေး လိုအပ်နေချိန်တွင် ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကော်မရှင်စစ်တပ်တို့အနေဖြင့် အပစ်အခတ်ရပ်စဲကြရန် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ချက်ဖြင့် တိုက်တွန်းတောင်းဆိုထားသည်။

ထားဝယ်ဒေသအတွင်းသို့ လူမှုကူညီရေးအဖွဲ့များအပြင် နိုင်ငံတစ်ဝန်းမှ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများက ယနေ့ထိ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောက်ရွက်နေဆဲဖြစ်ပြီး အကူအညီမရှိနိုင်သေးသည့် ကျေးရွာများစွာလည်း ကျန်ရှိနေသေးသည်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း ရေကြီးမြေပြိုမှုများကြောင့် ဒေသခံ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး နေအိမ် နှင့်အဆောက်အအုံများ ၃၀၀ ကျော် ပျက်စီးသည့်အပြင် ရေဘေးသင့်ပြည်သူများအတွက် သောက်သုံးရေနှင့် စားနပ်ရိက္ခာများ လိုအပ်ချက်ရှိနေဆဲ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts