Homeသတင်းရခိုင်စစ်မျက်နှာနှင့် စစ်ဦးကျိုးနေသည့် ၄၉၂၆ စစ်ဆင်ရေး

ရခိုင်စစ်မျက်နှာနှင့် စစ်ဦးကျိုးနေသည့် ၄၉၂၆ စစ်ဆင်ရေး

-

၄၉၂၆ စစ်ဆင်ရေး တစ်လပြည့်ချိန်တွင် စစ်တပ်က AA စခန်းများကို သိမ်းပိုက်နိုင်ခြင်းထက် ၎င်းတို့၏ ရှေ့တန်းကာကင်းနှင့် ခြေကုတ်နေရာများကိုပင် ပြန်လည်လက်လွှတ်နေရသည်။

စစ်တွေမြို့နယ်တွင် AA သည် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်း၊ တောကန်နှင့် ဝါဘိုကျွန်းဝန်းကျင်ရှိ စစ်တပ်၏ ရှေ့ထွက်ကာကင်းများကို တစ်ခုချင်းစီ ဖိအားပေးလာခဲ့ပြီး စက်တင်ဘာလကုန်တွင် တိုက်ပွဲပုံစံသည် AA က ခုခံစစ်မှ တန်ပြန်ထိုးစစ်ဘက်သို့ ရွှေ့လာသည်။

“ပုဏ္ဏားကျွန်း တိုက်စစ်က သူတို့ စစ်တွေမြို့သိမ်းတိုက်ပွဲကို သူတို့ဘာ သူတို့ ပုံဖော်လိုက်တဲ့ အနေအထားမျိုး သွားပြီးတော့ တွေ့ရတယ်” ဟု စစ်ရေးသုတေသီက မှတ်ချက်ပြုသည်။

စစ်တွေ-ပုဏ္ဏားကျွန်း အဓိကထိုးစစ်

၄၉၂၆ စစ်ဆင်ရေး၏ အဓိကစစ်မျက်နှာမှာ စစ်တွေမြို့နယ်မှ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ ဦးတည်သည့် စစ်မျက်နှာ ဖြစ်သည်။

စက်တင်ဘာ ၄ ရက်တွင် စစ်တပ်က မင်းချောင်းတံတား၊ ဝါဘိုကျွန်းနှင့် ရွှေမင်းဂံရေတပ်စခန်းဘက်တို့မှ အနည်းဆုံး လမ်းကြောင်း ၅ ခုခွဲ၍ စစ်သည်အင်အား ထောင်ချီကာ ချီတက်ခဲ့သည်။

သို့သော်လည်း အမြင့်ကျွန်းတံတားမှ ထိုးစစ်ဆင်သည့် စစ်ကြောင်းမှာ စက်တင်ဘာ ၄ ရက် စတင်သည့်နေ့တွင်ပင် အကျအဆုံးရှိပြီး အမြင့်ကျွန်းရွာဘက်သို့ ပြန်ဆုတ်ခဲ့ရသည်။ အမြင့်ကျွန်းတံတား (ဒေသအခေါ် မင်းချောင်းတံတား) သည် စစ်တွေ-ပုဏ္ဏားကျွန်ကားလမ်းမပေါ်တွင် တည်ရှိသော တံတားတစ်စင်း ဖြစ်သည်။

စက်တင်ဘာ ၄ ရက်မှ ၂၄ ရက်အထိ စစ်တွေ-ပုဏ္ဏားကျွန်းနယ်စပ်တွင် စစ်တပ်၏ ကာကင်းနှင့် ခြေကုတ်နေရာ အနည်းဆုံး ၉ ခုကို AA က သိမ်းပိုက်ခဲ့သည်။

စစ်တွေမြို့နယ်အတွင်း စစ်တပ်ကာကင်းစခန်း ၉ ခု၊ ကျောက်ဖြူတွင် စခန်းငယ်တစ်ခု၊ ပန်းတောင်းဘက်တွင် ထောက်ပို့ကာကင်းတစ်ခုနှင့် မင်းတုန်းဘက်တွင် စခန်းကြီးတစ်ခု ထပ်မံဆုံးရှုံးခဲ့ရသဖြင့် စက်တင်ဘာ ၂၄ ရက်ဝန်းကျင်အထိ စုစုပေါင်း ၁၂ နေရာထက်မနည်းကို မြန်မာစစ်တပ် လက်လွှတ်ခဲ့ရသည်။

ပုဏ္ဏားကျွန်း-စစ်တွေစစ်မျက်နှာတွင် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်းများ၊ တပ်မ ၂၂ လက်အောက်ခံ တပ်ရင်းများ၊ နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) လက်အောက်ခံ တပ်ရင်းများနှင့် ပြည်သူ့စစ်အင်အားများ ပါဝင်နေသည်ဟု စစ်သုံ့ပန်းများ၏ ထွက်ဆိုချက်နှင့် AA ၏ ထုတ်ပြန်ချက်များ အရ သိရသည်။

စစ်တွေ-ပုဏ္ဏားကျွန်းနယ်စပ်အပြင် ကျောက်ဖြူ-စနဲလမ်းကြောင်းတို့အပြင် ရခိုင်ရိုးမကို အရှေ့ဘက်မှ ဖြတ်ကျော်ရန် မကွေးတိုင်း မင်းတုန်း၊ ပဒါန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာဝတီတိုင်း ရေကြည်နှင့် သာပေါင်းဘက်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

AA ၏ ထုတ်ပြန်ချက်များနှင့်မြေပြင်သတင်းရင်းမြစ်များ၏ ပြောပြချက်အရ စစ်ဆင်ရေးသည် အနည်းဆုံး စစ်မျက်နှာ ၇ ခုခန့်အထိ ကျယ်ပြန့်ခဲ့သည်။

ထို့ကြောင့် စစ်ရေးအကဲခတ်များက ရခိုင်ပြည်နယ်နှင့် ရခိုင်ရိုးမအရှေ့ဘက်ခြမ်း ထိုးစစ်တစ်ခုလုံးကို “၄၉၂၆ စစ်ဆင်ရေး” ဟု ရည်ညွှန်းနေကြသည်။

မှန်းချက်နှင့် နှမ်းထွက်မကိုက်သော စစ်ဆင်ရေး

ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို ပြန်လည်ရယူရန် မြန်မာစစ်တပ်က စက်တင်ဘာ ၄ ရက် ညသန်းခေါင်မှ စတင်ခဲ့သည့် ထိုးစစ်သည် တစ်လပြည့်လာချိန်တွင် မူလရည်မှန်းချက် ဖြစ်သည့် နယ်မြေပြန်လည်သိမ်းပိုက်ရေးထက် စစ်ကြောင်းများ အထိနာပြီး နောက်ဆုတ်ရခြင်း၊ ခြေကုတ်စခန်းများ ဆုံးရှုံးရခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လာခြင်းတို့ဖြင့်သာ အဆုံးသတ်လာသည်။

စစ်တပ်ထောက်ခံသည့် လူမှုကွန်ရက်များတွင် “၄၉၂၆ စစ်ဆင်ရေး” ဟု အမည်ပေးထားသော်လည်း နေပြည်တော်ဘက်က ထိုအမည်ဖြင့် တရားဝင် ထုတ်ပြန်ထားခြင်း မတွေ့ရပေ။ အချို့သော တပ်တွင်းနှင့် စစ်ရေးအရင်းမြစ်များကမူ ယင်းစစ်ဆင်ရေး၏ အမည်မှာ “ရန်နိုင်အောင် စစ်ဆင်ရေး” ဖြစ်သည်ဟု ဆိုကြသည်။

စစ်တပ်အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း AA ထံ လက်လွှတ်ခဲ့ရသည့် ရခိုင်ပြည်နယ်၏ မြို့နယ်အများစုကို ပြန်လည်ရယူရန် တန်ပြန်ထိုးစစ်များကို ၂၀၂၅ ခုနှစ်ကတည်းက ပြင်ဆင်နေခဲ့ပြီး ၂၀၂၆ စက်တင်ဘာ ၄ ရက်တွင်မူ ယခင်ထက် အင်အားအလုံးအရင်းပိုမိုအသုံးပြုကာ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးအဖြစ် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်ခဲ့သည်။

စစ်တပ်၏ ရဲဘော်များကိုယ်တိုင်ပင် ရခိုင်စစ်မျက်နှာသို့ မလာဝံ့ကြပေ။ စက်တင်ဘာလအတွင်း စစ်တွေ-ပုဏ္ဏားကျွန်းတိုက်ပွဲ၊ ရခိုင်-မကွေးနယ်စပ်တိုက်ပွဲများတွင် အရှင်ဖမ်းမိသူများနှင့် သိမ်းဆည်းရမိသည့် လက်နက်များကို AA က ထုတ်ပြန်ထားသည်။

ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ (၂၅၂) တပ်ရင်းမှ စစ်သုံ့ပန်း တပ်သား အောင်ပြည့်စုံက “၁၅ ရက်နေ့ ကျနော်တို့ ဆင်းတယ်။ ၁၆ ရက်နေ့မှာ ကျနော်တို့ အဖမ်းခံရတယ်။ အဖမ်းခံရတဲ့အချိန်မှာ လက်နက်ခဲယမ်းတွေရတယ်။ ရတဲ့အချိန်မှာ ဟိုဘက်က အင်အားများတယ်ဆိုပြီးတော့ တပ်စိပ်မှူးက ပြေးတယ်။ ပြေးတဲ့အချိန်မှာ ကျနော်တို့ကို ထားခဲ့ပြီးတော့ လာခေါ်မယ်၊ ကျနော်တို့ကို စောင့်နေဆိုပြီး ထားခဲ့ချိန်မှာ ဖမ်းဆီးခံရတာပါ။ ညွှန်ကြားချက်ရှိတာက တွေ့ရင် ပစ်သတ်ပစ် ကလေး၊ လူကြီးမကျန် အကုန်ပစ်သတ်ပစ်။ နွားတွေ့ရင် နွားဆွဲ၊ ကြက်တွေ့ရင် ကြက်ဆွဲ၊ တွေ့ရင် တွေ့တဲ့ အကောင်ကို ဆွဲလို့ ပြောတယ်ဗျာ။ ကလေးက မကျန် အကုန်ပစ်သတ်ပစ်လို့ ညွှန်ကြားထားပါတယ်” ဟု ပြောဆိုထားသည်ကို စက်တင်ဘာလ ၂၀ ရက်နေ့ AA ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းအရ သိရသည်။

ရခိုင်တပြည်လုံးအတိုင်းအတာနှင့် ကြည့်လျှင်လည်း ပြည်နယ် ၁၇ မြို့နယ်အနက်၊ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့ပေါ်တို့ကိုသာ စစ်တပ်ထိန်းချုပ်ထားနိုင်သည်။

“မြို့ပြင်ကို ခြေတစ်လှမ်းကျွံတာနဲ့ စစ်တပ်နယ်မြေ မဟုတ်တော့ဘူး” ဟု စစ်တွေဒေသခံက ဆိုသည်။

မြေပြင်စစ်မျက်နှာများတွင် အထိနာလာသည်နှင့်အမျှ စစ်တပ်၏ လေကြောင်းအသုံးပြုမှုမှာ ပိုမိုတိုးလာသည်။ စစ်တပ်က စက်တင်ဘာလကုန်ပိုင်းတွင် စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောတို့ကို နေ့စဉ်နီးပါး ဗုံးကြဲနေပြီး သံတွဲနှင့် တောင်ကုတ်ရှိ အရပ်သားကျေးရွာများကိုလည်း နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေသည်။

စက်တင်ဘာ ၂၈ ရက်တွင် ကျောက်တော်မြို့ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့် ဖြစ်စဉ်တွင် အရပ်သား ၅၀ ကျော် သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့သည်။

မြေပြင်တွင် စစ်ကြောင်းများ မတိုးနိုင်သည့်အချိန်တိုင်း လေကြောင်းနှင့် အဝေးပစ်လက်နက်များကို ပိုမိုအားထားလာသည့် ပုံစံက ရခိုင်အရပ်သားများအတွက် အန္တရာယ်ကို တစ်ရက်ပြီး တစ်ရက် ပိုမိုကြီးမားစေခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts