Homeသတင်းစစ်တပ်လက်အောက်ခံအဖွဲ့ထံ ဖမ်းဆီးခံရသည့် မုဒုံ လူငယ်နှစ်ဦး သိန်း ၂၀၀ ပေးဆောင်ရ

စစ်တပ်လက်အောက်ခံအဖွဲ့ထံ ဖမ်းဆီးခံရသည့် မုဒုံ လူငယ်နှစ်ဦး သိန်း ၂၀၀ ပေးဆောင်ရ

-

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်-ကလော့သော့ လမ်းမတန်းတွင် ဒေသခံလူငယ်နှစ်ဦးကို စစ်တပ် လက်အောက်ခံအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကျပ် သိန်း ၂၀၀ ပေးဆောင်ခဲ့ရကြောင်း ကာယကံရှင်နှင့်နီးစပ်သူ မုဒုံဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

စက်တင်ဘာလ နောက်ဆုံးအပတ်က လက်နက်ကိုင်ဆောင်ထားပြီး အရပ်ဝတ်ဖြင့် အင်အား ၆ ဦးပါ စစ်တပ်အဖွဲ့သည် ကမာဝက်-ကလော့သော့လမ်းပိုင်း တစ်နေရာတွင် အသင့်စောင့်ဆိုင်းနေပြီး အလုပ်မှ ပြန်လာသည့် လူငယ်နှစ်ဦးအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့နောက် မိသားစုဝင်များက ချိန်းဆိုထားသည့် နေရာသို့ ငွေကြေး သိန်း ၂၀၀ အထိ သွားရောက်ပေးဆောင်ရကြောင်း ဆိုသည်။

“ လွန်ခဲ့တဲ့ နှစ်ရက်သုံးရက်လောက်ကတည်း ပြန်လွတ်လာပါပြီး။ သူတို့က ကလော့သော့နဲ့ ကမာဝက်ကို ထင်းခုတ်အပြီး အပြန်မှာ ၆ နာရီလောက်ပဲ ဖမ်းသွားတယ်။ တစ်နေရာမှာ ချိန်းဆိုပြီးတော့ ပြန်ရွေးတယ်။ ” ဟု မုဒုံဒေသခံက ပြောသည်။

အရပ်ဝတ်ဝတ်ဆင်ထားသည့် စစ်တပ်လက်အောက်ခံ ပျူစောထီး၊ နယ်လုံအဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့များသည် မုဒုံမြို့နယ်အတွင်း  ပုံစံအမျိုးမျိုးဖြင့် ဖမ်းဆီးငွေညှစ်မှုလုပ်ဆောင်နေပြီး နီးစပ်ရာတပ်စခန်းနှင့် ရဲစခန်းများတွင်  ငွေကြေးဖြင့် ရွေးရန်အကြောင်းကြားလေ့ရှိသည်။

“အဖွဲ့တွေက အများကြီးပါ၊ စစ်တပ်ရဲ့ပျူစောထီး လုံနယ်အဖွဲ့ ပြည်သူ့စစ် အများကြီးပါပဲ၊ အဲ့လိုလိုက်ဖမ်းတာမျိုးတော့ ရှိတယ်။ အမှန်ဆို အခုလိုအရပ်ဝတ် ဝတ်ထားရင် ခုခံတာတို့လုပ်နိုင်တယ်။ သူတို့က ပုံစံအမျိုးမျိုးနဲ့ ဖမ်းနေတာ။ လက်နက်တော့ပါနေတယ်။ ကားဆိုလည်း ပုံစံအမျိုးမျိုးနဲ့လာတယ်” ဟု၎င်းကပြောသည်။

ငွေကြေးပေးဆောင်နိုင်သည့် မိသားစုများကို ငွေညှစ်တောင်းခံသည့်အပြင် ပေးဆောင်နိုင်ခြင်းမရှိသူများကို စစ်မှုထမ်းသွတ်သွင်းသည့် နည်းလမ်းကို အသုံးပြုနေသဖြင့် ဒေသခံများ၏ မုဒုံဒေသခံများ၏ လုံခြုံရေးကို ခြိမ်းခြောက်လျှက်ရှိသည်။

ဖမ်းဆီးမှုများတွင် ကမာဝက်အခြေစိုက် (၂၀၉) တပ်ရင်း တာဝန်ခံများက ပါဝင်ပတ်သတ်နေသည်ဟုလည်း အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများက ပြောသည်။

ထို့အတူ သထုံမြို့နယ်၊ ပေါင်မြို့နယ်နှင့် ရေးမြို့နယ်တို့တွင်လည်း ဒေသန္တရအမိန့်ကြောင့် ဖမ်းဆီးအရေးယူခံရသူများ နေ့စဉ်နှင့်အမျှရှိနေပြီး ငွေကြေးပေးကာ ပြန်ရွေးထုတ်နိုင်သလို အချို့တွင် စစ်မှုထမ်းဆောင်နေရသည်။

ပုံ-IMNA 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts