ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဒါလီတံတားအနီးတစ်ဝိုက်နေရာများကို စစ်ကော်မရှင် စစ်ကြောင်းထိုးအဖွဲ့က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်နေသည်ဟု ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
တံတားအနီး ကင်းလှည့်သွားလာခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့၊ ည ၁၁ နာရီအချိန်တွင် လက်နက်ကြီးဖြင့် ၄ လုံးခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကြာအင်းဆိပ်ကြီး ဒေသခံတစ်ဦးက“ညက အဲဘက်မှာ လက်နက်ကြီးသံကြားတယ်။ ၄ ချက် လောက် ကျတာကြားမိတယ်။ အသံကတော့ တော်တော်ပြင်းတယ်။ ဒီလို လက်နက်ကြီးသံတွေ မကြားရတာ ကြာပြီ” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း ဒါလီတံတားတစ်ဝိုက်နှင့် ဇမိမြစ်တစ်လျှောက် ကျေးရွာများသို့ စစ်ကော်မရှင်က လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းမှု ဆက်တိုက်ရှိခဲ့သည်။
ယခု ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှုနှင့် ပျက်ဆီးဆုံးရှုံးမှုအခြေအနေကို လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနေဆဲဖြစ်သည်။
ဒါလီတံတားသည် ချောင်းနှစ်ခွ-သံပုရာ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူကားလမ်းပိုင်းတွင် တည်ရှိပြီး လမ်းပိုင်းတစ်လျှောက်ကို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA နှင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA က အမျာဆုံး ထိန်းချုပ်တပ်စွဲထားသည်။

လမ်းပိုင်းအား စစ်ကော်မရှင်တပ်ဖွဲ့ဝင်တို့က နယ်မြေရှင်းလင်းရန် မကြာခဏ ဝင်ရောက်လှုပ် ရှားလေ့ရှိသည်ဟု ဒေသတွင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“အဲဘက်က DKBA တပ်ဖွဲ့တွေပဲ တပ်စွဲထားတာ များတယ်။ စကစဘက်ကတော့ အမြဲမနေဘူး။ ဒါပေမဲ့ မကြာမကြာတော့ ကင်းပတ်တယ်။ စစ်မျက်နှာပြင်မဟုတ်တော့ တော်လှန်ရေးအဖွဲ့တွေက လည်း သိပ်မလှုပ်ရှားပါဘူး။ သူတို့ကင်းပတ်ရင်းနဲ့ ပစ်ခြောက်တာလည်း ဖြစ်နိုင်တယ်။ ဘယ်ကနေ ပစ်လာတာလဲဆိုတာကတော့ မသိသေးဘူး။ ချောင်းနှစ်ခွကနေလည်း ဖြစ်နိုင်တယ်။ ” ဟု ၎င်းက ပြောသည်။
ဒါလီတံတားရှိရာ ချောင်းနှစ်ခွ-သံပုရာ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူကားလမ်းပိုင်းသည် နယ်စပ် ကုန်စည်သယ်ယူပို့ဆောင်ခြင်းအပြင် စစ်ရေးအရလည်း အရေးပါသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။
အဆိုပါ လမ်းပိုင်းတွင် စစ်ကော်မရှင်အဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား မကြာခဏ စစ်ရေး တင်းမားမှုများ ရှိနေပြီး ထိတွေ့ပစ်ခတ်မှုများကလည်း မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေကြာအင်းဆိပ်ကြီး မြို့နယ်ရှိ ဒါလီတံတားကို တော်လှန်ရေးအင်အားစုများက စစ်ရေးလိုအပ်ချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက မိုင်းခွဲပြီး စစ်ကောင်စီ၏ ထောက်ပံပို့ဆောင်ရေးလမ်းကြောင်းကို ဖြတ်တောက်လိုက်သည်။
မိုင်းခွဲဖျက်ဆီးမှုကြောင့် အဆိုပါတံတားအား ယနေ့အထိ ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိဘဲ လမ်းလွှဲမှ ဖြတ်သန်းမောင်းနှင်နေရကြောင်းလည်း သိရသည်။




