Homeသတင်းသဘာဝဘေးဒဏ်သင့်နေသည့် သရက်ချောင်းမြို့နယ်ကို စစ်တပ်မှ ဗုံးကြဲ

သဘာဝဘေးဒဏ်သင့်နေသည့် သရက်ချောင်းမြို့နယ်ကို စစ်တပ်မှ ဗုံးကြဲ

-

ရေကြီး၊ မြေပြိုမှုများနှင့် ရင်ဆိုင်နေရသည့် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်းသို့ အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်းက စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စက်သေနတ်များဖြင့် ပစ်ခတ်သွားခဲ့ကြောင်း မြေပြင်တော်လှန်ရေး သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။

မြိတ်လေတပ်စခန်းဌာနချုပ်မှ တက်လာသည့် ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဆင်းကျန်း၊ လဘရွာ၊ ပိတိုင်ရွာအနီးတစ်ဝိုက်တွင် ပေါင် ၁၅၀ ဗုံး ၅ လုံး ကျဲချတိုက်ခိုက်ခဲ့သည်ဟု ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ မဟာမိတ်ဆက်ဆံရေးမှူး ကိုမင်းထက်က ဆိုသည်။

“ပိတိုင်ရွာ အနီးတစ်ဝိုက်ကို ကြဲတယ်။ ထိခိုက်မှုအခြေအနေကတော့ မကြားသိရပါဘူး၊ မြိတ်လေတပ်စခန်းဌာနချုပ်ကနေပြီးတော့ တက်လာတဲ့ ဂျက်ဖိုက်တာ နှစ်စီးနဲ့ ပေါင် ၁၅၀ ဗုံး K8W 250 lb cluster boom ၅ လုံးခန့်ကျဲချပါတယ်။ 23 mm cannon စက်သေနတ်နဲ့လည်း ပစ်ခတ်တယ်။ ”ဟု ၎င်းကပြောသည်။

အဆိုပါနေရာတွင် တော်လှန်ရေးအဖွဲ့နှင့် စစ်တပ်အကြား တိုက်ပွဲ မကြာခဏဖြစ်ပွားရာနေရာ ဖြစ်သော်လည်း လက်ရှိတွင် တစ်ဖက်နှင့်တစ်ဖက် စစ်ဆိုင်းထားသည့် အခြေအနေတွင် လာရောက်ကြဲချခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

လတ်တလော ရေကြီးမှုကြောင့် သရက်ချောင်းတွင် ပြည်သူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် တော်လှန်ရေးအဖွဲ့များလည်း တပ်များကိုဆုတ်ခွာပြီး ကယ်ဆယ်ရေးအဖွဲ့များအား လမ်းဖွင့်ပြီး ဝိုင်းဝန်းကူညီနေရသည်ဟု ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ မဟာမိတ်ဆက်ဆံရေးမှူး ကိုမင်းထက်က ဆိုသည်။

“ ကယ်ဆယ်ရေးအဖွဲ့တွေကို လမ်းဖွင့်ပေးထားတဲ့ အခြေအနေပါ၊ ကျနော်တို့ဘက်က တပ်တွေကို ပြန်ပြီးတော့ ဆုတ်ခွာဖို့ ပြည်သူရဲ့အခက်အခဲကို ဝိုင်းဝန်းဆောင်ရွက်နေတဲ့ အခြေအနေပေါ့၊ ပြန်လည်ထူထောင်ရေး နှစ်ချီမနည်းစလုပ်နေရတဲ့အခြေအနေမှာ လာကြဲသွားတဲ့ဟာက တော်တော်ကိုစဉ်းစားရခက်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဟု ဆိုသည်။

သရက်ချောင်းမြို့နယ်တွင် စက်တင်ဘာ ၂၇ ရက်၊ ၂၈ ရက်တို့တွင် ရေကြီးမှုကြောင့် ဒါဇင်နှင့်ချီသည့် ရပ်ကွက်၊ ကျေးရွာများတွင် အိမ်ခေါင်မိုးမြှုပ်သည်အထိ ရေနစ်မြုပ်ခဲ့သည့်အပြင် လူသေဆုံးမှုလည်း ရှိခဲ့သည်။

ယမန်နေ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ထားဝယ်ခရိုင် အရှေ့တောဒေသ ရေဝိုင်းရွာကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts