အာဏာသိမ်းစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် အရပ်သားပြည်သူ ၅၀ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ဒီဖြစ်စဥ်ကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအပါအဝင် အရပ်ဘက်အဖွဲ့အစည်းများက ရှုတ်ချကြသည်။
စက်တင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ကျောက်တော်မြို့ အိန္ဒိယစျေးနှင့် တံတားကို ဗုံးကြဲမှုကြောင့် ကိုယ်ဝန်ဆောင်နှင့် အမျိုးသမီးများ၊ ကလေးသူငယ်များအပါအဝင် အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး နောက်ထပ် ၆၀ ခန့် ဒဏ်ရာရရှိခဲ့သည်။

ရခိုင်နိုငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက “အကြမ်းဖက် ဖက်ဆစ်စစ်တပ်ဆိုတာကို ခိုင်မာအောင် သက်သေပြလိုက်တာပေါ့၊ ပြောစရာစကားတောင် မရှိတော့ပါဘူ” ဟု ပြောသည်။
ကျောက်တော်မြို့တွင် အရပ်သားများ အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်ခံခဲ့ရသည့် အခြေအနေကို ကုလသမဂ္ဂတွင် စက်တင်ဘာ ၂၉ ရက်နေ့က ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးနေ့အထိမ်းအမှတ်နှင့် မြှင့်တင်ရေးဆိုင်ရာ အထူးအစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြခဲ့သည်။
စစ်ပွဲဆိုင်ရာဥပဒေများသည် စာရွက်ပေါ်တွင်ရှိရုံသက်သက်အတွက်သာ ရည်ရွယ်သည်မဟုတ်ဘဲ အသက်များကို ကယ်တင်ရန် ပြဌာန်းကျင့်သုံးရမည်။ အရပ်သားများ သို့မဟုတ် အရပ်သားပိုင်ပစ္စည်းများကို ရည်ရွယ်တိုက်ခိုက်ခြင်းကို ခွင့်မပြုဟု အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ထုတ်ပြန်သည်။
ဗြိတိန်နိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Baroness Winterton က အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ လက်ခံနိုင်စရာမရှိဘဲ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် UK သံရုံးက ထုတ်ပြန်လာသည်။ အရပ်သားပြည်သူအားလုံးကို အကာအကွယ်ပေးရန်၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန် ဗြိတိန်အနေဖြင့် ပြတ်ပြတ်သားသားပြောကြားခဲ့သည်။
အလားတူ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ(UNHCR) မဟာမင်းကြီး ဖော်လ်ကာတာ့ခ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် တို့ကလည်း အပြင်းအထန်ရှုတ်ချခဲ့သည်။
“ဒီတိုက်ခိုက်မှုဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ အရပ် သားပြည်သူတွေ ကြုံတွေ့နေရတဲ့ အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေကို ပေါ်လွင်စေပါတယ်။အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ပိုလို့တောင် ဆိုးရွားပါတယ်။ ဒီလို အခြေအနေတွေဟာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သလို မြန်မာနိုင်ငံဟာ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေကြောင့် အကြီးအကျယ် ပျက်စီးဆိုးရွားနေရပြီး နိုင်ငံရဲ့ လူထုတစ်ရပ်လုံးဟာလည်း ကျယ်ပြန့်ထုထည်ကြီးမားတဲံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ခေါင်းပုံဖြတ် အနိုင်ကျင့်မှုတွေကို ရင်ဆိုင်ခံစားနေကြရတယ်” ဟု မစ္စတာ ဖော်လ်ကာတာ့ခ်က ထုတ်ပြန်ပြောဆိုထားသည်။
အာရက္ခတပ်တော် AA က မြန်မာစစ်တပ်သည် စစ်တွေ-ပုဏ္ဏားကျွန်းနယ်စပ်ကို စစ်ကြောင်းကြီး လေးကြောင်းချီကာ ထိုးစစ်ဆင်နေသော်လည်း စစ်ရှုံးနေသည့်အတွက် အရပ်သားများအပေါ် ရှုံးမဲမဲကာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်လာသည်။
ထိုကဲ့သို့ ကြီးမားပြီး စစ်ရာဇဝတ်မှုမြောက်သည့် တိုက်ခိုက်မှုကြီးတွင် အမိန့်ပေးသူ၊ အမိန့်ကိုမာခံ၍ ဗုံးကြဲသူ၊ ပါဝင်ပတ်သက်သူများနှင့် အဖွဲ့အစည်းတစ်ခုလုံးကို အထူးမှတ်တမ်းတင်ကာ မကြာခင်အချိန်အတွင်း ထိုက်တန်သည့် လက်တုံ့ပြန်မှုလုပ်ဆောင်မည်ဟု ကြေညာခဲ့သည်။
AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “သေဆုံးသွားခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ရခိုင်ပြည်သူ၊ ပြည်သားတွေအတွက် လက်တုံ့ပြန်သွားမှာ ဖြစ်ပါတယ်” ဟု မှတ်ချက်ပြုသည်။
မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ် ၁၇ မြို့နယ်ရှိသည့်အနက် ၁၄ မြို့နယ်လုံးကို AA က ထိန်းချုပ်ထားသည့်အတွက် ကြည်း၊ရေ၊ လေ စစ်ဆင်ကာ နယ်မြေစိုးမိုးရေးကြိုးပမ်းနေသည်။ သို့သော် စစ်ဆင်ရေးတိုင်း တပ်လန်၍ တိုးမပေါက်နိုင်ပေ။
ထို့ကြောင့် ရခိုင်ပြည်နယ်အနှံ့ မြောက်ဦး၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ဂွ၊ ကျောက်တော်၊ မင်းပြားနှင့် အမ်း မြို့နယ်တို့တွင်ဗုံးကြဲတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ပြီး အရပ်သားများသေဆုံးခဲ့ရသည်။
သို့သော်လည်း မြန်မာစစ်တပ်မှာ ကြီးမားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေသော်လည်း အရေးယူခံရမှုမှ ကင်းလွတ်ခွင့်ရနေသည်။



